1

2

4

5

Tuesday, November 29, 2011

တော်လှန်ရေးဆန်းစစ်ချက်နှင့် BARD O’NEILL’S FRAMEWORK

၂ဝ ရာစု ကာလတလျှောက်ဟာ စစ်ပွဲတွေနဲ့ ပြည့်လွှမ်း နေတဲ့ ရာစုနှစ်ကြီး တခုပါ။ ကမ္ဘာစစ်ကြီးတွေ၊ စစ်အေး တိုက်ပွဲတွေ၊ နယူးကလီးယား ထုတ်လုပ်အားပြိုင်မှုတွေ က နိုင်ငံတကာအဆင့်မှာ ဖြစ်ပွားနေခဲ့သလို၊ ကိုလိုနီနယ် ချဲ့စနစ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ၊ အာဏာရှင် စနစ် အသွင်အမျိုးမျိုးကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လှိုင်း လုံးကြီးတွေကနေ ပေါ်ထွက်လာခဲ့တဲ့ လူထုတော်လှန်ရေး တွေကလဲ နိုင်ငံပေါင်းများစွာမှာ ဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ် ပွဲကြီးတွေထဲမှာ လူပေါင်းများစွာရဲ့ သွေးတွေ မြေမှာကျခဲ့ ရပါတယ်။ လူသားတွေရဲ့ အသက်တွေဟာလဲ ပန်းပွင့်တွေ ပမာ တဖြုတ်ဖြုတ်နဲ့ ကြွေကျခဲ့ရပါတယ်။ စစ်ပွဲတွေကြောင့် မြေမှာကျ ခဲ့တဲ့ သွေးစက်တွေသာ ပေါင်းစုသွားပြီး သမုဒ္ဒရာထဲကို စီးဝင်သွားခဲ့မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာကြီးတွေဖြစ်တဲ့ ပစိ ဖိတ်၊ အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာကြီးတွေထဲက ပင်လယ်ရေတွေဟာ ရဲရဲများ နီနေလိမ့်လေမလားလို့ ဆိုရမလိုပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာစစ်ကြီးတွေနဲ့ အင်အားကြီးနိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေကတော့ ယနေ့ခေတ် အခြေအနေနဲ့ အချိန်ကာလ တခုမှာ ခေတ္တငုပ်လျှိုးနေပါပြီ။ ငြိမ်းချမ်းရေးလေ့လာသူတွေက ကမ္ဘာစစ်ကြီးတွေနဲ့ စစ်အေးတိုက်ပွဲလို အားပြိုင်မှုကြီးတွေ ထပ်ပြီး မ ပေါ်ပေါက်လာအောင် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာဖော်ထုတ်နေကြပါတယ်။ တပြိုင်နက်တည်းမှာပဲ စစ်ရေးလေ့လာ သူတွေကတော့ ထွက်ပေါ်နေတဲ့ ခြေလှမ်းတွေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အားပြိုင်မှုတွေကို အကဲခတ်စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလေ့လာသူတွေ၊ စစ်ရေးလေ့လာသူတွေ၊ ပဋ္ဋိပက္ခရေးရာ ကျွမ်းကျင်သူ ဆိုသူတွေကို ပကတိ အခြေအနေမှာ စိန်ခေါ်နေမှုတွေက ကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲတွေ မဟုတ်ပါဘူး။ နိုင်ငံတော်အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးတိုး တက်မှုမရှိပဲ Failed state ဖြစ်နေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့ အာဏာရှင် နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အင် အားကြီးနိုင်ငံတွေက ပါဝါဂိမ်းတွေ ဝင်ကစားကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေကြောင့် မူးယစ်ဆေးဝါး ကူးသန်းရောင်း ဝယ်မှု၊ လူကုန်ကူးမှုတွေစတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကလဲ ကြီးစိုးနေကြပါတယ်။ ရာဇဝတ် ဂိုဏ်းတွေကလဲ အသွင်အမျိုးမျိုးနဲ့ ပေါ်ထွက်နေပါတယ်။ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘဝအခြေအနေတွေကလဲ တနေ့တခြား ဆိုးရွားလာနေကြတယ်။ နိုင်ငံကို စွန့်ခွာထွက် ရသူတွေ၊ နိုင်ငံကနေ ထွက်ပြေးရသူတွေ ပိုပြီး များလာပါတယ်။ အဖိနှိပ်ခံပြည်သူတွေထဲကနေ ဖိနှိပ်သူတွေကို တော်လှန်ဖို့ ပေါက်ဖွား လာတဲ့ တော်လှန်ရေးတွေကလဲ ပန်းတိုင်နဲ့ မနီးပဲ ကြန့်ကြာမှုတွေ ရှိနေကြတယ်။ ဒီမိုကရေစီ ကနဦးအသွင်ကူးမှု စပြီးမှ ဒီမိုကရေစီ စနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု အဆင့်ကို မကူးပြောင်းနိုင်ပဲ ရှေ့မတိုး၊ နောက်မဆုတ် ဖြစ်နေတဲ့ နိုင်ငံတွေကလဲ ရှိနေတယ်။ နောက်ပြန်ဆွဲသွားပြီး အာဏာရှင်စနစ် ပြန်ဖြစ်သွားတဲ့ နိုင်ငံတွေကလဲ ရှိပြန်တယ်။ လူသားတွေရဲ့ ရှင်သန်ရပ်တည်ရမှုအပိုင်းမှာ မတူ ညီ ကွဲပြားမှုတွေကလဲ တစတစ ပိုကြီးထွားလာနေတယ်။

ကြန့်ကြာနေသော တော်လှန်ရေးများ
အခြေအနေ၊ အမျိုးမျိုးကြောင့် တော်လှန်ရေးကြန့်ကြာနေတဲ့ နိုင်ငံတွေမှာဆိုရင် တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုဟာ အာဏာ ရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှုဒဏ်တွေကို စက္ကန့်နဲ့အမျှ ခံစားနေကြရတယ်။ နံနက်မိုးလင်းတာနဲ့ စပြီးကြုံတွေ့ရတဲ့ ရေ၊ မီး ပြဿနာတွေ၊ ကူး သန်းသွားလာရေး ပြဿနာတွေ၊ ပညာရေး အခက်အခဲတွေ၊ ကျန်းမာရေး အခက်အခဲ၊ ပေါင်နှံရောင်းချငွေတိုးပေးရတဲ့ အခက်အ ခဲတွေ၊ စာရိတ္တပျက်စီးမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ လောင်းကစားဝိုင်းတွေ၊ စတာတွေဟာ ဘဝအကျိုးပေးတွေကြောင့် မဟုတ်ပဲ အာဏာရှင်စနစ်ဆိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ဒီနောက်ဆက်တွဲ ဆိုးကျိုးတွေကို လူထုကြီးတရပ်လုံး ခါးစည်းခံ နေကြရသလို တော်လှန်ရေးသမားတွေမှာလဲ အကျဉ်းထောင်တွေထဲမှာ ငရဲပြည်တမျှ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ခံစားနေကြရပြန်ပါ တယ်။

တော်လှန်ရေးတွေမှာ အချိန်တိုအတွင်း အောင်မြင်သွားတဲ့ တော်လှန်ရေးတွေရှိသလို၊ ဆယ်စုနှစ်ပေါင်းများစွာကြာမှ အောင်မြင်သွား တဲ့ တော်လှန်ရေးတွေ ရှိပါတယ်။ အောင်မြင်ဖို့ဆိုတာမှာ အခြေအနေ၊ အချိန်အခါ၊ နိုင်ငံရေး အခင်းအကျင်း၊ မဟာဗျူဟာ အားသာ ချက်၊ အဂါင်္ရပ်ပြည့်စုံမှု၊ ခေါင်းဆောင်မှုအရည်အချင်း စတာတွေပေါ်မှာ မူတည်တာ ဖြစ်တာကြောင့် မအောင်မြင်သေးခင်မှာ ခေါင်း ဆောင်မှု တခုတည်းကိုပဲ လက်ညှိုးထိုး အပြစ်ပုံချလို့ မရပါဘူး။ မဟာဗျူဟာ တခုတည်းကိုပဲ ပုံချပြီး အပြစ်ဆိုလို့ မရပါဘူး။ ကမ္ဘာ့နိုင်ငံ ရေး အခင်းအကျင်းတခုတည်းကိုပဲ လက်ကိုင်ထားပြီး တည်မှီ ဆုံးဖြတ်နေလို့လဲ မဖြစ်ပြန်ပါဘူး။ ဘက်ပေါင်းစုံ အားနည်းချက်တွေ ရှိနေနိုင်လို့ပဲ ဖြစ်ပါတယ်။

အားနည်းချက်တွေ ရှိတာဟာ အပြစ်ဆိုဖွယ်ရာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှိတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဆန်းစစ်မှု မရှိတာနဲ့ လိုအပ်တဲ့ ပြင်ဆင်ဖြည့်ဆည်းမှု မရှိဘူးဆိုရင်တော့ ဒါဟာ အပြစ်ဆိုဖွယ်ရာပဲ ဖြစ်ပါတယ်။ သင်္ချာပုစ္ဆာတွေကို မှားပြီးတွက်ထားလို့ စာ မေးပွဲကျထားတဲ့ နှစ်ကျကျောင်းသားတယောက်ဟာ ဒီတွက်နည်းတွေကိုပဲ တခါပြန်တွက်နေပြီး၊ အသစ်တက်လာတဲ့ ကျောင်းသား တွေကိုလဲ ငါက ကျောင်းတနှစ် ပိုနေဖူးတာကြောင့် ငါတွက်တာ မှန်တယ်ဆိုတဲ့ ပုံစံနဲ့ တွက်နည်းအမှားတွေပဲ လမ်းညွှန်ပေးနေမယ် ဆိုရင် ဒီကျောင်းသားရဲ့ အနာဂတ်နဲ့ သူပြောတာ ယုံပြီး လိုက်တွက်မိတဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ ဖြစ်ပါမယ်။ အမှန်တကယ် နှစ်ကျကျောင်းသား လုပ်သင့်တာကတော့ အသစ်တက်လာတဲ့ ကျောင်းသားတွေကို “ညီလေးတို့၊ ညီမလေးတို့ရေ။ အစ်ကိုတော့ ဒီပုစ္ဆာတွေကို ဒီလိုမှားတွက်မိတယ်။ ဒါကြောင့် စာမေးပွဲကျတာ။ အစ်ကို့တို့ စုပြီး တွက်နည်းအမှန်ကို အဖြေထုတ်ကြည့် ရအောင်။ ဆရာမကို သွားမေးကြည့်ရအောင်” ဆိုတာပဲ ဖြစ်သင့်ပါတယ်။ ဟန်ကိုယ့်ဖို့ ဆိုပြီး၊ တောပြောတောင်ပြောနဲ့ တွက်နည်းအ မှားကိုပဲ လက်ဆုပ်လက်ကိုင်ပြုထားတာတွေဟာ အနာဂတ်မှာ ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ပါဘူး။ စာသင်ခန်းရှေ့က ဆရာခုံမှာ ထိုင်နေတိုင်းလဲ ဆရာမဖြစ်ပါဘူး။ ကျောင်းသားတွေက ဆရာလို့ သတ်မှတ်မှ ဆရာဖြစ်ပါတယ်။ ခေါင်း ဆောင်လို့ ထိုင်အော်တိုင်းလဲ ခေါင်းဆောင်မဖြစ်ပါဘူး။ ခေါင်းဆောင်လို့ သတ်မှတ်သူရှိမှ ခေါင်းဆောင်ဖြစ်ပါတယ်။ ပွင့်လင်းမှုနဲ့ အခြေ အနေကို အမှန်အတိုင်း မြင်တတ်နိုင်မှုက ဆုံးဖြတ်ချက်ချမှတ်သူတွေအတွက် အရေးကြီးဆုံး အရည်အချင်းတွေပါ။

ဒါကြောင့် တော်လှန်ရေးတခုမှာ တော်လှန်ရေးသမားတွေဟာ ကိုယ်ဘာလဲ၊ ကိုယ်ဘယ်လဲ၊ တော်လှန်ရေး အခြေအနေက ဘယ်အ ဆင့်ကို ရောက်နေပြီလဲ ဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဆန်းစစ်ချက်တွေကနေ ထွက်ပေါ်လာတဲ့ လိုအပ်ချက်တွေကို ဖြည့် ဆည်းဖို့ လိုအပ်ပါတယ်။ ဘေးက ထိုင်ကြည့်နေသူတွေကလဲ ဘေးထိုင်ဘုပြောလုပ်နေတာထက် ဘယ်လိုအပ်ချက်မှာ ကိုယ်က ပါ ဝင်ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ လိုပါမယ်။ အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်သူတွေကို တော်လှန်တဲ့ တော်လှန်ရေးဆိုတာ လှေလှော်ပြိုင်ပွဲ ကျင်းပနေတာ မဟုတ်ပါဘူး။ နှစ်ဘက်အသင်း ဘောလုံးကန်နေတာ မဟုတ်ပါဘူး။ လေယာဉ် ကြီးတစင်း ပြန်ပေးဆွဲခံထားရတဲ့ အခြေအနေမျိုးပါ။ ပြန်ပေးသမားတွေကို ပြန်တိုက်ခိုက်ဖို့ ကြိုးပမ်းနေသူတွေကို ဝေဖန်ရင်း ကိုယ် ငုတ်တုတ်ထိုင်နေတာကပဲ သူတို့ကြောင့်လိုလို ပြောလိုက်၊ ပြန်ပေးသမားတွေကို ကြောက်ပြီး ပြုံးပြလိုက်၊ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး သီ ချင်းလေး နားထောင်လိုက် လုပ်နေလို့ မရပါဘူး။ ပြန်ပေးသမားတွေကို ပြန်ခုခံနေသူတွေမှာ အားနည်းချက်တွေ ရှိမှာလဲ အမှန်ပါပဲ။ ဘယ်လိုဖြည့် ဆည်းပေးမလဲ စဉ်းစားကြည့်ဖို့ လိုပါတယ်။ ပြန်ခုခံနေသူတွေကလဲ ပုံစံတမျိုးနဲ့ မရရင် အားနည်းချက်တွေကို ပြန်ဆန်း စစ်ဖို့ လိုပါမယ်။ သူများတွေ ဝေဖန်ထောက်ပြတဲ့အခါ ပြန်ဆန်းစစ်ပြီး မဟုတ်ရင် လျစ်လျူရှု၊ ဟုတ်နေရင်တော့ ပြင်သင့်ပါတယ်။ ဒါမှ လဲ တိုးတက်မှာပါ။ မျက်စိစုံမှိတ်၊ နားပိတ်ပြီး ခုန်ဆွခုန်ဆွ လုပ်နေလို့ မရပါ။

လေယာဉ်ပြန်ပေးဆွဲခံထားရတဲ့အခါ ခုခံမယ်ဆိုရင် လေယာဉ်နောက်ပိုင်းမှာ ခုခံနေသူတွေ ရှိဖို့သလို လေယာဉ်မှူးခန်းထဲကို ဘယ်လို ရအောင် ဝင်ပြီး လေယာဉ်မောင်းတံကို ကိုယ့်လက်ထဲ ရောက်အောင် ဘယ်လိုလုပ်မလဲ။ မြေပြင်နဲ့ ဆက်သွယ်မှုကို ဘယ်လိုပြန်ရ အောင်ယူပြီး လေယာဉ်ကြီးကို အထိအခိုက် အနည်းဆုံးနဲ့ မြေပေါ်ဆင်းနိုင်အောင် လုပ်မလဲဆိုတာတွေ ကြိုတင်တွက်ချက်ဖို့ လိုပါ တယ်။ ခုခံရေးပဲ ဦးစားပေးလုပ်တဲ့အခါ ထိန်းချုပ်ရေးက ကိုယ့်လက်ထဲမှာ မရှိတာကြောင့် နောက်ဆုံး လေယာဉ်ကြီး ပျက်ကျသွား တာမျိုးလဲ ရှိတတ်ပါတယ်။ ခုခံပြီး အရာမထင်တာတွေလဲ ရှိတတ်ပါတယ်။ ဘက်မျှဖို့ လိုပါတယ်။ ပြန်ပေးသမားတွေကို ဝိုင်းဖမ်းပြီး တ ရားစွဲတာတွေ ဘာတွေက ကြိုတွေးထားဖို့လိုပေမယ့် နောက်မှလုပ်ရမယ့် ကိစ္စတွေပါ။ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ပေါ်ကနေ ထိုင် ပြီး ဖုန်းလေးတဂွမ်ဂွမ်နဲ့ ပြန်ပေးသမားတွေကို တရားစွဲပေးနော်လို့ ထိုင်အော်နေလဲ ပြောရုံပဲ အဖတ်တင်မှာပါပဲ။ ကူပါ၊ ကယ်ပါဦး ပြော နေပြန်ရင်လဲ တိုက်လေယာဉ်တွေ ဘေးကဝန်းရံပြီး တက်လာပေးတာပဲ လုပ်လို့ ရမှာပါ။ ဘေးကနေတက်လာတဲ့ အခါမှာလဲ ဆက် သွယ်ရေးကိရိယာကနေတဆင့် ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းမှုတွေ၊ ဖိအားပေးမှုတွေပဲ လုပ်နိုင်မှာပါ။ ပြန်ပေးသမားတွေချည်းကိုပဲ သီး သန့်ပစ်ချလို့ ရသည်ကလဲ မဟုတ်၊ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ကြီးထဲ ဝင်လာလို့ကလဲ ရတာ မဟုတ်တာကြောင့် “ပြန်ပေးဆွဲခံ ထားရတဲ့ လူတွေကို သနားပါကြောင်း၊ ကိုယ်ချင်းစာပါကြောင်း” ပဲ ပြင်ပကနေ ပြောနိုင်မှာပါ။ ဒါကို ပြန်ပေးဆွဲခံထားရသူတွေထဲက ဖုန်းရှိတဲ့ လူတွေက “အဲဒီပြန်ပေးတွေလေ၊ ခုပဲ လူတယောက်ကို ရိုက်ပစ်လိုက်ပြန်ပြီ။ ခုပဲ ကိုယ်ဝန်ဆောင်ခရီးသည် မေ့လဲသွားပြီ။ ငါ တို့တွေမှာ စားစရာလဲ မရှိဘူးသိလား” လို့ ပြင်ပက လူကို ပြောလိုက်၊ ပြင်ပလူက “ဟုတ်လား။ ငါတို့ ကိုယ်ချင်းစာ သနားပါတယ်လို့ လေယာဉ်ပေါ်က လူတွေကို ပြောလိုက်ပါ” လို့ ပြန်ပြောတဲ့အခါ ဝမ်းသာအားရ ဖြစ်သွားပြီး “ဟေ့။ ငါတို့ဘေးမှာပါလာတဲ့ ဟိုလေ ယာဉ်က လူကလေ ငါတို့ကို သနားတယ်လို့ ပြောခိုင်းလိုက်တယ်” ဆိုပြီး ပြန်အော်ပြောပေးလိုက်နဲ့ လုပ်နေကြလို့ မရပါ။

ဒီကြားထဲ တခြားဘာလုပ်ရမလဲဆိုတာတွေ မစဉ်းစားတော့ပဲ လေယာဉ်မှူးအခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ပိုက်လော့ကို အမြန် လွှတ်ပေးပါလို့ ပြန်ပေးသမားတွေကို ပြောသူကပြော၊ လေယာဉ်အပြင်က ဝန်းရံလိုက်လာပေးတဲ့ တိုက်လေယာဉ်တွေကို လေယာဉ် မှူးထုတ်လာပေးဖို့ ပြောပေးပါဆိုပြီး ဖုန်းတလုံးနဲ့ အော်နေသူကအော် ဖြစ်တတ်ပြန်ပါတယ်။ ဒီလေယာဉ်မှူးရှိနေရင် ပြန်ပေးဆွဲထား ရမှာ အခက်အခဲရှိလို့ ကြိုးတုပ်ပိတ်လှောင်ထားကာမှ လှောင်ထားသူကို လွှတ်ပေးပါလို့ အော်နေတာဟာ လက်တွေ့နဲ့ အပ်စပ်မှု ရှိမရှိ သိဖို့ လိုပါတယ်။

ဒီကြားထဲ “မင်းတို့လဲ ငါတို့နဲ့အတူတူ လေယာဉ်မောင်းရမှာပါကွာ” ဆိုပြီး ပြန်ပေးသမားတွေက လေယာဉ်မောင်းခန်းထဲ ဝင်လာဖို့ ကမ်းလှမ်းတာနဲ့ပဲ ဘယ်ရောက်လို့ ဘယ်ဆိုက်မယ်မှန်းမသိတဲ့ လေယာဉ်ကို ပြန်ပေးသမားတွေနဲ့ အတူမောင်းဖို့ ဖင်တကြွကြွ ဖြစ်နေ တတ်သူတွေကလဲ ရှိပါသေးတယ်။ ပြုသင့်တဲ့ လုပ်ငန်းဆောင်တာတွေကတော့ လူတစုက ခုခံရေး လုပ်နေချိန်မှာ လူတစုက လေ ယာဉ်မှူးခန်းကို ပြန်စီးနင်းပြီး လေယာဉ်မောင်းတံကို လေယာဉ်မှူးလက်ထဲရောက်အောင် လုပ်ပေးဖို့၊ လိုအပ်တဲ့ ပြင်ပဆက်သွယ် မှုတွေနဲ့ လေယာဉ်မြေပြင်ဆင်းနိုင်ဖို့ အကူအညီတွေရယူဖို့ စတာတွေ ဖြစ်ပါတယ်။

လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှန်ကို ပကတိအတိုင်း သိနေပြီး လုပ်သင့်တဲ့အလုပ်တွေကို ဦးစားပေးစနစ်နဲ့ လုပ်ဖို့က တိုက်ပွဲ အောင်မြင်ရေးရဲ့ သော့ချက်ပါ။ ဒီလိုမဟုတ်ပဲ ဗျာများပြီး ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ်နဲ့ လူအင်အား၊ ငွေအင်အားတွေကို ဖြန့်ကျဲသုံးနေ ရင် ဘာမှာမှ မထိရောက်ပဲ အချိန်တွေကြာလာတဲ့အခါ လေယာဉ်ဆီကုန်လို့ပဲဖြစ်ဖြစ်၊ ပြန်ပေးသမားတွေရဲ့ စိတ်ဖောက်ပြန်မှု ပိုဆိုး သွားလို့ပဲဖြစ်ဖြစ် လေယာဉ်ကြီးတခုလုံး ပျက်ကျသွားနိုင်ပါတယ်။ ပြင်ပမှာ ပါလာတဲ့ တိုက်လေယာဉ်မှူးတွေကလဲ လေယာဉ်ပေါ်က လူတွေက သနားလွန်းလို့ ဝင်ကယ်ဖို့ လုပ်နေသူတွေချည်းပါလို့ ဘယ်သူမှ အာမမခံနိုင်ပါ။ ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းမှု တစုံတရာ ရ သွားပြီး၊ ဘယ်လိုအခြေအနေမျိုးတွေကို သဘောတူရင် လေယာဉ်ပေါ်က ခရီးသည်တွေကို လုပ်ချင်တာလုပ်လို့ ရတယ်။ သတ်ပစ်ချင် သူ သတ်ပစ်လိုက်လို့ရတယ်၊ မသိချင်ယောင် ဆောင်နေကြမယ်လို့ ဆိုသွားခဲ့ရင်ရော မခက်ပါဘူးလား။ ဒါတွေကို မတွက်ချက်ပဲ လေ ယာဉ်ပေါ်မှာ ပြန်ပေးဆွဲ ခံထားရသူတွေထဲက ဖုန်းရှိသူတွေဟာ ဖုန်းပြောရတာလေးတွေ၊ နှစ်သိမ့်ခံရတာလေးတွေ ခုံမင်ပြီး ဘာမှန်းမ သိတဲ့ ပြင်ပက မရေမရာ အခြေအနေပေါ်မှာ ပုံအပ်ထားကြတဲ့အခါ၊ လေယာဉ်တွင်းမှာ တကယ်ရှိနေသူတွေရဲ့ အင်အားကို မစုစည်း နိုင်ကြတော့တဲ့ အခါ၊ မရနိုင်တဲ့ တောင်းဆိုချက်တွေကို ထိုင်အော်တဲ့ အလုပ်ပဲ လုပ်နေကြတဲ့အခါ ကျရင် ဒီလေယာဉ်ကြီး ပျက်ကျဖို့ ရာခိုင်နှုန်း တော်တော်များနေပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် တော်လှန်ရေး ဆန်းစစ်ချက်နဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ဆည်းမှုဆိုတာတွေက အလွန်အရေးကြီးပါတယ်။ ကိုယ်တိုင် ပါဝင်နေတဲ့ တော်လှန်ရေးရဲ့ အခြေအနေတွေကို ဆန်းစစ်မှုပြုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ တခြားတော်လှန်ရေးတွေကို လေ့လာဆန်းစစ်ချက် ပြုတာမှာပဲဖြစ်ဖြစ် စနစ်တကျ ဆန်းစစ်ချက်ပြုလုပ်ဖို့ အတွက် လိုအပ်တဲ့ Framework တခုကို စစ်ရေးနဲ့ တော်လှန်ရေးစစ်ပွဲတွေကို လေ့လာသူ ပညာရှင် Dr. Bard O’Neill က ဖော်ထုတ်ပေးခဲ့ပါတယ်။

တကမ္ဘာလုံးက စစ်ဦးစီးတက္ကသိုလ်တွေနဲ့ စစ်မဟာဗျူဟာ လေ့လာရေး သင်တန်းတွေတိုင်းမှာ BARD O’NEILL’S FRAMEWORK ဆိုတာ မပါမဖြစ်တဲ့ သက်ရိုးညွှန်းတန်း သင်ခန်းစာ တခုပါ။ တော်လှန်ရေးလုပ်နေသူတွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတခုဖြစ် သလို၊ တော်လှန်ရေးကို နှိမ်နင်းသူတွေအတွက်ကလဲ ဒါကို သုံးပြီး တော်လှန်ရေး အားနည်းချက်ကို ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ကြ ပါတယ်။ တဘက်နဲ့ တဘက် ဂိမ်းကစားတဲ့အခါ တဘက်ရန်သူကို လျှော့တွက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတာဟာ အဆိုးဆုံး အား နည်းချက်ပါပဲ။ သူ့ဗျူဟာအခင်းအကျင်း၊ ကိုယ့်ဗျုဟာအခင်းအကျင်းကို သိအောင်အရင်လုပ်ပြီး ကိုယ့်ဘက်က ဟာကွက်တွေကို သူက ဘယ်ဗျူဟာသုံးပြီး ဆန်းစစ်သွားနိုင်တယ်၊ ဘယ်ဗျူဟာသုံးပြီး ချေမှုန်းသွားနိုင်တယ် ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ရင် ကိုယ့်ဘက်က ဟာကွက်တွေကို ကြိုဖြည့်ထားနိုင်ပါတယ်။

BARD O’NEILL’S FRAMEWORK
ဒီ Framework မှာ အရေးကြီးဆုံး အချက်ကတော့ တော်လှန်ရေးရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကို နားလည်ဖို့ တော်လှန်ရေးရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးသဘောသဘာဝကို နားလည်ဖို့ တော်လှန်ရေးရဲ့ ပန်းတိုင်၊ အခြေခံရပ်တည်ချက်၊ သုံးသပ်စဉ်းစားချက်၊ တော်လှန်ရေး ဗျူဟာတွေကို တိတိကျကျ သတ်မှတ်ဖော်ထုတ်ပြီး၊ နားလည်သိ ရှိနေဖို့ လိုပါတယ်။ အခုဖော်ပြမယ့် Framework ဟာ လေ့လာဆန်းစစ်သူတွေကို တော်လှန်ရေးရဲ့ ပန်းတိုင်၊ လမ်းကြောင်း၊ ဗျူဟာ ပိုင်းဆိုင်ရာတွေထဲက အားသားချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ထောက်ပြပေးရုံသာမက တော်လှန်ရေးတခုရဲ့ အောင်မြင်မှု ဖြစ်နိုင်ချေကိုပါ တွက်ချက်ပေးနိုင်ပါတယ်။

တော်လှန်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်သူတွေကို တော်လှန်တဲ့ အင်အားစုတွေအကြားက Political Struggle တခုပါ။ တော်လှန် တဲ့ အင်အားစုတွေဟာ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဝါဒဖြန့်ချိရေးနဲ့ လူထုလှုပ်ရှားမှု စတဲ့ နိုင်ငံရေး အရင်းအမြစ်တွေနဲ့ လက် နက်ကိုင်လှုပ်ရှားမှုတွေကို ပေါင်းစပ်အသုံးပြုပြီး၊ အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေး မျက်နှာစာတွေကို ဖျက်ဆီးတာ၊ ရပ်ဆိုင်းတာ၊ ပြောင်းလဲ တာတွေ ပြုလုပ်ကြပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအရင်းအမြစ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှု ပေါင်းစပ်အသုံးပြုမှုလို့ ဆိုထားပါတယ်။ လက်နက်ကိုင်လှုပ်ရှားမှုဆိုတာမှာ တောခိုပြီး ပုန်ကန်လှုပ်ရှားတာတွေအပြင် မြို့ပြပုန်ကန်မှုတွေလဲ ပါဝင်ပါတယ်။ ကမ္ဘာတဝှမ်းက တော်လှန်ရေးတွေမှာ လက်နက်ကိုင်လှုပ်ရှားမှု မပါပဲ အောင်မြင်သွားတဲ့ တော်လှန်ရေးတွေလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် လှုပ်ရှား မှုတွေကို လူထုတိုက်ပွဲပဲဖြစ်ရမယ်၊ လက်နက်ကိုင်လှုပ်ရှားမှုပဲ ဖြစ်ရမယ် စသဖြင့် ကန့်သတ်လို့တော့ မရပါဘူး။ တော်လှန်ရေး တခုမှာ ပန်းတိုင်က တိကျပြတ်သားရမယ်။ မဟာဗျူဟာက စနစ်တကျ ချမှတ်ရပါမယ်။ နည်းဗျူဟာပိုင်းကျတော့ အသုံးပြုလို့ ရနိုင်တဲ့ နည်း လမ်းမှန်သမျှကို အသုံးပြုနိုင်ရပါတယ်။ ဒီသဘောတရားကို သွေဖည်ပြီး ပန်းတိုင်ကျတော့ ဟိုလိုလို၊ ဒီလိုလိုနဲ့ မသဲမကွဲ၊ မဟာဗျူဟာ ကျတော့ ရှေ့တိုးမရ၊ နောက်ဆုတ်ခက်၊ နည်းဗျူဟာကျတော့ ဒါမှဒါ လုပ်လို့ အောင်ပွဲနဲ့ ဝေးသွားခဲ့တဲ့ တော်လှန်ရေးတွေ အများအ ပြားပါပဲ။ ဘာနဲ့ တူလဲဆိုတော့ ဘယ်ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတာလဲ မရေမရာ၊ ဘယ်လမ်းကြောင်းနဲ့ သွားမယ်ဆိုတာ ကလဲ မတိမကျနဲ့ လှေလှော်ရင်တော့ တက်ကို ဘယ်ဘက်မှာ မထားရဘူး။ ညာဘက်မှာပဲ ထားရမယ်လို့ ကန့်သတ်နေတာနဲ့ အတူတူ ပါပဲ။

နိုင်ငံရေးမျက်နှာစာဆိုရာမှာ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ယန္တရားကို ဆိုလိုပါတယ်။ ဒီယန္တရားမှာ မျက်နှာစာ လေးခုရှိပါတယ်။ နိုင်ငံရေး အသိုင်းအဝိုင်း၊ နိုင်ငံရေးစနစ်၊ အာဏာရှင်တွေနဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ အစိုးရရေးရာ ဆုံးဖြတ်ချက် တွေကို နေ့စဉ်နဲ့အမျှ ချမှတ်အကောင်အထည် ဖော်ပေးနေရသူတွေ ပါဝင်ပါတယ်။ နိုင်ငံရေးစနစ်ထဲမှာ တန်ဖိုး၊ စည်းမျဉ်းဥပဒေနဲ့ အုပ် ချုပ်ရေးယန္တရား ဖွဲ့စည်းထားပုံတွေ ပါဝင်ပါတယ်။ နိုင်ငံရေးစနစ်ဆိုတာမှာ ထုံးတမ်းစဉ်လာ အော်တိုကရေစီစနစ် (traditional aut ocracy)၊ ခေတ်မှီအော်တိုကရေစီစနစ် (Modernizing autocracy)၊ အာဏာရှင် စနစ် (authoritarian) နဲ့ Pluralistic စနစ်တွေ ပါဝင် ပါတယ်။

ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ဟာ မွေးရာပါအခွင့်အလမ်းနဲ့ ဘာသာရေးယုံကြည်မှုပေါ် မူတည်ပြီး အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်ဖြစ်ခွင့် အခွင့်အလမ်းကို တန်ဖိုးထားပါတယ်။ ဥပမာ- ဘုရင့်သားက ဘုရင်ဖြစ်ခွင့် ရှိတာမျိုးတွေ၊ နိုင်ငံရေးမိသားစုကနေ မွေးဖွားလာပြီး နိုင်ငံရေးထဲ ရောက်လာသူတွေအနေနဲ့ နိုင်ငံရေးလောကထဲမှာ အခွင့်အာဏာ ပိုရှိမှုတွေနဲ့ ဘာသာရေး ယုံကြည်ချက်အရ ဘာသာရေးခေါင်းဆောင်အနေနဲ့ နိုင်ငံရေးခေါင်းဆောင်ပါ ဖြစ်လာတာ မျိုးတွေ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ရဲ့ တန်ဖိုးတွေကတော့ ရေပေါ်ဆီဖြစ်မှုနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ ဖြစ်ပါတယ်။ ခေတ်မှီသော အော်တိုကရေစီ စနစ်မှာကျတော့ တန်ဖိုးထားမှုက နိုင်ငံတော်အာဏာကို တည်ဆောက်ရယူမှု ဖြစ်ပါတယ်။ အဲဒီမှာ မွေးရာပါ အခွင့်အလမ်း၊ ရေပေါ်ဆီ ဖြစ်မှုနဲ့ ဘာသာရေးခေါင်းဆောင်အနေအထားတွေကို အကြောင်းပြုပြီး နိုင်ငံတော်အုပ်ချုပ်ရေးအာဏာ တရားဝင်ဖြစ်အောင် လုပ်ဖို့နဲ့ အများပြည်သူတွေ အစိုးရထဲမှာ မပါဝင်လာနိုင်အောင် ထိန်းချုပ်ရေးတွေ ပါဝင်ပါတယ်။ အာဏာရှင်စနစ်မှာကျတော့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘဝတွေကို ထိန်းချုပ်နိုင်မှုကို တန်ဖိုးထားပါတယ်။ Pluralistic စနစ်မှာကျတော့ တဦးချင်း လွတ်လပ်ခွင့်၊ ညှိနှိုင်းဆောင်ရွက်မှု၊ အပေးအယူရှိမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စတာတွေကို တန်ဖိုးထားပြီး၊ ဒီတန်ဖိုးတွေကို ဒီမိုကရေစီ အစိုးရသဏ္ဍာန်နဲ့ အကောင်အထည်ဖော် ပြီးမြောက်စေပါတယ်။

နိုင်ငံရေးရဲ့ တတိယမျက်နှာစာကတော့ အုပ်ချုပ်သူတွေ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေ ဆိုတာမှာ အုပ်ချုပ်ရေးအာဏာကို အမိန့်ပေး ကျင့်သုံးသူတွေ ပါဝင်သလို၊ အာဏာကို အသက်ဝင်စေတဲ့ ဒေါက်တိုင်တွေလဲ ပါပါတယ်။ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုကနေ အုပ်ချုပ် နေသူတွေဟာ “လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်၊ တိုင်းပြည်တိုးတက်ရေးကို မဆောင်ကျဉ်းပေးနိုင်ဘူး၊ ပြည်သူလူထုကို ဖိနှိပ်နေ တယ်” ဆိုပြီး စဉ်းစားလာတဲ့အခါတွေကျရင် အာဏာဖီဆန်မှုနဲ့ ပုန်ကန်ခြားနားမှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။

နိုင်ငံရေးရဲ့ စတုတ္တ မျက်နှာစာကတော့ ပေါ်လစီမူဝါဒတွေ ဖြစ်ပါတယ်။ ဒီမူဝါဒတွေထဲမှာ အစိုးရရဲ့ ပန်းတိုင်တွေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စီမံချက်တွေ ပါဝင်ပါတယ်။ ဒီပေါ်လစီတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အသားအ ရောင်နဲ့ စီးပွားရေး ရပ်တည်မှုတွေမှာ မျှမျှတတ ရေးဆွဲထားခြင်းမရှိပဲ ခွဲခြားသတ်မှတ်ခံရတယ်လို့ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထု တွေထဲက လူထု လူတန်းစားတွေ၊ လူမျိုးစုတွေက ယုံကြည်လာတဲ့အခါ တော်လှန်ရေးတွေ စတင်ပေါက်ဖွားလာနိုင်ပါတယ်။

တော်လှန်ရေးတွေ ပေါ်ပေါက်လာတဲ့အခါ တော်လှန်ရေးအင်အားစုတွေ သဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးပညာရှင် တွေက တော်လှန်ရေးအင်အားစု အမျိုးအစားတွေကို ခုနစ်မျိုး ခွဲခြား ဖော်ပြခဲ့ပါတယ်။ ပထမလေးမျိုးဖြစ်တဲ့ anarchist, egalitarian, traditionalist,and pluralist သဏ္ဍာန်လေးမျိုးရဲ့ ပန်းတိုင်ကတော့ ရှိနေတဲ့ နိုင်ငံရေးစနစ်ကို လုံးဝ ပြောင်းလဲဖို့ ဖြစ်ပါတယ်။ Anarchist တွေရဲ့ ပန်းတိုင်ကတော့ institutionalized လုပ်ထားတဲ့ နိုင်ငံရေးအစီအမံတွေကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ Egalitarian တွေကတော့ distributional equality နဲ့ ဗဟိုထိန်းချုပ်မှု ဖွဲ့စည်းပုံကို အခြေခံပြီး လူမှုအဖွဲ့အစည်းကို ပြောင်းလဲနိုင်မယ့် နိုင်ငံရေး စ နစ်သစ်ကို အစားထိုးဖို့ ရည်ရွယ်ပါတယ်။ traditionalist တွေကတော့ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို အာဏာရှင်စနစ်နဲ့ စစ် တပ်၊ ဘာသာရေး အသိုင်းအဝိုင်း၊ ရေပေါ်ဆီ လူတန်းစားတွေ ထောက်ခံတဲ့ ခေါင်းဆောင်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ပါတယ်။ plur alist တွေကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ အပေးအယူရှိမှုတွေအပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါတယ်။ secessionists တွေကတော့ သူတို့နယ်မြေဒေသတွေကို တိုင်းပြည်ကနေ လုံးဝခွဲထွက်ပြီး သီးခြားနိုင်ငံတော်နဲ့ အစိုး ရတည်ထောင်ဖို့ ရည်ရွယ်ပါတယ်။ reformists ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ အခွင့်အလမ်းတွေ ရရှိဖို့ပဲ မူ တည်ပါတယ်။ preservationist တွေကတော့ တော်လှန်ရေး လုပ်နေပေမယ့် လက်ရှိအခြေအနေနဲ့ နိုင်ငံရေးစနစ် ဆက်ပြီး တည်ရှိ နေမှုကိုပဲ လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေတွေကနေ အကျိုးအမြတ် ရနေလို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတခုမှာ ဒီလိုတော်လှန်ရေးအင်အားစု အမျိုးအစားတွေ တခု (သို့မဟုတ်) တခုထက် မက ပါဝင်နိုင်ပါတယ်။ အမျိုးအစား တွေ ကွဲပြားလေလေ၊ ပန်းတိုင်နဲ့ ရည်မှန်းချက်တွေ ကွဲပြားလေလေ ဖြစ်ပါတယ်။ ညီညွတ်မှု တည်ဆောက်ရေးက အလွန်ခက်ခဲပါ တယ်။ ပန်းတိုင်တခုမှာ ညီညွတ်ရေးရဖို့ အချိန်ပေး တည်ဆောက်နေရတဲ့အတွက် တော်လှန်ရေးမှာ အင်အားတွေ စုစည်းပြီး အားမယူ နိုင်ပါဘူး။ အင်အားတွေ ဖြာထွက်နေတတ်ပါတယ်။ တော်လှန်ရေးမှာ အဲဒီလို အခြေအနေမျိုးတွေဖြစ်နေရင် အာဏာပိုင်တွေဘက်က မဟာဗျူဟာကျွမ်းကျင်သူတွေအတွက် အခွင့်အလမ်းပါပဲ။ အင်အားစုတွေကို စည်းရုံးသိမ်းသွင်းရန် လွယ်ကူသောအင်အားစု၊ အမြစ် ဖြတ် ချေမှုန်းရန် လိုအပ်သော အင်အားစု၊ ချေမှုန်းရန် မလိုအပ်ပဲ အလိုလို ပြိုကွဲသွားနိုင်သော အင်အားစု၊ နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေသောကြောင့် ပွဲပြီးအောင် မတိုက်ပဲထားနေမည့် အာဏာတည်မြဲရေးကို တဘက်တလမ်းမှ ထောက်ကူပေးနိုင်သော အင်အားစု စသည်ဖြင့် ခွဲခြားသတ်မှတ်ပြီး တော်လှန်ရေးကို ဖြိုခွဲချပစ်လေ့ရှိပါတယ်။ လူထုနဲ့ တော်လှန်ရေး ကို ကွင်းဆက်ဖြတ်ပစ်လေ့ ရှိပါတယ်။ ဒါကြောင့် အမျိုးအစားသဏ္ဍာန်နဲ့ ရည်မှန်းချက် ပန်းတိုင် ကွဲပြားတဲ့ တော်လှန်ရေးအင်အားစု တွေအကြားမှာ တပ်ပေါင်းစု ညီညွတ်ရေးလုပ်ငန်း လုပ်တာဟာ ရေပေါ်မှာ အရုပ်ရေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တော်လှန်ရေး လမ်းကြောင်းကို ချပြပြီး ချိတ်ဆက်လှုပ်ရှားမှုကနေ တဆင့် ကျစ်လျစ်အောင် တည်ဆောက်မှုအပိုင်းပဲ အမြင့်ဆုံးလုပ်လို့ရနိုင်ပါတယ်။

ညီညွတ်ရေးပဲ အာရုံစိုက် လုပ်နေတဲ့ တော်လှန်ရေးတွေ မအောင်မြင်ပဲ ကြန့်ကြာတတ်ပါတယ်။ တဘက်က ညီညွတ်ရေးရဖို့ ခေါင်း ဆောင်တွေ ဆွေးနွေးငြင်းခုံနေကြတုန်းမှာ တော်လှန်ရေးတကယ် လုပ်ရမယ့် အချိန်အခါ၊ အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံး သွားတတ်လို့ပဲ ဖြစ်ပါတယ်။ ချိတ်ဆက်လှုပ်ရှားမှုကို အကောင်အထည်ဖော်တာက အချိန်အခါနဲ့အညီ ချိန်ကိုက်လှုပ်ရှားမှု လုပ်နိုင်ပါ တယ်။ စစ်မဟာဗျူဟာအရတော့ ဒါကို အန်စီဒဗလျူ (Network centric Warfare) လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒီသဏ္ဍာန်ကနေ Effects- Based Operations (EBO) ဆိုတဲ့ လုပ်ဆောင်လိုက်တဲ့ လှုပ်ရှားမှုကနေ ထွက်ပေါ်လာမယ့် ရလာဒ်ကို ဦးစားပေးသော အော်ပရေးရှင်းတွေ အကောင်အထည် ဖော်နိုင်လာပါတယ်။ ညီညွတ်မှုကို နှုတ်ကတိတွေ၊ ကြေငြာချက်တွေ၊ ညီလာခံကြီးတွေနဲ့ ရယူ တာမဟုတ်ပဲ တော်လှန်ရေး လှုပ်ရှားမှု တခုချင်းဆီက ထွက်ပေါ်လာမယ့် အကျိုးရလဒ်ကို အခြေခံပြီး case by case အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှု ရယူခြင်းပါ။ အဲဒီကနေ တဆင့် ပူးပေါင်းဆောင်ရွက်လို့ ရလာတဲ့ အကျိုးရလဒ်တွေအတွက် ယုံကြည်မှု တည်ဆောက်မှု အဆင့်ကို ထပ်မံ တိုးတက်အောင် လုပ်ယူသွားလို့ ရနိုင်ပါတယ်။ တော်လှန်ရေးနဲ့ ညီညွတ်ရေးကို တပြိုင်တည်း အကောင်အထည် ဖော်ဆောင်သွားမှု ဖြစ်ပါတယ်။

ဒီလိုနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ အာဏာပိုင် ယန္တရားရဲ့ မျက်နှာစာလေးခုကို ဖယ်ရှားတိုက်ခိုက်တာ၊ အသွင်ပြောင်း ယူတာတွေ လုပ်ရပါမယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် နိုင်ငံရေးစစ်မျက်နှာနဲ့ စစ်ရေး စစ်မျက်နှာ နှစ်ခုကို ဖွင့်ရပါမယ်။ တချို့ကတော့ နိုင်ငံ ရေးစစ်မျက်နှာမှာ နိုင်ငံတကာပံ့ပိုးထောက်ကူမှုကို စစ်မျက်နှာတခုအနေနဲ့ ထည့်သွင်း ပြောဆိုတတ်ပါတယ်။ စစ်ရေးစစ်မျက်နှာမှာလဲ မြို့ပြပြောက်ကျားအသွင်နဲ့ အစိုးရအုပ်ချုပ်ရေးယန္တရားကို တတိတိ ဖြိုချမှုတွေ၊ တောတောင်လျှိုမြောင်မှာ လက်နက်လူသူ စုဆောင်း ပြီး ပြောက်ကျားပုန်ကန်မှုတွေကနေ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး အာဏာပိုင် တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုတွေ ဆိုပြီး လူ အင်အား၊ လက်နက်အင်အား၊ အခြေစိုက်စခန်း တည်နေရာ စတာတွေပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိ ရောက်တဲ့ အမိန့်ပေးစနစ်နဲ့ ထိန်းချုပ်မှုတွေ၊ logistics ရေးရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမှုတွေမှာ အမိန့် ပေးစနစ် ဖရိုဖရဲဖြစ်ရင် ဟန်ချက်ပျက်ပါတယ်။ ပစ်မှတ်ကို မထိရင် ကျည်ဆံ တတောင့်သုံးသုံး၊ အတောင့်တရာသုံသုံး အတူတူပဲ ဖြစ် တာမို့ ငွေအင်အား၊ လူအင်အားတွေ သုံးနိုင်ပေမယ့် အမိန့်ပေးစနစ် မကောင်းလို့ အင်အားကျဆင်းသွားတဲ့ တော်လှန်ရေးတွေ အများ ကြီးပါပဲ။

တော်လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးပန်းတိုင်တွေ ချမှတ်ပြီးတဲ့အခါ (သို့မဟုတ်) ရလဒ်အခြေပြု အော်ပရေးရှင်းတွေ အ ကောင်အထည်ဖော်မယ်လို့ စဉ်းစားပြီးတဲ့အခါ စစ်မျက်နှာတွေ ဖွင့်ပါတယ်။ ဒီလိုဖွင့်ကြပြီးတဲ့အခါမှာလဲ အောင်ပွဲရဖို့အတွက် ဘယ်လို မဟာဗျူဟာတွေ ချမှတ်မလဲ ဆိုတာက အရေးကြီးပါတယ်။ မဟာဗျူဟာ မဲ့နေတဲ့ တော်လှန်ရေးတခုဟာ တောင်ယိမ်းမြောက်ယိမ်း၊ ရှေ့ယိမ်း၊ နောက်ယိမ်းနဲ့ လမ်းလျှောက်ရင်း လမ်းပျောက်သလို ဖြစ်နေတတ်ပါတယ်။ မဟာဗျူဟာဆိုတာက လှုပ်ရှားမှုကို ကြိုးကိုင် ပေးနိုင်တဲ့ လမ်းညွန်ချက်တွေပဲ ဖြစ်ပါတယ်။ Dr. Bard O’Neill ရဲ့ Framework ထဲမှာ မဟာဗျူဟာ လေးမျိုးကို ဖော်ပြထားပါတယ်။ ပထမ မဟာဗျူဟာက conspiratorial strategy ဖြစ်ပါတယ်။ သေးငယ်၊ လျှို့ဝှက်ပြီး စည်းကမ်းနဲ့ စနစ်တကျရှိတဲ့ အုပ်စုငယ်လေး တခုကို အသုံးပြုပြီး နိုင်ငံတော်အာဏာကို သိမ်းယူတာဖြစ်ပါတယ်။ ပဋ္ဋိပက္ခဖြစ်မှု၊ ထိပ်တိုက်ရင်ဆိုင်ရမှုတွေ နည်းပါးပါတယ်။ စစ်အာ ဏာရှင် နိုင်ငံတွေမှာ တပ်တွင်းအာဏာပြန်သိမ်းပြီးမှ အာဏာသိမ်းအစိုးရသစ်က အတိုက်အခံတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ အကောင် အထည်ဖော်တတ်တာတွေ ရှိပါတယ်။ သွေးထွက်နည်းစေတဲ့ တော်လှန်ရေး မဟာဗျူဟာ တရပ်ပါ။

နောက်ထပ် မဟာဗျူဟာ တမျိုးကတော့ protracted popular war strategy ဖြစ်ပါတယ်။ ဒီမဟာဗျူဟာက လူထုထောက်ခံမှုကနေ တော်လှန်ရေးစစ်ပွဲဆီကို ဦးတည်စေပါတယ်။ ဒီမဟာဗျူဟာမှာ အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ဖြစ်တဲ့ strategic defensive မှာ တော်လှန်ရေးသမားတွေဟာ လူထုထောက်ခံမှု ရယူခြင်း၊ အဖွဲ့အစည်းများ တည်ထောင်ခြင်း၊ ရန်သူချေမှုန်းရေးစတင်ခြင်းနဲ့ လှုပ် ရှားမှု ခိုင်မာအောင် တည်ဆောက်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ strategic stalemate ကတော့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲပြီး အစိုးရကို တော်လှန်တာ ဖြစ်ပါတယ်။ အောင်ပွဲတွေ၊ အဖွဲ့အစည်း တိုးချဲ့မှုတွေ၊ အခြေစိုက်စခန်း တည် ဆောက်မှုတွေ၊ လေ့ကျင့်သင်တန်းပေးမှုတွေ ပြုလုပ်တာကြောင့် ကြာရှည်တည်ဆောက်ရတဲ့ အဆင့်တခုပါ။ အဲဒီကနေမှ strategic offensive အဆင့်ကို တက်ပါတယ်။ ဒီအဆင့်မှာ တော်လှန်ရေးအင်အားစုတွေက open war ဆင်နွှဲတာ ဖြစ်ပြီး နိုင်ငံရေး ဦးတည် ချက်ကတော့ အုပ်ချုပ်နေတဲ့ အစိုးရယန္တရားကို ဖြုတ်ချပြီး အစားထိုးတာဖြစ်ပါတယ်။ စစ်ရေးဦးတည်ချက်ကတော့ တဘက်ရန်သူရဲ့ စစ်တပ်တွေကို ချေမှုန်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကို မော်စီတုန်းက ကျင့်သုံးဖော်ဆောင်ခဲ့တာဖြစ်ပြီး အဆုံးသတ်အောင်ပွဲကို ရ ရှိခဲ့ပါတယ်။

နောက်ထပ် မဟာဗျူဟာ တခုကတော့ military-focus strategy ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကတော့ စစ်ရေးအရ ချေမှုန်း တိုက်ပွဲဝင် နိုင်ရေးကိုပဲ ဦးစားပေးပါတယ်။ protracted popular war strategy နဲ့ မတူညီတဲ့အချက်ကတော့ လူထုထောက်ခံမှုရဖို့ စနစ်တကျ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုမရှိပါဘူး။ လက်ရှိထောက်ခံမှုဟာ လုံလောက်ပြီလို့ ယူဆပြီး၊ စစ်မြေပြင်မှာ အောင်ပွဲရရေးကိုပဲ ဦး တည်ဆောင်ရွက်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်တုန်းက Confederacy က ဒီမဟာဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။ နောက်ထပ် မ ဟာဗျူဟာ တခုကတော့ urban-warfare strategy ဖြစ်ပါတယ်။ မြို့ပြမှာ ပြောက်ကျားလှုပ်ရှားမှုတွေ၊ ပုန်ကန်ခြားနားမှုတွေနဲ့ အစိုးရ ယန္တရားကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအများစုမှာ တော်လှန်ရေးသမားတွေဟာ ဒီမဟာဗျူဟာလေးခုလုံးကို ပေါင်းစပ် အကောင်အထည် ဖော်လေ့ရှိကြပါတယ်။ အပျော့အမာလိုင်း၊ အအေး အပူလိုင်းတွေ ကွာခြားပေမယ့် ပေါင်းစပ်နိုင်မှုကတော့ အရေးကြီးပါတယ်။

အခုဆက်လက်ပြီး တော်လှန်ရေးအောင်ပွဲ သော့ချက်များကို တင်ပြပါမယ်

တော်လှန်ရေး အောင်ပွဲ၏ သော့ချက်များ
Bard O’Neill ရဲ့ Framework မှာ တော်လှန်ရေး အောင်ပွဲကို ဆန်းစစ်နိုင်မယ့် သော့ချက် ခြောက်ချက်ကို ဖော်ပြထားပါတယ်။ လူ တယောက်ကိုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတရပ်ကိုပဲဖြစ်ဖြစ်၊ တော်လှန်ရေးတခုကိုပဲဖြစ်ဖြစ် အောင်မြင်နိုင်မယ့် ရာခိုင်နှုန်းကို ဆန်းစစ်နိုင် မယ့် စံနှုန်းစံထားတွေ၊ တွက်ချက်တိုင်းတာမှုတွေ ရှိပါတယ်။ ဒါတွေကို အသုံးပြုပြီး ဆန်းစစ်လေ့လာလို့ ရပါတယ်။ အလုပ်လုပ်နေ တိုင်း ထိရောက်မှု ရှိနေတာ မဟုတ်ပါဘူး။ ထိရောက်နိုင်တဲ့ အလုပ်တွေကိုလုပ်မှ ထိရောက်တာ ဖြစ်ပါတယ်။ သင်ရိုးစာအုပ်တခုလုံးကို အာဂုံဆောင်ထားတဲ့ ကျောင်းသားတိုင်း စာမေးပွဲအောင်မယ်လို့ မဆိုနိုင်ပါဘူး။ စာမေးပွဲကို အောင်မြင်အောင် ဖြေတတ်မှ စာမေးပွဲ အောင်ပါမယ်။ အင်္ဂလိပ်- မြန်မာ အဘိဓာန်ကြီးကို အလွတ်ကျက်နေသူတွေလဲ တွေ့ဖူးပါတယ်။ အကျိုးမရှိမဟုတ်ပါ။ တစုံတရာတော့ အကျိုးရှိပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတကာကကျင်းပတဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေကို ဝင်ဖြေရင်တော့ မအောင်ဖို့က များပါတယ်။ အ ချိန်ကုန်၊ လူပမ်းရုံပဲ ရှိမှာပါ။ တကယ်အရေးကြီးတဲ့ အခြေအနေနဲ့ အချိန်အခါတခုမှာ ဘာကိုလုပ်သင့်သလဲ၊ ဘာကိုဦးစားပေးသင့် သ လဲဆိုတာ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်လှပါတယ်။ ကိုယ်လုပ်နေတာတွေ ထိရောက်မှုရှိမရှိ သိနိုင်ဖို့ ပြန်လည်ဆန်းစစ်ချက် လိုအပ်ပါ တယ်။ Bard O’Neil ရဲ့ သော့ချက် ခြောက်ချက်ဟာ ကမ္ဘာတဝှမ်းများ အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာဆန်းစစ်ပြီး အ နှစ်သာရတွေကို ပြန်လည်စုစည်း ပေးထားတာ ဖြစ်တဲ့အတွက် တော်လှန်ရေးတရပ်ရဲ့ နိုင်ငံရေး ထိရောက်မှုနဲ့ မဟာဗျူဟာ ထိရောက် မှုတွေကို ပြန်လည်ဆန်းစစ် အကဲဖြတ်ရာမှာ အသုံးဝင်တဲ့ စံညွှန်းတွေပဲ ဖြစ်ပါတယ်။

(၁) လူထုထောက်ခံမှု
တော်လှန်ရေးတခု အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိနေလား၊ မရှိနေဘူးလား ဆိုတာ ဆန်းစစ်တဲ့အခါ တော်လှန်ရေးနဲ့ လူထုကြီးနဲ့ ဘယ်လောက်အထိ နီးကပ်မှု ရှိနေလဲ ဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဘယ်တော်လှန်ရေးခေါင်းဆောင်မဆို ပထမဆုံးစဉ်းစားရ မယ့် အချက်က လူထုထောက်ခံမှုကို ဘယ်လိုရအောင်ယူမလဲ ဆိုတာပါပဲ။ အာဏာပိုင်အစိုးရဘက်မှာ စစ်တပ်၊ ရဲ၊ ဒေါက်တိုင်အင် အားစု၊ သတင်းပေးတွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို လိုသလို အသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒီအားသာချက်တွေကို ပါဝါချိန်ခွင်တဘက်ကနေ ထိန်းညှိနိုင်ဖို့က လူထုထောက်ခံမှုပဲ ဖြစ်ပါတယ်။ လူထုထောက်ခံမှု ဆိုရာမှာ လူထုထောက်ခံမှု အမျိုးအစား တွေ၊ ပညာရှင်တွေနဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍတွေနဲ့ လူထုထောက်ခံမှု ရဖို့အတွက် တော်လှန်ရေးသမားတွေ အသုံးပြုရမယ့် နည်းလမ်းတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

လူထုထောက်ခံမှု အမျိုးအစားမှာ တိုက်ရိုက်ထောက်ခံမှုနဲ့ သွယ်ဝိုက်ထောက်ခံမှုဆိုပြီး အမျိုးအစားနှစ်မျိုး ရှိပါတယ်။ တိုက်ရိုက် ထောက်ခံသူတွေက တော်လှန်ရေးအတွက်ဆိုရင် အသက်တွေ၊ ဘဝတွေနဲ့ ရင်းပြီး စွန့်စားဖို့အထိ အဆင်သင့် ရှိနေသူတွေဖြစ်ပါ တယ်။ သူတို့တွေဟာ တော်လှန်ရေးအတွက် လိုအပ်မယ့် ထောက်လှမ်းရေးသတင်း အချက်အလက်တွေ၊ တော်လှန်ရေးသမားတွေ ပုန်းခိုနိုင်ဖို့ ဝပ်ကျင်းတွေ၊ ထောက်ပံ့ကြေးတွေ၊ မြေအောက်လှုပ်ရှားမှု နေရာထိုင်ခင်းတွေကို ပံ့ပိုးပေးတတ်ပါတယ်။ တခါတရံမှာ တော် လှန်ရေးသမားအချင်းချင်း ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် ဆက်သားတာဝန်တွေကို ထမ်းဆောင်ပေးတတ်ပါတယ်။ သွယ်ဝိုက် ထောက်ခံသူတွေကတော့ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်နဲ့ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေ၊ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ကိုယ်ချင်းစာနာပြီး တော်လှန်ရေးကို စိတ်ထဲက ထောက်ခံနေသူတွေဖြစ်ပါတယ်။ သူတို့တတွေဟာ တော်လှန်ရေးကို တိုက်ရိုက်ပံ့ပိုးမှု မရှိပေမယ့် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလဲ တတ်နိုင်သမျှ ငြင်းဆန်လေ့ရှိပါတယ်။

ဒီလိုတိုက်ရိုက်ထောက်ခံသူတွေနဲ့ သွယ်ဝိုက်ထောက်ခံသူတွေ တော်လှန်ရေးနဲ့အတူ ရှိနေတာဟာ အာဏာပိုင်တွေရဲ့ တော်လှန်ရေး ဖြိုခွင်းမှုတွေကို ထိရောက်မှုမရှိအောင် တားဆီးနိုင်ပါတယ်။ တော်လှန်ရေးတရပ်မှာ တိုက်ရိုက်ထောက်ခံမှုကော၊ သွယ်ဝိုက်ထောက်ခံ မှုပါ အရေးကြီးတယ်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တိုက်ရိုက်ထောက်ခံမှုမရှိသေးပဲ သွယ်ဝိုက်ထောက်ခံနေသူတွေကို တော်လှန်ရေးသမားတွေက မစော်ကားမိစေဖို့ အထူးသတိထားရပါလိမ့်မယ်။ လူထုထောက်ခံမှုဆိုတာ စည်းရုံးရေးနဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ပြီး ရယူရတာ ဖြစ်ပါတယ်။ အတင်းအကြပ်ထောက်ခံမှု ယူလို့ရတာမျိုး မဟုတ် ပါ။ လူထုရဲ့ တိုက်ရိုက်ထောက်ခံမှု၊ သွယ်ဝိုက်ထောက်ခံမှုတွေ ရရှိဖို့နဲ့ တော်လှန်ရေးသမားအဖြစ် တက်တက်ကြွကြွ ပါဝင်လာဖို့အ တွက် လူ့အဖွဲ့အစည်းထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေ၊ အမြင်သဘောထားတွေ၊ စိတ်ခံစားမှုတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးသမားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ အယူအဆတွေ၊ ဘဝအမြင်တွေ၊ ရည်မှန်း ချက်တွေကို လေ့လာဖို့လဲ လိုအပ်ပါတယ်။

တော်လှန်ရေးမှာ ပညာရှင်တွေနဲ့ အများပြည်သူတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးတဲ့ အချက်တွေဖြစ်တာမို့ တော်လှန်ရေး အတွက် စည်းရုံးမှုမှာ intelligentsia နဲ့ masses ဆိုပြီး နှစ်ပိုင်းခွဲ စည်းရုံးဖို့ လိုအပ်ပါတယ်။ ကမ္ဘာတဝှမ်းက တော်လှန်ရေးတွေမှာ တော်လှန်ရေးသမားတွေဟာ တက္ကသိုလ်ကျောင်းသားတွေနဲ့ အစိုးရယန္တရားအတွင်းက အလယ်အလတ် ရာထူးအဆင့်ရှိသူတွေကို intelligentsia အခန်းကဏ္ဍအနေနဲ့ စည်းရုံးလေ့ရှိကြပါတယ်။ သူတို့တတွေဟာ တော်လှန်ရေး ခေါင်းဆောင်တွေကို မဟာဗျူဟာ အ မြင်၊ အဖွဲ့အစည်းရေးရာ အတွေ့အကြုံနဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးနိုင်သူတွေ ဖြစ်တာမို့ သီးခြားပရောဂျက်နဲ့ စနစ် တကျ စည်းရုံးသိမ်းသွင်းမှု လုပ်ဖို့ လိုအပ်ပါတယ်။ Masses ဆိုတဲ့ အများပြည်သူတွေကို စည်းရုံးတဲ့အခါမှာလဲ တော်လှန်ရေးသမား တွေအနေနဲ့ စနစ်တကျ လှေကားချပြီး စည်းရုံးဖို့ လိုပါတယ်။ လူထုရဲ့ နိုင်ငံရေးရေချိန်ပေါ် မူတည်ပြီး အချိန်အခါနဲ့အညီ ချိန်ကိုက် လှုပ်ရှားဖို့ လိုအပ်ပါတယ်။ လူထုထောက်ခံမှု ရရှိဖို့နဲ့ တော်လှန်ရေးသမားတွေ ပေါ်ထွက်လာဖို့ စည်းရုံးလှုပ်ရှားမှုတွေမှာ နည်းလမ်း အမျိုးမျိုး ရှိပေမယ့် အောင်ပွဲအတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းခြောက်ခုရှိပါတယ်။

Charismatic attraction ဆိုတဲ့ နည်းလမ်းကတော့ ခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသုံးပြုပြီး စည်းရုံးရေး ဖြစ်ပါတယ်။ ခေါင်းဆောင်ဟာ လူထုနဲ့ တသားတည်း ရှိနိုင်ဖို့ လိုပါတယ်။ လူထုရဲ့ အတွေး၊ လူထုရဲ့ အမြင်နဲ့ တထပ်တည်း ကျနေရပါမယ်။ လူထု ထဲမှာသာ တော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲကို ရယူနိုင်မယ့် အင်အားရှိနေတယ်ဆိုတာ နားလည်နေရပါမယ်။ ခေါင်းဆောင်နဲ့ လူထုအကြားမှာ ကွင်းဆက်မပြတ်ဖို့ လိုအပ်ပါတယ်။ လက်ဆင့်ကမ်းခေါင်းဆောင်မှုကို အကောင်အထည်ဖော်နိုင်ရမယ်။ ဒီလိုမဟုတ် ရင် ကွင်းဆက်ပြတ်သွားပြီး တော်လှန်ရေး ခါးဆက်ပြတ်ပါလိမ့်မယ်။ နောက်ထပ်နည်းလမ်းတခုကတော့ Esoteric appeals ဖြစ်ပါ တယ်။ ဒီနည်းလမ်းက ပညာတတ် လူ့အဖွဲ့အစည်းကို အာရုံစိုက်စည်းရုံးမှု ဖြစ်ပါတယ်။ ဒီလိုစည်းရုံးတဲ့အခါမှာ သီအိုရီသဘောတရား တွေနဲ့ အယူအဆ၊ အတွေးအခေါ်တွေ၊ အခြေအနေတွေကို သပ်သပ်ရပ်ရပ်နဲ့ တိတိကျကျ ရှင်းလင်းဖော်ပြဖို့ လိုအပ်ပါတယ်။

Exoteric appeals ဆိုတာကတော့ လူထုထဲမှာ အမှန်တကယ် ခံစားနေရတဲ့ ဘဝအခြေအနေတွေကို မီးမောင်းထိုးပြပြီး စည်းရုံးလှုံ့ ဆော်တာ ဖြစ်ပါတယ်။ လူထုကို စည်းရုံးလှုံ့ဆော်မှုမှာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ လာဒ်ပေးလာဒ်ယူမှုတွေ၊ မြေယာပိုင်ဆိုင်မှုရေးရာတွေကို အာရုံစိုက်ရပါမယ်။ intelligentsia စည်းရုံးမှုမှာတော့ အလုပ်အ ကိုင်အခွင့်အလမ်းရှားပါးမှု၊ အာဏာပိုင်တွေရဲ့ ပညာတတ်တွေကို တန်ဖိုးမထားမှု၊ အသိအမှတ်မပြုမှု စတာတွေကို အာရုံစိုက်ဖော်ပြ ရပါမယ်။

စတုတ္တနည်းလမ်းကတော့ လှုပ်ရှားမှုတွေကို ပြောက်ကျားတိုက်ပွဲတွေ အနေနဲ့ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ အာဏာပိုင် တွေအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို အမြစ်ဖြတ် နှိမ်နင်းလို့ မရနိုင်ဘူးဆိုတာကို လူထုကြီးကို အသိပေးနိုင်ဖို့လိုအပ်ပါတယ်။ ပထမနည်းလမ်းကတော့ အာဏာပိုင်တွေရဲ့ တော်လှန်ရေးအပေါ် ဖိနှိပ်မှုတွေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ နောက်ဆုံးနည်း လမ်းဖြစ်တဲ့ demonstration of potency ကတော့ အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေဆီမှာ တိုင်းပြည် အုပ်ချုပ်ရေးကို ဆောင်ရွက်နိုင်မယ့် အရည်အချင်းနဲ့ အလားအလာရှိတယ်လို့ လူထုက မယုံကြည်ရင် လက်ရှိနိုင်ငံရေးစနစ်ကို မကျေ နပ်ပေမယ့် တော်လှန်ရေးအပေါ်မှာ စိတ်ရောကိုယ်ပါ ထောက်ခံမှု မလုပ်ကြပါဘူး။ တော်လှန်ရေးသမားတွေဘက်က ဒီလိုအရည်အ ချင်းနဲ့ အလားအလာကို လူထုကို ပြနိုင်ဖို့ လိုပါတယ်။

(၂) ပတ်ဝန်းကျင်အနေအထား
တော်လှန်ရေးအောင်မြင်မှုရဲ့ ဒုတိယ သော့ချက်ကတော့ တော်လှန်ရေးလှုပ်ရှားမှု အခြေတည်နေတဲ့ ပတ်ဝန်းကျင်အနေအထားပဲ ဖြစ်ပါတယ်။ အဲဒီမှာ physical aspect နဲ့ human dimension ဆိုပြီး နှစ်မျိုးရှိပါတယ်။ physical aspect အနေနဲ့ နယ်မြေအနေအ ထား၊ ရာသီဥတုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးစနစ် တွေ ပါဝင်ပြီး၊ human dimension ကတော့ လူဦးရေ၊ လူမှုအဆောက်အအုံ၊ စီးပွားရေး၊ နိုင်ငံရေးယဉ်ကျေးမှု စတာတွေ ပါဝင်ပါတယ်။

လူမှုအဆောက်အအုံဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ ဒေါင်လိုက်စုဖွဲ့မှုနဲ့ အလျားလိုက် စုဖွဲ့မှု သဏ္ဍာန်နှစ်မျိုး ရှိပါတယ်။ ဒေါင်လိုက်အနေနဲ့မှာ လူမျိုးစုနဲ့ ဘာသာရေးကွဲပြားမှုတွေ ရှိပြီး၊ အလျားလိုက် စုဖွဲ့မှုမှာ လူတန်းစားအလွှာ အမျိုးမျိုး ကွဲပြားမှုတွေ ပါဝင်ပါတယ်။ ဒီလိုကွဲပြားမှုတွေနဲ့ Societal cleavages တွေဟာ တော်လှန်ရေးတွေ ထွက်ပေါ်လာရခြင်းရဲ့ ပင်မအကြောင်းတရားတွေပါ။ ဝါဒဖြန့်ချိရေးနဲ့ အိုင်ဒီယော်လော်ဂျီတွေ လူ့အဖွဲ့အစည်းအတွင်းမှာ စတင်တဲ့အခါ ဒီလိုကွဲပြားမှုတွေကို တခုချင်း အာရုံစိုက်ပြီး သီးခြားဝါဒဖြန့်ချိရေး အစီအစဉ်တွေ လုပ်ဖို့ လိုအပ်ပါတယ်။ အုပ်စုခွဲပြီး ဝါဒဖြန့်ချိရေး မလုပ်ပဲ အားလုံးကို ခြုံငုံလုပ်လို့ မရပါဘူး။ လူတွေရဲ့ စိတ်ခံစားမှုနဲ့ တုန့်ပြန်မှုတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

အီသီးယိုးပီးယားမှာ လူတွေငတ်သေတာ ကြားရရင် ကျွန်မတို့ မြန်မာတွေရဲ့ စိတ်ထဲမှာ သနားသလို ခံစားရပေမယ့် အကူအညီပေးဖို့ စိတ်ဝင်စားချင်မှ ဝင်စားပါမယ်။ ဒါပေမယ့် မြန်မာကလေးလေးတယောက် တောင်းစားနေတဲ့ ဓာတ်ပုံတပုံကြောင့် ရင်ထဲမှာ ဆို့နင့်ပြီး တော်လှန်ရေးသမား ဖြစ်လာသူတွေလဲ အများအပြားပါ။ Human touch ဖြစ်မှ ဝါဒဖြန့်ချိရေးယန္တရား အောင်မြင်မှာ ဖြစ်ပါတယ်။ ဝါဒ ဖြန့်ချိရေးယန္တရားဆိုတာ စနစ်တကျ အကောင်အထည်ဖော်ရတာပါ။ ဒီကဏ္ဍအားနည်းနေတဲ့ တော်လှန်ရေးတွေကတော့ မလွဲမသွေ နှောင့်နှေးကြန့်ကြာမှာ အမှန်ပါပဲ။ Physical aspect တခုဖြစ်တဲ့ ဆက်သွယ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ပဲ တော်လှန်ရေးသ မားတွေက အားသန်လေ့ရှိပါတယ်။ ဆက်သွယ်ရေးစနစ်ရှိပြီး ကိုယ်ပြောချင်တာတွေပဲ စွပ်ပြီးပြောနေ၊ သတင်းအချက်အလက်တွေ ပေးနေရုံနဲ့ အောင်မြင်မှာ မဟုတ်ပါ။ အိုင်တီ နည်းပညာခေတ်မှာ အီးမေးလ်အုပ်စုတွေ၊ ဘလော့တွေနဲ့ လူထုကြီးကို သတင်းတွေပေးဖို့ အလွန်အားသန်ကြပါတယ်။

ဒီသတင်းစကားတွေဟာ လူဦးရေရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို စီးဆင်းသွားနိုင်မလဲ ဆိုတာရယ်၊ သတင်းစကားကို လက်ခံရရှိ သူ တွေဆီက active support, passive support ဘယ်လောက်ထိ ရနိုင်မလဲဆိုတာရယ်ကို တွက်ချက်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ပဲ ဝါဒဖြန့်ချိရေးနဲ့ သတင်းစကားပေးတာတွေက တော်လှန်ရေးသမားတွေအကြားမှာပဲ ပြန်ပြီး လည်ပတ်နေတာဆိုရင်တော့ အားနည်း ချက်ရှိနေပါပြီ။ ဖြည့်ဆည်းရမယ့် အချက်ဖြစ်နေပြီဆိုတာ နားလည်ရပါမယ်။ Human Dimension ဖြစ်တဲ့ လူမှုအဆောက်အအုံကို ထည့်သွင်း မစဉ်းစားရင် တော်လှန်ရေး နှောင့်နှေးပါလိမ့်မယ်။

(၃) အဖွဲ့အစည်း
တော်လှန်ရေးအောင်မြင်မှုရဲ့ တတိယသော့ချက်ကတော့ တော်လှန်ရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ မှာ ဖွဲ့စည်းမှုရေးရာအရ structural dimension တွေဖြစ်တဲ့ Scope နဲ့ Complexity ဆိုတာ တွေရှိပါတယ်။ Scope ဆိုတာက နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ အရေးပါတဲ့ နေရာတွေကနေ တက်တက်ကြွကြွ လုပ်နေသူတွေဖြစ်တဲ့ ကေဒါတွေ၊ မြေအောက်ယူဂျီအုပ်စုတွေ၊ တောခိုပုန်ကန်နေသူနဲ့ လှုပ်ရှားမှုရဲ့ active supporters တွေပါ။ Complexity ဆိုတာကတော့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ စုဖွဲ့မှု သဏ္ဍာန် organizational structure ဖြစ်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်တယောက်ဟာ organizational structure နဲ့ ပတ် သက်တဲ့ အရည်အချင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ လူများအောင် လိုက်စည်းရုံးနေရုံနဲ့ အလုပ်လုပ်လို့ရတာ မဟုတ်ပါ။ ရှိတဲ့ လူကို ဘယ်ကဏ္ဍတွေမှာ ဘာလုပ်ငန်းဆောင်တာတွေအတွက် ဘယ်လိုတာဝန်တွေပေးမှာလဲ ဆိုတာက အဓိက ကျပါတယ်။ တိုက်ခိုက်ရေး တာဝန်၊ မြို့ပြပြောက်ကျားတာဝန်၊ ဆက်သားတာဝန်၊ သယ်ယူပို့ဆောင်ရေးတာဝန်၊ ထောက်ပံ့ရေးတာဝန်၊ သတင်းရယူစုဆောင်းရေး တာဝန်၊ ပြန်ကြားရေးတာဝန်၊ ဝါဒဖြန့်ချိရေးတာဝန်၊ ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှုတာဝန်၊ မဟာဗျူဟာနဲ့ စီမံကိန်းရေးဆွဲရေး တာဝန်၊ ဘဏ္ဍာရေး တာဝန်၊ တည်ဆောက်စည်းရုံးရေး တာဝန်၊ နိုင်ငံခြားဆက်ဆံရေး တာဝန်တွေမှာ ဘယ်လိုတာဝန်မှာ ဘယ်သူတွေနဲ့ သင့်တော်လဲဆိုတာ ခွဲခြားဆုံးဖြတ်နိုင်စွမ်း ရှိရပါမယ်။

ဒီနေရာမှာ ခေါင်းဆောင်တွေရဲ့ အရည်အချင်းကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။ ခေါင်းဆောင်တယောက်ရဲ့ စီမံခန့်ခွဲနိုင်တဲ့ အ ရည်အချင်းကို သူဦးဆောင်နေတဲ့ အဖွဲ့အစည်းမှာ ဘယ်လိုရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ထားပြီး၊ ဘယ်လို မဟာဗျူဟာတွေနဲ့ ချဉ်းကပ်ခေါင်းဆောင်နေတယ်ဆိုတာ အကဲဖြတ်လေ့လာကြည့်နိုင်ပါတယ်။ မဟာဗျူဟာ အခင်းအကျင်းနဲ့ ခေါင်းဆောင်မှုမလုပ်ရင် အောင်မြင်မှုအတွက် အားနည်းချက်တွေ ရှိပါတယ်။ urban-warfare strategy နဲ့ conspiratorial strategy ကို အကောင်အထည် ဖော်နေတဲ့ ခေါင်းဆောင်တွေအတွက် Organizational complexity က နည်းနိုင်သမျှ နည်းရပါမယ်။ သေးငယ်ပြီး လျှို့ဝှက်တဲ့ အစုအ ဖွဲ့လေးတွေကို ဖြန့်ကျဲဖွဲ့စည်းပေးရတဲ့အတွက်ပါ။ Protracted popular နဲ့ military-focus strategies တွေကို အကောင်အထည်ဖော် နေတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေကတော့ အဖွဲ့အစည်းရဲ့ သဘောသဘာဝအရ Organization structure ကို ရှင်းရှင်းလင်း လင်း အကောင်အထည် ဖော်နိုင်ရပါမယ်။ ဒီနေရာမှာ မဟာဗျူဟာမျိုးစုံကို ကိုင်စွဲနေတဲ့ ခေါင်းဆောင်တွေဟာ အားလုံးမရော ယှက်ပစ် မိစေဖို့ သတိထားရပါမယ်။

ဥပမာ- Protracted popular strategy ကို ကိုင်စွဲမှုမှာ ပြည်သူ့ဆက်ဆံရေးယန္တရားတွေ အသုံးပြုရပါတယ်။ နည်းပညာတွေ တိုးတက် လာတော့ မီဒီယာတွေကို အသုံးပြုရပါတယ်။ အဲဒီလို အသုံးပြုမှုဟာ ကိုယ့်အဖွဲ့အစည်းက အကောင်အထည်ဖော်ဆောင်နေတဲ့ urban-warfare strategy နဲ့ conspiratorial strategy အရ ဖော်ဆောင်မှုတွေကို အနှောင့်အယှက်၊ အဟန့်အတားတွေ မဖြစ်စေဖို့ လိုအပ်ပါတယ်။ မီဒီယာနဲ့ မြေအောက်လှုပ်ရှားမှုကို ရောစပ်လို့ မရပါ။ ပေါင်းစပ်လိုက်တာနဲ့ သတင်းလုံခြုံရေး ထိခိုက်ပါတယ်။ မလို လားအပ်တဲ့ ဆိုးကျိုးတွေ အများကြီး ထွက်လာတတ်ပါတယ်။ လူအများက စိတ်ဓာတ်တက်ကြွ ထောက်ခံပြီး တော်လှန်ရေးထဲ ပါဝင် လာဖို့အတွက် သတင်းတခုကို ထုတ်ပြန်တဲ့အခါနဲ့ လှုပ်ရှားမှုဓာတ်ပုံတပုံကို ထုတ်တင်ပေးတဲ့အခါ ဒီသတင်းနဲ့ ပုံတွေထဲမှာ တခြားမ ဟာဗျူဟာ ဖော်ဆောင်ရေးကို ထိခိုက်စေမယ့် သတင်းအချက်အလက်တွေ ပါသွားနိုင်မလားဆိုတာကို သတိပြုစဉ်းစားပြီးမှ လုပ်သင့် ပါတယ်။ ဒီအချက်ဟာ ခေါင်းဆောင်တွေအတွက် အလွန်အရေးကြီးတဲ့ စည်းတခုပါ။ ဒီစည်းကိုကျော်ပြီး ခေါင်းဆောင်မှုရှိတဲ့ တော်လှန် ရေးတိုင်းမှာ strategic conflict ဖြစ်ပါတယ်။ ဒါတွေဖြစ်လာရင် တော်လှန်ရေး ထိရောက်မှုမှာ အားနည်းတတ်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်းမှာ သဘောသဘာဝ ကွဲပြားမှုရှိနေတဲ့ အခါမှာတော့ တပ်ပေါင်းစုသဏ္ဍာန် ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို အကောင်အထည်ဖော်ရပါတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုလို့ ဆိုထားပါတယ်။ တော်လှန် ရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး လှုပ်ရှားမှု လမ်းကြောင်းတခုပေါ်မှာ ရလဒ်အခြေပြု လှုပ်ရှားတာကို ဆိုလိုတာပါ။ အဖွဲ့တွေစုပြီး လုပ် ငန်းဖော်ဆောင်မှုမပါတဲ့ နှုတ်ကတိ၊ ကြေငြာချက်အခြေပြု ညီညွတ်ရေးလှုပ်ရှားမှုကို ဆိုလိုတာ မဟုတ်ပါ။ ညီညွတ်ရေးဆိုတာ တိုက် ပွဲရှိမှ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ တိုက်ပွဲမဖော်ဆောင်ပဲ ညီညွတ်ရေးပဲ လုပ်နေရင် ခေါင်မိုးတခုပေါ်မှာ ခေါင်မိုးတထပ် ဆင့်ရင်းဆင့် ရင်း ခေါင်မိုးဒဏ်ပိပြီး အဆောက်အဦး ပြိုကျတတ်ပါတယ်။ ခေါင်မိုးတွေနဲ့ အုတ်မြစ်တွေအကြားမှာ တည်ဆောက်ထားတဲ့ frame work ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ခေါင်မိုးရောင်စုံတွေပဲ ရှိရုံနဲ့ အလုပ်ဖြစ်မှာ မဟုတ်တာကတော့ အသေအချာပါပဲ။ ကွင်း လယ်ခေါင်မှာ ထီးထီးကြီးရှိနေတဲ့ အိမ်ကြီးတလုံးပေါ်မှာ ခေါင်မိုးတွေ တဆင့်ပြီးတဆင့် ထပ်ဖို့ ကြိုးပမ်းမှုထက် မြေလွတ်တဲ့ နေရာ တွေမှာ အုတ်မြစ်တွေ ချပြီး၊ အဆောက်အဦးတွေ လိုက်တည်ဆောက်ပေးပြီးမှ ခေါင်းမိုးသစ်တွေ တင်ပေးတာ၊ ခေါင်မိုးတွေအချင်းချင်း ချိတ်ဆက်ပေးတာက လက်တွေ့မှာ ပိုအသုံးဝင်နိုင်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အရေးပါတဲ့ အချက်တခုကတော့ အစိုးရယန္တရားအတွင်းကို ထိုးဖောက်ဝင် ရောက်မှုပါပဲ။ ရန်သူရဲ့ အလယ်အလတ်ခေါင်းဆောင်တွေနဲ့ ဒေါက်တိုင်တွေကို ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်တာထက် အခွင့်သာသ လို စည်းရုံးသိမ်းသွင်းပြီး သူ့လူ ကိုယ့်ဘက်သားဖြစ်အောင် စည်းရုံးနိုင်မှုဟာ အခရာကျပါတယ်။ တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင် တဲ့ critical information ကို ရနိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းအချက်အလက်တွေကို ဘယ်လို စီမံချက်တွေအတွက် အသုံးပြုမှာလဲ ဆိုတာက အရေးကြီးပါသေးတယ်။ တော်လှန်ရေးဆိုတာ “နင်က ငါ့ကို ဖွက်ပြီး လုပ်နေတယ်ပေါ့လေ။ ဘယ်ရမလဲ။ နင်လုပ်တာ ငါ သိတယ်။ ငါဘယ်လောက်ထိ သိထားလဲ ပြောရမလား” ဆိုပြီး ရန်ဖြစ်နေကြတဲ့ လေးတန်းကျောင်းသား ကစားပွဲ မဟုတ်ပါဘူး။ သ တင်းအချက်အလက်ဆိုတာမှာ ပြည်သူကို ထုတ်ပြန်ပေးရမယ့် သတင်းအချက်အလက်၊ မဟာဗျူဟာ ဆုံ့းဖတ်ချက်အတွက် အရေး ပါတဲ့ သတင်းအချက်အလက်၊ လှုပ်ရှားမှု အကောင်အထည်ဖော်ရေး စီမံချက်တွေမှာ ထည့်သွင်းရေးဆွဲရမယ့် သတင်းအချက်အ လက်ဆိုပြီး သီးခြားရှိပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ Strategic Intelligence Process နဲ့ ပတ်သက်တဲ့ မူဝါဒတွေ မရှိပဲ ထင်ရာမြင်ရာ လုပ်နေကြရင် ရန်သူအင်အားစုတွေအကြားမှာ ရေရှည်မြှုပ်နှံထားတဲ့ ကိုယ့်လူတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိ ခိုက်မှုတွေများလာရင် တော်လှန်ရေးနဲ့ ပူးပေါင်းချင်တဲ့ ရန်သူ့ လူတွေက ယုံကြည်စိတ်ချမှု မရှိတော့ပဲ ရှောင်ဖယ်မှုတွေ လုပ်သွား တတ်ပါတယ်။ သတင်းအချက်အလက်ကို မဟာဗျူဟာ သတင်းအချက်အလက်၊ နည်းဗျူဟာ သတင်းအချက်နဲ့ မီဒီယာသတင်း အ ချက်အလက် ဆိုပြီး ခွဲခြားနိုင်ဖို့က သတင်းနဲ့ နည်းပညာခေတ်မှာ အရေးကြီးဆုံး ပညာတရပ်ပါ။

သတင်းအချက်အလက် တင်ပြမှုမှာ Source Reliability နဲ့ Data Validity နှစ်ချက်ကိုပဲ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ Intelligence Process မှာ
A. Reliable
B. Usually Reliable
C. Fairly Reliable
D. Not Usually Reliable
E. Unreliable
F. Cannot be Judged
ဆိုတဲ့ သင်္ကေတ အကောင်အထည်ဖော်မှု သဏ္ဍာန်တွေနဲ့ Source Reliabilityကို သုံးလေ့ရှိပါတယ်။

Data Validity ကိုတော့
1.Confirmed
2.Probably True
3.Possibly True
4.Doubtfully True
5.Improbable
6.Cannot be Judged
ဆိုတဲ့ သင်္ကေတတွေနဲ့ သတင်းတင်ပြမှု လုပ်လေ့ရှိကြပါတယ်။

သတင်းတင်ပြမှုမှာ
(၁) သတင်းအမှတ်စဉ်
(၂) Source
(၃) သုံးသပ်ချက်
(၄) အကြောင်းအရာ
(၅)ဖော်ပြချက်ပြီးဆုံး

ဆိုတဲ့ အချက်အလက်ပုံစံနဲ့ သတင်းပေးမှု၊ သတင်းတင်ပြမှုတွေ လုပ်ကြရပါတယ်။ ဒီတော့ သတင်းကို လက်ခံရရှိသူတယောက်ဟာ သတင်းသုံးသပ်ချက်မှာ 1 (2) ဆိုတဲ့ စာကြောင်းလေးတခုကို တွေ့တာနဲ့ ဒီသတင်းကို ရရှိတဲ့ source က ယုံကြည်စိတ်ချရတယ်၊ သ တင်းအချက်အလက်ကတော့ မှန်ကန်နိုင်ချေများတယ်ဆိုတာ ချက်ချင်းသိသွားမှာ ဖြစ်ပါတယ်။ ဘယ်က ဘယ်လိုရတယ်၊ ဘယ်သူက ပြောတယ်၊ ဘယ်လိုအခြေအနေမှာ ပြောတယ် ဆိုတာတွေကို critical information တွေအတွက် အသုံးမပြုသင့်ပါဘူး။ သတင်းနဲ့ ပတ်သက်တဲ့ မူဝါဒကို စနစ်တကျမချရင် ရန်သူယန္တရားမှာ ကိုယ်မြှုပ်နှံထားသူတွေကို ကိုယ်ကပြန်ပြီး ဖော်ကောင်လုပ်ပေးသလို ဖြစ် တတ်ပါတယ်။ ရန်သူယန္တရားထဲက တော်လှန်ရေးကို ပူးပေါင်းလိုသူတွေက တော်လှန်ရေးသမားတွေအပေါ် ယုံကြည်စိတ်ချမှု မရှိပဲ ဖြစ်တတ်ပါတယ်။ သိတာကို သိတယ်လို့ ထားပြီး မိနစ် မဆိုင်းခင် မေ့သွားမယ့် အခြေအနေတခုအတွက် ပေးဆပ်ရမယ့် နောက် ဆက်တွဲတန်ဖိုးတွေကို မထုတ်ပြန်ခင်မှာ သတိထားဖို့ လိုအပ်လှပါတယ်။

(၄) ကွင်းဆက်မပြတ်မှု
တော်လှန်ရေးရဲ့ စတုတ္တအချက်ကတော့ ကွင်းဆက်မပြတ်မှုပါ။ လူထုနဲ့ ခေါင်းဆောင်အကြား၊ တော်လှန်ရေးဦးဆောင်မှုနဲ့ လှုပ်ရှားမှု အဖွဲ့တွေအကြား၊ လူထုနဲ့ တော်လှန်ရေးအကြားမှာ ကွင်းဆက်ပြတ်ရင် တော်လှန်ရေး ခါးဆက် ပြတ်ပါလိမ့်မယ်။ ကွင်းဆက်ပြတ်ပြီး လှုပ်ရှားလိုင်းတွေ ပူးတာဟာ တပ်ပေါင်းစု ချိတ်ဆက်လှုပ်ရှားမှုမှာ အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေတခုပါ။

မြေအောက်လှုပ်ရှားမှု အကောင်အထည်ဖော်ဆောင်တဲ့အခါ ကိုယ်နဲ့ လှုပ်ရှားနေသူထဲက နောက်ထပ်မျိုးဆက်တခုကို သိထားရပါ တယ်။ တိုက်ရိုက်ချိတ်ဆက်သူ အဖမ်းခံရရင်၊ ပျောက်ဆုံးသွားရင် ချက်ချင်းအကြောင်းကြားပြီး လိုအပ်တာတွေ ဆက်ပြီး လုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် ကြားကကွင်းဆက်တွေ ပြတ်သွားတဲ့အခါ ကွန်ယက်တွေ ပျက်ကုန်ပါတယ်။ လှုပ်ရှားနေသူတွေကိုလဲ ကိုယ်နဲ့ ဆက် သွယ်လို့ မရတော့တဲ့အခါ၊ ကိုယ်က ဖမ်းဆီးခံရတဲ့အခါ နောက်က မျိုးဆက်တခုကို ချိတ်ဖို့ ပြောထားသင့်ပါတယ်။ မဟုတ်ရင် ကြားထဲ မှာ ကွင်းဆက်ပြတ်ပြီး တခြားလှုပ်ရှားမှုလိုင်းတွေကို သွားချိတ်တတ်ကြပါတယ်။ လိုင်းတွေပူးပြီး ရှော့ခ်တွေ မိတတ်ပါတယ်။ ရန်သူရဲ့ ထောင်ချောက်ထဲ တပုံတပင်ကြီး ကျသွားတတ်ပါတယ်။ ကွင်းဆက်မပြတ်ဖို့က တော်လှန်ရေးမှာ အလွန်အရေးကြီးပါတယ်။ ကွင်း ဆက်ပြတ်ပြီး လိုင်းပူးတတ်မှုက တော်လှန်ရေးကြီး တခုလုံးကို ဖျက်ဆီးပစ်တတ်ပါတယ်။ တဘက်က လိုင်းပူးလာရင်လဲ အပူးမခံဖို့ အ ရေးကြီးပါတယ်။ အထူးသဖြင့် မြေအောက်လှုပ်ရှားမှုကို တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေ သတိပြုရပါမယ်။ မြေအောက်လှုပ်ရှားမှု လုပ်နေတာဟာ ရုပ်ရှင်မင်းသား လုပ်နေတာ မဟုတ်ပါ။ မိတ်ဆက်လာသမျှ အော်တိုပြန်ရေးပေးနေလို့ မရသလို၊ စာနယ်ဇင်းအင်တာ ဗျူးပွဲမှန်သမျှ လက်ခံနေလို့ မရပါ။ အထူးသတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။

(၅) ပြည်ပထောက်ခံမှု
တော်လှန်ရေးတခုရဲ့ အောင်မြင်မှုသော့ချက်တွေထဲမှာ နိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ နိုင်ငံတကာထောက်ခံမှု ဆိုတာ မှာ စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှု (Moral Support) ၊ နိုင်ငံရေးထောက်ခံမှု (Political Support)၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု (Material Support) နဲ့ နယ်မြေဒေသ၊ အခြေစိုက် စခန်း ပံ့ပိုးပေးမှု (Sanctuary Support) တွေ ပါဝင်ပါတယ်။ Moral support ဆိုတာက နိုင်ငံခြားအစိုးရ (သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီ တော်လှန်ရေးကို ထောက်ခံမှုကို စတိတ်မင့်တွေ၊ ကြေငြာချက်တွေ တရားဝင် ထုတ်ပြန်ကြေငြာတာ ဖြစ်ပါတယ်။ Political support ဆိုတကာကတော့ နိုင်ငံရပ်ခြား အစိုးရတွေက တော်လှန်ရေးအင် အားစုတွေရဲ့ နိုင်ငံတကာ ရည်မှန်းချက်တွေကို ပြည့်မှီလာအောင် အကူအညီပေးတာ ဖြစ်ပါတယ်။ ဥပမာ- ကုလသမဂ္ဂမှာ ဆွေးနွေးပွဲ တွေဖြစ်လာအောင် ကူညီပေးတာမျိုး စတာတွေပါ။ Material support ဆိုတာကတော့ တော်လှန်ရေးအတွက် ငွေကြေး၊ လက်နက် ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ပံ့ပိုးပေးတာပါ။ Sanctuaries ဆိုတာကတော့ တော်လှန်ရေးသမားတွေကို လေ့ကျင့်သင် ကြားပေးရေး၊ လက်နက်များ သိုလှောင်သိမ်းဆည်းရေး၊ အော်ပရေးရှင်းများ စီမံရေးဆွဲရေးနဲ့ ခေတ္တဆုတ်ခွာလာနိုင်မှုတွေအတွက် လို အပ်မယ့် နယ်မြေဒေသ ပံ့ပိုးပေးထားခြင်းပါ။

တော်လှန်ရေးတခုမှာ ဒီလိုနိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ ဒါပေမယ့် နိုင်ငံတကာ တော်လှန်ရေးရဲ့ အောင်ပွဲကို နိုင်ငံ တကာ ထောက်ခံမှုတခုတည်းနဲ့ ယူလို့ မရပါ။ နိုင်ငံတကာ ထောက်ခံမှုနောက် တကောက်ကောက်လိုက်ရင်း လူထုထောက်ခံမှုနဲ့ ဝေး ကွာသွားလို့ ကျရှုံးနေတဲ့ တော်လှန်ရေးတွေ အများအပြားပဲ ဖြစ်ပါတယ်။ ဟင်းတခုမှာ အစပ်အဟပ်တည့်ဖို့ လိုပါတယ်။ ဆားမပါတဲ့ ဟင်းကို အရသာမရှိဘူးဆိုပြီး ဆားတွေအများကြီး ဖြူးလိုက်တော့ စားလို့ မရတော့တဲ့ ဟင်းပဲ ထွက်ပါတယ်။ နိုင်ငံတကာထောက် ခံမှုကို မရှိမဖြစ်ဆိုပြီး၊ နေရာတကာမှာ နိုင်ငံတကာကင်ပိန်းပဲ လုပ်နေကြရင်တော့ ကျန်တဲ့ကဏ္ဍတွေမှာ ဟန်ချက်ပျက်ပြီး၊ ကြန့်ကြာ နေတဲ့ တော်လှန်ရေးပဲ ထွက်လာမှာ အသေအချာပါ။

(၆) အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုခြေလှမ်းများ
တော်လှန်ရေးတခုရဲ့ အောင်မြင်ရေးသော့ချက်မှာ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုတွေ ဖြစ်ပါ တယ်။ တဘက်ရဲ့ ခြေလှမ်းတွေကို ကြိုပြီး သုံးသပ်လေ့လာနေရပါမယ်။ သားကောင်နဲ့ မုဆိုး အပြန်အလှန် ချောင်းနေကြတာ ဖြစ်ပါ တယ်။ သားကောင်ဖြစ်လိုက်၊ မုဆိုးဖြစ်လိုက်၊ ပြေးလိုက်၊ လိုက်လိုက်နဲ့ အသက်နဲ့ ဘဝတွေကို ထပ်ပြီး ကစားနေကြတဲ့ ပွဲပါ။ တော ချောက်တာကို ထပြေးပြီး ထောင်ချောက်ထဲ တိုးဝင်တဲ့ သားကောင်တွေလို ပြုမူလို့ မရပါဘူး။ ဆိုင်းတီးပေးတိုင်း ထကကြရမယ့် မျောက်ကပွဲလဲ မဟုတ်ပါဘူး။ ရန်သူရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ၊ ပရိယာယ်တွေ၊ ခြေလှမ်းတွေကို သေချာသုံးသပ်ပြီးမှ ခြေလှမ်း တလှမ်းချင်းကို သတိနဲ့ တိုးဖို့ လိုအပ်လှပါတယ်။ ရန်သူရဲ့ တုန့်ပြန်မှုတွေ၊ ခြေလှမ်းတွေကို အကဲမဖြတ်နိုင်တဲ့ တော်လှန်ရေးဟာ ကျ ဆုံးလေ့ရှိပါတယ်။

ရန်သူကို တိုက်မယ်၊ တိုက်မယ်နဲ့ အလံထောင်နေရင်း နောက်လှည့်ကြည့်လိုက်တော့ လူထုထောက်ခံမှုရအောင်လဲ ပြည့်ပြည့်ဝဝ မ လုပ်ထား၊ ပတ်ဝန်းကျင် အနေအထားကလဲ မဟန်၊ စနစ်တကျ စုဖွဲ့ထားမှုတွေကလဲ မရှိ၊ ကွင်းဆက်တွေကလဲ ပြတ်တောက်၊ နိုင်ငံတ ကာ ထောက်ခံမှု ဆိုတာကလဲ ဟန်ပြထောက်ခံမှုဆိုသလို ဖြစ်နေတဲ့ တော်လှန်ရေးတွေ ကမ္ဘာတဝှမ်းမှာ အများကြီးပါပဲ။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ တော်လှန်ရေးတွေရဲ့ အလားအလာ၊ အောင်မြင်မှု အတိုင်းအတာတွေကို ဆန်းစစ်ဖို့အတွက် စစ် ဦးစီးတက္ကသိုလ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သင်တန်းကျောင်းတွေ၊ စစ်ရေးလေ့လာတဲ့ သုတေသန အဖွဲ့အစည်းတွေမှာ အသုံး ပြုတဲ့ BARD O’NEILL’S FRAMEWORK ကို အခြေခံပြီး၊ တော်လှန်ရေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေ၊ ဆောင်ရန်ရှောင် ရန်တွေ၊ သင်ခန်းစာယူစရာ အချက်အလက်တွေကို ယေဘုယျအနေနဲ့ ပေါင်းစပ်တင်ပြ ထားတာဖြစ်ပါတယ်။ မည်သည့် တော်လှန် ရေးကိုမှ ဆန်းစစ်လေ့လာချက် ပြုလုပ်ထားခြင်း မရှိပါဘူး။ ဆန်းစစ်လေ့လာချက်တွေလုပ်တဲ့အခါ အားသာချက်၊ အားနည်းချက်တွေ ကို ဖော်ထုတ်ပြီး အလားအလာကို ကောက်ချက်ချမှတ်ချက်ပေးရပါတယ်။ ဒီမှတ်ချက်တွေ မပေးလိုပါ။ မတရားတဲ့ စနစ်ကို တိုက်ဖျက် နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် တစုံတရာအကျိုးကျေးဇူး ရှိစေရန်သာ မျှော်လင့်မိပါကြောင်း။

ခင်မမမျိုး
(၁ဝ၊ ၁၊ ၂ဝ၁ဝ)

ရည်ညွှန်းကိုးကား
Applegate, Melissa (2002) Preparing for Asymmetry: As Seen Through the Lens of Joint Vision 2020. Carlisle, PA: Strategic Studies Institute.
Dubik, James M. (2003) “Effects-based Decisions and Actions.” Military Review, 83: p. 33-36. (January-February 2003.)
Gurr, Ted Robert. (1970) Why Men Rebel. Princeton, NJ: Princeton University Press.
Hatch, Mary Jo.(1997) Organization Theory: Modern, Symbolic, and Postmodern Perspectives. Oxford: Oxford University Press
Mann, Edward C., Endersby, Gary and Searle, Thomas R.(2002) Thinking Effects: Effects-Based Methodology for Joint Operations. Maxwell Air Force Base, AL, Air University Press. (CADRE paper, no. 15).
Mintzberg, Henry. (1994) The Rise and Fall of Strategic Planning. New York: The Free Press.
O’Neill, Bard E. (1990) Insurgency and Terrorism: Inside Modern Revolutionary Warfare. Dulles, VA: Brassey’s Inc.
O’Neill, Bard E., William R. Heaton, Donald J. Alberts, Vincente Collazo-Davila, Richard MacLeod, Don Mansfield, James Miller, and Paul Viotti. (1980) Insurgency in the Modern World. CO: Westview Press, 1980.
Roper, Daniel S. (2004) A Dual-edged Sword: Operational Risk and “Efficiency”-Based Operations (EBO). Fort
Leavenworth, KS, School of Advanced Military Studies, 2004, 62 p.
Tse-Tung, Mao. (1961) On Guerilla Warfare. New York, NY: Fredrick A. Praeger Inc., 1961.
U.S. Department of Defense (2003) Military Transformation: A Strategic Approach. Washington, DC: Office of the Secretary of Defense. Fall 2003.

အောင်မြင်သော ခေါင်းဆောင်မှု လျှို့ဝှက်ချက်များ။

မကောင်းမြင်တတ်သူများအဖို့ ကိုယ့်ခေါင်းဆောင် မကောင်းကြောင်း ပြောလေ့ရှိသည်။ မကောင်းလျှင် ဘာကြောင့် ကိုယ့်အထက်ရောက်ပြီး ဘာလို့ ခေါင်းဆောင် ဖြစ်နေရတာလဲ ဟူသော မေးခွန်းကို မေးလျှင်လည်း မကြိုက်ချင်ကြ၊ အမှန်မှာတော့ Secrets of Leadership success နှင့် Sacred Leadership ကို လိုင်းချော် တွေးနေကြခြင်းသာ ဖြစ်သည်။ အမြဲတမ်း မှားတွေးလေ့ ရှိကြသည်။ ခေါင်းဆောင်ဖြစ်လာခြင်းမှာ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသောကြောင့်သာ ခေါင်းဆောင် ဖြစ်လာကြခြင်းသာ ဖြစ်သည်။ မျက်မှောက်ခေတ် အဖွဲ့အစည်းများတွင် ခေါင်းဆောင်များသည် သူတို့၏ လျှို့ဝှက်ချက်များကြောင့်သာ ခေါင်းဆောင်နေရာတွင် ရပ်တည်နေကြခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်မှု စတိုင်ကို ပြန်ကြည့်လျှင် လမ်းညွှန်တတ်သောသဘော၊ ဦးစီးနိုင်သောသဘော ရှိကြသည်။ တစ်နည်းအားဖြင့် Mentors သဘောကို ကောင်းကောင်း နားလည်သူများ ဖြစ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်သည့်သဘော ရှိသူများလည်း ဖြစ်သည်။ ကိုယ်ခေါင်းဆောင်မည့် အဖွဲ့အစည်း၏ အခြေအနေကို ကောင်းစွာ နားလည်တတ်သူများလည်း ဖြစ်သည်။ နောက်ပြီး ပါရမီခံရှိသူ ဖြစ်သည်။

ခေါင်းဆောင်ဖြစ်လာမှုနှင့် ပတ်သက်ပြီး Nature လား၊ Nurture လား ဆိုသည့် မေးခွန်းကို အမြဲ မေးလေ့ရှိကြသည်။ nature ကတော့ ဖွံ့ဖြိုးဆဲများ အလေးထားကြသည်။ သဘာဝကိုက ခေါင်းဆောင်ပါရမီ ပါလာသည့်သဘော ဖြစ်သည်။ တောက်မည့်မီးခဲ အရှိန်နှင့် တရဲရဲ သဘောမျိုး ဖြစ်သည်။ နဂိုရှိမှ နဂိုင်းထွက်သည့် သဘောလည်း ဖြစ်သည်။ Nurture ကတော့ ခေါင်းဆောင်မွေးယူခြင်း ဖြစ်သည်။ Nature က မှန်သလား၊ Nurture က မှန်သလားဟု ဆိုလျှင် နှစ်ခုစလုံး မှန်ပါသည်။ ခေါင်းဆောင်မှု သင်တန်းများကို တက်ရောက်သူများကို ကြည့်လျှင် ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူများသာ တက်ရောက်ကြသောကြောင့်သာ ဖြစ်သည်။ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူသည် Nature ဖြစ်သည်။ ခေါင်းဆောင်မှု သင်တန်းအရ ခေါင်းဆောင်များ မွေးထုတ်ခြင်းသည် Nurture သာ ဖြစ်သည်။ မဆိုင်သော်လည်း ဆက်စပ်မှု ရှိပါသည်။ Nature မရှိဘဲ Nurture လုပ်ခံရပြန်လျှင်လည်း ရွယ်တော့မဟာနွယ်၊ ညားတော့ဈေးသည် အဆင့်လောက်ခေါင်းဆောင်မျိုးသာ ရရှိပါသည်။ ခေါင်းဆောင် အရည်အချင်း ရှိသူများကို လေ့လာမည်ဆိုလျှင် သူတို့ လုပ်ကိုင်နေသော လုပ်ရပ်များကို ကြည့်ပြီး အကဲခတ်နိုင်ကြသည်ဟုလည်း ဆိုကြပါသည်။ သူတို့ရဲ့ သိသာနိုင်သော လျှို့ဝှက်ချက်များကို လေ့လာမည် ဆိုပါက

အသိအမှတ်ပြုတတ်ပါစေ

ခေါင်းဆောင်တစ်ဦး၏ မလွဲမသေ လုပ်ရမည့် တာဝန်များတွင် Recognition ခေါ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ အလုပ်ကို အသိအမှတ် ပြုမှာလား၊ လူကို အသိအမှတ် ပြုမှာလားဟူသော မေးခွန်းသည် ထိုခေါင်းဆောင်၏ လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်။ အလုပ်ကို မွေးသော ခေါင်းဆောင်သည် တာဝန်ကျေပွန်သူက မြှောက်စားသည်။ အလုပ်တာဝန် မကျေပွန်သူကို သတိပေးသည်။ လူကို မွေးသော ခေါင်းဆောင်သည် ကိုယ်နှင့် တည့်သည့်လူကို မြှောက်စားသည်။ မတည့်သည့်လူကို ချောင်ထိုးသည်။ ပိုစိတ်ချရအောင် နှိပ်ကွပ်ထားသည်။ တစ်ဖန် ခေါင်းဆောင်ဆိုသည်မှာ လူကြောင့် ဖြစ်လာသည်လား၊ အလုပ်ကြောင့် ဖြစ်လာသည်လား ဟူသော မေးခွန်းကို လူတွေကြောင့် ခေါင်းဆောင်ဖြစ်လာသည်ဟုသာ ထင်တတ်ကြသည်။ အမှန်တော့ အလုပ်အရသာ သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးတို့ ဖြစ်လာကြခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ခေတ်သစ်စီးပွားရေး စနစ်တွင် စုံစီနဖာ၊ တောက်တိုမယ်ရ ခေါင်းဆောင်ဆိုသည်ကား မရှိ၊ အလုပ် တာဝန်ဝတ္တရား Division of Labour or Specialization ပေါ် မူတည်ပြီးမှသာ ခေါင်းဆောင်ဖြစ်လာခြင်းသာ ရှိသည်။ အဖွဲ့အစည်းမှ ဖြစ်လာသော ခေါင်းဆောင်သာလျှင် ရှိသည်။ ထိုခေါင်းဆောင်သည် ထိုအဖွဲ့အစည်း မရှိတော့လျှင် ထိုခေါင်းဆောင်လည်း မရှိတော့သည့် သဘောမျိုး ဖြစ်သည်။ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို ပြန်သုံးသပ်လျှင် အလုပ်ကိုလည်း မွေးရမည်။ အလုပ်နှင့်ပတ်သက်သော လူများကိုလည်း မွေးရမည်သာ ဖြစ်ပါတော့သည်။ အလုပ်သပ်သပ် မွေးလို့တော့ မရနိုင်ပါ။ အလုပ်နှင့် တွဲပြီး လူမွေးရပါသည်။ သို့သော်လည်း အလုပ်သပ်သပ်ဖြင့် လူမွေးလို့ရော ရနိုင်ပါသလားဟူသော မေးခွန်းလည်း ရှိပါသည်။ အလုပ်သပ်သပ်ဖြင့်လည်း လူမွေး၍ ရနိုင်ပါသည်။ သို့သော်လည်း အဖွဲ့အစည်းအတွက်တော့ စိတ်မချရပါ။ အဖွဲ့အစည်း ပျက်သွားနိုင်သောကြောင့် ဖြစ်သည်။

အဖွဲ့အစည်း ပျက်သွားလျှင် ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်လည်း မရှိတော့ပါ။ အဖွဲ့အစည်းနှင့် ပတ်သက်လာလျှင်လည်း တွေးဆစရာများလည်း ရှိပါသည်။ ရပ်တည်နေသော အဖွဲ့အစည်းနှင့် လှုပ်ရှားနေသော အဖွဲ့အစည်းဟူ၍ နှစ်မျိုးရှိပါသည်။ ဥပမာအားဖြင့် – လူ၏ ခန္ဓာကိုယ်ကို အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်လိုက်မည် ဆိုလျှင် အစား စားနေချိန်တွင် အစားစားခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းသည် ခေါင်းဆောင် ဖြစ်လာပါသည်။ ပါးစပ်၊ လက်၊ မျက်စိ စသည့် အပိုင်းများ ဖြစ်လာပါသည်။ လမ်းလျှောက်တော့မည် ဆိုလျှင်လည်း ခြေထောက်၊ မျက်စိ စသည်တို့သည်လည်း ခေါင်းဆောင်မှု အပိုင်းတွင် ဖြစ်လာပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် မည်သူက ခေါင်းဆောင်ဖြစ်မလဲ ဟူသော အတွေးသည် သိပ်စဉ်းစားစရာ မလိုပါ။ အသိအမှတ် ပြုခြင်းနှင့်သာ ဆိုင်ပါသည်။ စားနေချိန်တွင် စားခြင်းနှင့်ဆိုင်သော ခန္ဓာကိုယ် အစိတ်အပိုင်းများကို အသိအမှတ် ပြုသင့်ပါသည်။ လမ်းလျှောက်နေချိန်တွင် လမ်းလျှောက်ခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းများကို အသိအမှတ် ပြုတတ်ရပါမည်။ စားနေချိန်တွင် ခြေထောက်ကို မြှောက်စားနေမည်၊ လမ်းလျှောက်ချိန်တွင် ပါးစပ်ကို အမွှမ်းတင်နေမည် ဆိုပါက အသိအမှတ်ပြု လွဲနေပါတော့မည်။ ယင်းကို Leadership တွင် Supervision Means ဟု ခေါ်ဆိုကြသည်။

စီမံခန့်ခွဲတတ်ပါစေ

စီမံခန့်ခွဲမှုနှင့် ပတ်သက်လာလျှင် စုပေါင်းလုပ်တတ်မှု ရှိစေရန် သွန်သင်တတ်ရမည် ဖြစ်သည်။ များသောအားဖြင့် စီမံခန့်ခွဲမှုသည် အချင်းချင်း ရန်တိုက်ပေးတတ်လျှင် စီမံခန့်ခွဲမှု ကျွမ်းကျင်သည်ဟု အရပ်စကားဖြင့် ပြောတတ်ပါသည်။ ယင်းသည် ကိုယ့်ပိုက်ကွန်ကို ကိုယ့်အတွက် ထောင်သည်ဟု ယူဆသူများလည်း ရှိလာပါသည်။ မည်သည့် အယူအဆက မှန်သည်ဟု ဆိုရန် ခက်လှပါသည်။ အခြေအနေပေါ် မူတည်ပြီး မှန်နေသောကြောင့် ဖြစ်သည်။ အချင်းချင်း ရန်တိုက်ပေးခြင်းဖြင့် လုပ်ငန်းခွင်ကို ထိန်းထားနိုင်သရွေ့တော့ ထိုစီမံခန့်ခွဲမှုသည် အောင်မြင်နေမည်သာ ဖြစ်သည်။ သို့သော်လည်း ဂိတ်ဆုံးလျှင် ဒုတိယ အယူအဆသည် မှန်လာပါတော့သည်။ စီးပွားရေး လုပ်ငန်းတစ်ခုတွင် ဖြစ်သည်။ ကြော်ငြာအားဖြင့် လှုပ်ရှားနေရသော စီးပွားရေးလုပ်ငန်း ဖြစ်သောကြောင့် ကြော်ငြာနှင့်ဆိုင်သော ပညာရှင်များလည်း ရှိသည်။ သတ်ပုံနှင့်ဆိုင်သော ပညာရှင်များလည်း ပါသည်။ သို့သော်လည်း လုပ်ငန်းရှင် အနေဖြင့် ကြော်ငြာမှု အပိုင်းတွင် အယူအဆများ၊ Customer Behavior များ၊ CRM, Customer Satisfactions စသည့် အချက်ပေါင်း များစွာကို ဂရုစိုက်ရသည်။ မားကက်တင်းအတွက် သူတို့သည် အသက်ဖြစ်သည်။

ပြီးလျှင် စကားလုံးဖွဲ့စည်းမှု၊ ကျစ်လျစ်စွာ သတင်း အင်ဖော်မေးရှင်း ပေးနိုင်မှု၊ ထိရောက်စွာ သတင်းပေးနိုင်မှု စသည့် အချက်များက ပြုစုပြီးလျှင် သဒ္ဒါအမှား အမှန်အတွက် သဒ္ဒါစိစစ်ရေး အဖွဲ့ကို ပေးလိုက်ပါသည်။ ကြော်ငြာ ပြုစုပျိုးထောင်ရေး အဖွဲ့အနေဖြင့် သဒ္ဒါစိစစ်ချိန်ကို ပေး၍ မရပါ။လူတိုင်း ခံစားဖူးပါသည်။ သဒ္ဒါကိုသာ ဂရုစိုက်လွန်း အားကြီးလျှင် အိုင်ဒီယာ ပျောက်တတ်ပါသည်။ အိုင်ဒီယာကိုသာ ဂရုစိုက်မည် ဆိုလျှင်လည်း သဒ္ဒါ လှည့်မကြည့်အားပါ။ ကမ္ဘာကျော် စာရေးဆရာကြီး ရှိတ်စပီးယားပင်လျှင် သူ့နာမည်ကို အမျိုးမျိုး ရေးတတ်သည်ဟု ဆိုပါသည်။ စာလုံးပေါင်း ၆ မျိုးလောက် ရှိသည်ဟု ဆိုပါသည်။ မည်သည့်ဟာ အမှန်ကိုပင် ပြောရန် ခက်သည်ဟု ဆိုပါသည်။ အချို့ကတော့ တို့ကတော့ အိုင်ဒီယာလည်း ကောင်းတယ်၊ Grammar လည်း ကောင်းသည်ဟု ဆိုပါသည်။ အရူးစကား ဖြစ်ပါသည်။ ကိုယ်ရည် သွေးလွန်းသောကြောင့် အရူးဟု ပြောလိုခြင်း ဖြစ်သည်။ လင်းတလောက်တော့ ငှက်တိုင်းလှရုံဖြင့် သွေးနားထင် ရောက်သော စကားဖြစ်သည်။

တစ်နည်းအားဖြင့် Specialization ဆိုတာလည်း နားမလည်၊ Division of labour ဆိုတာလည်း နားနှင့်ဝေးနေသော So-called ပညာရှိများ၊ ကြက်ဆူတော ပညာရှိများသာ ပြောလေ့ရှိသော စကားပင် ဖြစ်သည်။ ထိုအချက်ကို ကောင်းကောင်း နားလည်သော လုပ်ငန်းရှင်သည် ထိုပညာရှင် နှစ်အုပ်စုကို စုစည်းပြီး အသိအမှတ် ပြုမည့်အစား သွေးခွဲ အုပ်ချုပ်လာသောကြောင့် တစ်အုပ်စုနှင့် တစ်အုပ်စု ငါနှင့်ငါသာ နှိုင်းစရာများ ဖြစ်လာပါတော့သည်။ အလုပ်မမွေးဘဲ လူမွေးသောကြောင့် အလုပ် “ကျ” ပြီး၊ လူ “ထ” လာပါတော့သည်။ ထိုအခါ မထိရောက်သော ကြော်ငြာများ၊ ပိုးသာကုန် မောင်ပုံ စောင်းမတတ်သော ကြော်ငြာများ ဖြစ်လာပါသည်။ အဓိကတော့ လုပ်ငန်းရှင်သည် အလုပ်ကို မမွေးတတ်ဘဲ လွယ်ကူလွန်းသည့် “လူမွေး” ခြင်းကိုသာ နားလည်သောကြောင့်သာ ဖြစ်ပါတော့သည်။ ယင်းကို Leadership တွင် Management Means ဟု ခေါ်ဆိုကြသည်။ Supervision နှင့် Management Means ထိုနှစ်ပါး နားလည်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်သည်။

ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)

မူရင်းဆိုဒ်။ ။http://readandstudy.wordpress.com/

မဟာဗျူဟာ အမြင်၊ မဟာဗျူဟာ အတွေး


မဟာဗျူဟာကို Strategy ဟု လူတိုင်းသိပြီးဖြစ်သည်။ မူရင်းစကားလုံးမှာ စစ်ဘက်မှ ဆင်း သက်လာသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်များအနက် လွယ်ကူစွာသိနိုင်သော ဖွင့်ဆိုချက်တစ်ခုမှာ (A plan designed to achieve a particular long-term aim) ဖြစ်သည်။ သတ်မှတ်ထားသော ရေရှည်ရည်မှန်းချက်တစ် ခုကိုဆောင်ရွက်နိုင်ရန် အသေအချာပုံစံပြုရေးဆွဲထားသော အစီအမံတစ်ခုဟုနားလည်နိုင်ပါသည်။ နောက် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ (The art of planning and directing) စီမံထားခြင်း၊ လမ်း္ဋန်ခြင်းတို့၏ အ တတ်ပညာလည်း ဖြစ်သည်။စီမံခန့်ခွဲရေးပညာဆိုင်ရာမှ အရိုးစင်းဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ (A set of tactics to achieve mission) ရည်မှန်းချက် ပေါက်မြောက်စေရန် နည်းဗျူဟာ အစုအပေါင်းတစ်ခု ဖြစ်သည်ဟုလည်း နားလည်နိုင်ပြန်သည်။ ဆိုရလျှင် မဟာဗျူဟာရည်မှန်းချက်သည် နည်းဗျူဟာရည် မှန်းချက်များဖြစ်သော(Goal , Objective) စသည်တို့ထက် မြင့်မားသောရည်ရွယ်ချက် (Mission) ရှိနေသည်ကို တွေ့နိုင်သလို ရေတိုကိစ္စမြော်မြင်မှုမဟုတ်ဘဲ ရေရှည်ကိစ္စ မျှော်မှန်းချက်တစ်ရပ် လည်း ဖြစ်သည်။

များစွာ တာသည်

တစ်ဦးချင်း၊ မိသားတစ်စုချင်းအဆင့်၌ များစွာ မသိသာလှသော်လည်း ကော်ပိုရိတ်အဆင့်မှ အထက်ဘက်တွင် မဟာဗျူဟာအမြင်၊ မဟာဗျူဟာအတွေးသည် ဦးဆောင်သူတို့အ တွက် မရှိမဖြစ်လိုအပ်သောအခြေခံအရည်အချင်းတစ်ရပ်ဖြစ်လာ သည်။ နိုင်ငံတစ်နိုင်ငံအဆင့်၌မူ အနည်းဆုံးဒေသ တွင်းStrategic View , Strategic Thinking တို့ဖြင့် အားပြိုင်ကြရသော အခြေအနေဖြစ် လာသည်။ ရိုးစင်းသော မဟာဗျူဟာသဘော ကို ငယ်စဉ်စစ်မှုထမ်းတိုက်ပွဲဖြစ်စဉ်တွင် စတင် သတိထားမိလာသည်။ ကိုယ့်ဘက်ကG-3 ၏ ကျည်ဆန်က ကလီဗာ (၇ ဒသမ ၆၂)ရှိသည်မို့ ရန်သူကို ထိခိုက်လျှင် တုံးကနဲ ဖြစ်သည်။ ရန်သူ့ဘက်ကကျည်ဆန်က ကလီဗာသေးသည်မို့ ရုတ်တရက် မသေနိုင်၊ ဒဏ်ရာရသူကို ပြုစု၊ ထမ်းပိုးရသောကြောင့် အပိုအင်အားကုန်သည်။ တောကြီးမျက်မည်းထဲဖြစ်၍ အနာရင်းပြီး လူ နာအော်သောအခါ ကျန်သူများ ခြောက်ခြား ကြရသည်။ မိုင်း ဖြစ်စဉ်တွင် ပို၍ဆိုးသေး၏။ ကျည်ဆန်တစ်ထောင့်ထုတ်လုပ်မှု၌ပင် မဟာ ဗျူဟာသဘော သက်ရောက်နေလျှင် များစွာ ကြီးမားသော အရေးအရာများ၌ မဟာဗျူဟာ သဘောတရားများ ကင်းလွတ်နိုင်တော့မည် မဟုတ်ချေ။ မည်မျှထက်မြက်သော မဟာဗျူ ဟာအမြင်နှင့် မည်မျှ တာ သော မဟာဗျူဟာ အတွေးကို စဉ်းစားနိုင်ခြင်းကသာ အရေးကြီးလာ ပါသည်။

မဟာဗျူဟာသမား လီကွမ်ယူ

စင်ကာပူသည် မြို့ပြနိုင်ငံငယ်မျှသာ ဖြစ် သည်။ လူဦးရေ (၄) သန်းမျှသာရှိသော အ တိမ်းအစောင်းမခံသည့် နိုင်ငံလေးဖြစ်၏။ မလေးရှားထံမှ ရေချိုကို ဝယ်ယူသုံးစွဲနေရ သည်။ စစ်ဆင်ရေးကောင်းဖြင့် ဆင်နွှဲလျှင် နာရီ ပိုင်းမျှနှင့် ကျဆုံးသွားနိုင်သော အခြေအနေဖြစ် သည်။ အင်ဒိုနီးရှား၊ မလေးရှားတို့ကို မျက်နှာချို သွေးနေရသော လီကွမ်ယူကို ဆယ်စုနှစ် (၃) ခုမျှ ကြာပြီးသောအခါ အင်တာဗျူး၌ မေးခွန်း တစ်ခု မေးခဲ့သည်။ ဝန်ကြီးချုပ်အနေနဲ့ အင်အားကြီးနိုင်ငံ တစ်နိုင်ငံက စစ်တိုက်လာရင် ခုခံကာကွယ်နိုင် မယ်လို့ ယူဆပါသလား ဟာ…. . စင်ကာပူ ခဏလေးနဲ့ ကျသွားနိုင် တာပေါ့၊ ဒါပေမဲ့ လာတိုက်မယ့်နိုင်ငံကို အရင် မေးလိုက်ပါဦး၊ ပြဿနာတွေကို ရှင်းနိုင်ရဲ့လား လို့ ဖွံ့ဖြိုးတိုးတက်မှုကို မရသေးမီ လီကွမ်ယူ အနေဖြင့် သံတမန်လမ်းကြောင်းမှ အားလုံးနှင့် အဆင်တပြေဖြစ်အောင် ဆက်ဆံခဲ့ရသည်။ နှစ် ပေါင်း (၃၀) ကျော်အတွင်း နိုင်ငံကို ဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းပေါ် မရောက်ရောက် အောင်ပို့ဆောင်သည့် တစ်ချိန်တည်းမှာပင် သူ့ နိုင်ငံလေးကို မဟာဗျူဟာကျကျ အကာအ ကွယ်ပေးခြင်းကိုလည်း စွမ်းဆောင်ခဲ့ပါ၏။

စင်ကာပူနိုင်ငံသေးသေးလေးကို စစ်လက်နက် တို့ဖြင့် ကာကွယ်ထားသည်ထက် ဘဏ္ဍာရေး ထီးဖြင့် ကာကွယ်ထားခြင်းက ပို၍ လုံခြုံစိတ်ချ ရမည်ဟူသော မဟာဗျူဟာအတွေးအမြင်ကို လီကွမ်ယူ အကောင်အထည် ဖော်လိုက်နိုင်ခဲ့ပါ သည်။ စင်ကာပူသည် ကမ္ဘာ့စတုတ္ထအကြီးဆုံး ဘဏ္ဍာရေးဆိုင်ရာ အချက်အချာ ဖြစ်လာခဲ့ရ သည်။ တစ်ကမ္ဘာလုံးနှင့် ဆက်စပ်နေသော စတော့ဈေးကွက်ကြီး ရှိနေပါသည်။ စင်ကာပူ ကိုစစ်တိုက်ရန် မဆိုထားဘိ၊ စစ်ရိပ်စစ်ငွေ့သန်းရုံ မျှနှင့်ပင် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ကြီး က မောက်ကမ ဖြစ်သွားနိုင်သည်။ စစ်တိုက်ရန် ပြင်ဆင်သောနိုင်ငံကို ကျန်နိုင်ငံများက ပြန်၍ စစ်တိုက်ပေးမည့် အနေအထားကို လီကွမ်ယူက ဖန်တီးထားခြင်းဖြစ်သည်။ ကာကွယ်ရေးအသုံး စရိတ်သည် များစွာကြီးမားလှ၏။ ထိုအသုံး စရိတ်ကို များစွာချိုးခြံနိုင်ပြီး ဘဏ္ဍာရေးစီး ဆင်းမှုမှ စင်ကာပူအကျိုးအမြတ်များစွာ ရရှိနေ ပြန်ပါသေးသည်။ ယနေ့ လူဦးရေ ၄ ဒသမ ၅သန်းမျှသာရှိ သော စင်ကာပူကို မည်သည့်နိုင်ငံကမျှ မျက် စောင်းမထိုးရဲကြပါ။ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံ ခေါင်းဆောင်တစ်ဦး၏ မဟာဗျူဟာအဆင့် အ တွေးအမြင်နှင့် စီမံဆောင်ရွက်မှု ဖြစ်ပါသည်။ လက်ရှိအနေအထားသည် စင်ကာပူအတွက် ယှဉ် ပြိုင်နိုင်စွမ်း (Competitiveness) ရှိနေသော်လည်း နောက် ဆယ်စုနှစ်တစ်ခု (သို့မဟုတ်) နှစ်စုစာ ၏ နောက်ပိုင်းအတွက် လီကွမ်ယူက ကြိုတင် ပြင်ဆင်မှုများ ထပ်မံလုပ်ဆောင်နေပြန်ပါပြီ။

ကော်ပိုရယ်တိုက်ဇေးရှင်းသည် ဒီမိုကရက်တိုက်ဇေးရှင်း၏မဟာဗျူဟာ

မျက်မှောက်ကာလသည် အရင်းရှင် စနစ်၏အခြေခံဖြစ်သော ဒီမိုကရက်တိုက်ဇေး ရှင်းနှင့် ဖရီးမားကတ်တို့၏ အပေါင်းအစပ်ဖြစ်စဉ် ဖြစ်သည်။ အချို့သောနိုင်ငံများသည် ဒီမိုက ရက်တိုက်ဇေးရှင်းဖြစ်စဉ်တွင် အလိုက်သင့် အ လျားသင့် ပါဝင်နိုင်ကြသော်လည်း အချို့သော နိုင်ငံများမှာ လိုက်ပါနိုင်ခြင်းမရှိကြချေ။ အထူး သဖြင့် အာဏာရှင်နိုင်ငံများ၊ အစွန်းရောက်နိုင်ငံ များမှာ ဆန့်ကျင်တတ်ကြသည်။ အရင်းရှင်စနစ် ဟူသော Capitalism တွင်Free-Market ကို ရင့်ကျက်စွာ အသုံးချဖြတ်သန်းလာခဲ့ကြသော နိုင်ငံများ၌ အားသာချက်၊ အားနည်းချက်များ ကို သင်ခန်းစာအဖြစ် ဖော်ထုတ်ခဲ့ပြီး၊ ကျင့်သုံး ခဲ့ပြီး ဖြစ်သည်။ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွား (National Interest) ကို ဦးစားပေးကြသည် ချည်းဖြစ်သည်။

ဒီမိုကရေစီနှင့် လွတ်လပ်ဈေး ကွက်ကျင့်သုံးသော နိုင်ငံများလေလေ ရှေ့တန်း ရောက်နှင့်ပြီးသောနိုင်ငံများ (Developed Countries/Rich Countries) တို့အတွက် အ ကျိုးများလေလေဖြစ်သည်။ နည်းပညာအသာ စီး၊ စီမံခန့်ခွဲမှုကောင်း၏ အသာစီး၊ ကိုယ်ကျိုး စီးပွားကာကွယ်ရေးအသုံးချနိုင်မှု၏ အသာစီး များဖြင့် ပို၍အကျိုးအမြတ်ရနိုင်လေလေ ဖြစ် သည်။ အာဏာရှင်နိုင်ငံများ၊ တံခါးပိတ်နိုင်ငံ များအနေဖြင့်လည်း ထိုလမ်းကြောင်းမှတပါး အခြားရွေးရန်မရှိ၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုး တက်လာရန် ကမ္ဘာ့ရေစီးကြောင်းကြီးဖြစ်သော ဒီမိုကရက်တိုက်ဇေးရှင်းနှင့် ဖရီးမားကက်ကိုပင် ဖြတ်ကျော်ရမည် ဖြစ်သည်။ သို့သော်လည်း နိုင်ငံအကျိုးစီးပွား (National Interest) ထက် ကိုယ်ကျိုးစီးပွားရေး ရှေ့တန်းတင်တတ်သော တစ်ပါတီ၊ အာဏာရှင်များက ရတတ်သဖြင့် ခုခံကာကွယ်ထားကြပြန်သည်။ ဤတွင် အမေရိကန်နှင့် အလားတူနိုင်ငံ တို့က ဒီမိုကရေစီ၏ မဟာဗျူဟာဖြစ်သော Corporate culture ယဉ်ကျေးမှုအတွက် oratization ဟူသော ကော်ပိုရိတ်စနစ်ဖြန့်ကျက် ခြင်းကို ဆောင်ရွက်ကြသည်။ ကော်ပိုရိတ် ယဉ်ကျေးမှုသည် ‘ဒီမိုကရေစီယဉ်ကျေးမှုနှင့် အခြေခံလက္ခဏာများ တူညီကြပါသည်။ဒီမိုကရေစီကို တိုက်ရိုက်လက်ခံနိုင်ရန် တွန့်ဆုတ် ကြသော နိုင်ငံများအတွက် ကော်ပိုရိတ်ယဉ် ကျေးမှုကိုဦးစွာအမြစ်တွယ် ဖွံ့ဖြိုးစေခြင်းသည် မဟာဗျူဟာကျသော အစီအမံတစ်ရပ် ဖြစ်ပါ သည်။ ယနေ့ တရုတ်ပြည်တွင် ကော်ပိုရိတ် ယဉ်ကျေးမှု ကောင်းစွာထွန်းကားခဲ့ပြီး တဖြည်း ဖြည်း ဒီမိုကရေစီ ယဉ်ကျေးမှုသို့ ကူးပြောင်းလာ ကြပြီဖြစ်သည်။

ဒေသတစ်ခုတွင် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်၏ အစပြောင်းလဲမှုများ ပြန့်နှံ့ဖြစ်ပွားနေ ပါသည်။ နှစ်အတော်ကြာကပင် ကော်ပိုရိတ် ယဉ်ကျေးမှုကို အမေရိကန်တို့ ကလပ်စည်း ထည့် ဖွံ့ဖြိုးစေခဲ့ပြီးဖြစ်သည်။ ဆက်သွယ်ရေး နည်း စနစ်ထွန်းကားခြင်းက ယဉ်ကျေးမှုအကူးအ ပြောင်းကို များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။ ကူးစက်မှုနှုန်း ပို၍လျင်မြန်လာခဲ့၏။ ပို၍အား ကြီးလာခဲ့၏။ ဒေသတွင်းဘာသာတူ နိုင်ငံများကို နိုင်ငံရေးယဉ်ကျေးမှု ကူးပြောင်းနိုင်ရန် အမေရိ ကန်တို့ မဟာဗျူဟာချမှတ်ခဲ့ပြီး ဖြစ်သည်။

အမေရိကန်တို့၏ ဦးစားပေးမဟာဗျူဟာမှာ ကွန်မြူနစ်စနစ်ကို ဖြိုခွဲရန်ဖြစ်သည်။ ဘာလင် တံတိုင်းဖြိုချလိုက်နိုင်သည်မှစ၍ ကွန်မြူနစ် စနစ်တို့ ကျဆုံးသွားခဲ့သည်။ အမေရိကန်တို့၏ ပထမဦးစားပေး မဟာဗျူဟာပေါက်မြောက်မှု ဖြစ်သည်။ ဒုတိယဦးစားပေး မဟာဗျူဟာမှာ ယခု ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်၏ အစ ပိုင်းတွင်ရှိနေသော နိုင်ငံများဖြစ်သည်။

ဦးဆောင်သူတို့ မဖြစ်မနေလိုအပ်

မဟာဗျူဟာ အတွေးအမြင်သည် ဦး ဆောင်သူအဆင့်များ၌ မရှိမဖြစ်လိုအပ်သော အရည်အချင်း ဖြစ်သည်။ သာမန်အတွေး၊ သာ မန်အမြင်တို့မျှဖြင့်တော့ မလုံလောက်တော့ ချေ။ ခေတ်သစ်၏ လျင်မြန်သောအဟုန်ဖြင့် အ ပြောင်းအလဲများဖြစ်စဉ်တွင် ပို၍လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် ရှေးကကဲ့သို့ တံခါးပိတ်ကာ ခပ်ထီးထီးနေ၍မရတော့သော ကာလဖြစ်သည်။ အနည်းဆုံးဒေသအဆင့် အပူးအပေါင်း၊ အပြိုင် အဆိုင်တို့ရှိလာပြီ ဖြစ်သည်။ မဟာဗျူဟာ အ တွေး၊ မဟာဗျူဟာအမြင် မရှိသောနိုင်ငံသည် ဒေသတွင်းဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေး များ၌ များစွာ နောက်ကျန်ရစ်မည်ဖြစ်သည်။ နိုင်ငံတကာကုန်သွယ်ရေး၌လည်း များစွာအကျိုး ဖြစ်ထွန်းနိုင်မည် မဟုတ်ချေ။ စင်ကာပူသည် နိုင်ငံသေးသော်လည်း ဩဇာကြီး၏။ မဟာဗျူဟာ အခြေခံတည် ဆောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ အာဖရိက တိုက်၏ နိုင်ငံစုများသည် အရွယ်အစားအားဖြင့် ကြီးမားသော်လည်း ဩဇာတစ်စုံတစ်ရာ အင် အားကောင်းစွာ မရှိချေ။ ခေါင်းဆောင်တို့၏ အရည်အသွေးကွာခြားမှုကြောင့် ဖြစ်သည်။

ခေါင်းဆောင်တို့၏ အရည်အသွေး၊ ပညာအ တိမ်အနက်သည်မဟာဗျူဟာတစ်ရပ်၏ အ တိုင်းအဆဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ခေါင်း ဆောင် သို့မဟုတ် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီး၏ CEO တစ်ဦးတည်းက မဟာဗျူဟာကို ပုံဖော်နိုင် သည်မဟုတ်ချေ။ အကြံပေးများ၊ လက်ထောက် များ၏ အပံ့အပိုးဖြင့်သာ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူ့အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုသည် အရေးကြီးလာပါ၏။ ဤအ ချက်ကို အရေးတယူသိရှိကြသော ခေါင်း ဆောင်များက လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို မဟာဗျူဟာတစ်ရပ်ချမှတ်၍ ဆောင် ရွက်လာကြပါသည်။ CEO တစ်ဦး၊ ခေါင်း ဆောင်တစ်ဦးသည်သက်တမ်းတစ်ခုမျှသာ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ ကော်ပိုရေးရှင်း ကြီးတစ်ခု၏ သက်တမ်းသည် မျိုးဆက်ပေါင်းများ စွာအထိ ဖြစ်သည်။ ထို့ကြောင့် အရှည်သဖြင့် တည်တံ့ခိုင်မြဲရန် အမွေဆက်ခံသူများ ပညာ တောင့်တင်းကြံ့ခိုင်ရန် လူ့သားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေးကို အရေးတယူ ဆောင်ရွက် သင့်ကြပါသည်။ ဤသည်ကပင် မဟာဗျူဟာ တစ်ရပ် ဖြစ်ပါသည်။

ဒေါက်တာနေဇင်လတ်

မူရင်းဆိုဒ်။ ။ http://ecovisionjournal.com/coverstory/?year=5&month=3&VOL=121

မြေအောင်းပွေး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင်ကက်စထရို အုပ်စိုးတဲ့ ကျူးဘားနိုင်ငံက မိုင် ၉၀ အကွာပင် လယ်ခြားလျက်ရှိတဲ့နယ်မြေ ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တာကြောင့် ကျူးဘား ပြည်ထဲနေမရတဲ့ အတိုက်အခံတွေ ဒီမိုကရေစီသမားတွေ ဒုက္ခသည်တွေအတွက် ဖလော်ရီဒါပြည်နယ် မြို့တော် မိုင်ယာ မီဟာ အချက်အခြာလွတ်မြောက်ဒေသဖြစ်နေရုံတင်မက စားဝတ်နေရေးအတွက်ထွက်လာသူ ကျူးဘား ရွှေ့ပြောင်း အလုပ်သမားတွေအဖို့လဲ အရေးပါတဲ့ အားကိုးခိုနားရာဖြစ်နေပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ မြန်မာအတိုက်အခံမျိုးစုံအတွက် ဗဟိုချက်ဖြစ်နေသလိုမျိုး ဖြစ်ပါတယ်။

ဒါကြောင့် ကျူးဘားအစိုးရ ထောက်လှမ်းရေးဟာ မိုင်ယာမီမှာရှိတဲ့ အဝေးရောက်အဖွဲ့အစည်းပေါင်းစုံထဲကို နှစ်ပေါင်း ၄၀ ကျော် စိမ့်ဝင်ထိုးဖောက်ခဲ့ပြီး အဲဒီအတိုက်အခံအဖွဲ့တွေကို သတင်းထောက်လှမ်းရုံတင်မက ချုပ်ကိုင်စေခိုင်းနိုင်တဲ့အထိ စွမ်းဆောင်ခဲ့ပါတယ်။ ဒီအတိုက်အခံအဖွဲ့တွေထဲက အတက်ကြွအလှုပ်ရှားဆုံးအဖွဲ့ရဲ့ စစ်ဆင်ရေးမှူးဟာ အာဏာရှင် ဖီဒယ်ကက်စ်ထရို ဆီကို ၁၀ နှစ်ကျော် လျှို့ဝှက်သတင်းပို့နေခဲ့သလို စီအိုင်အေက သိမ်းသွင်းခဲ့တဲ့ ကျူးဘားအတိုက် အခံ ၄၀-၅၀ လောက်ဟာလဲ တကယ့်လက်တွေ့မှာ ကျူးဘားထောက်လှမ်းရေးလူတွေ ဖြစ်နေခဲ့ပါတယ်။

ကျူးဘားနိုင်ငံကို လေယာဉ်နဲ့ စာသွားကြဲ၊ လူခေါ်ထုတ်တာတွေလုပ်တဲ့ ထိပ်သီးအတိုက်အခံအဖွဲ့ရဲ့ အမှုဆောင် ကျူးဘားလေတပ်လေသူရဲဟောင်း ဟွမ်ပါဘလိုရော့က်ဟာ မထင်မှတ်တဲ့တနေ့မှာ ကျူးဘားရုပ်မြင်သံကြားမှာပေါ်လာ ပြီး သူ့အဖွဲ့ကို စီအိုင်အေသြဇာခံအဖွဲ့လို့ ရှုတ်ချတာတွေ လုပ်လာမှ ဒီလူဟာ ကက်စထရိုမြှုပ်ထားတဲ့ မြေအောင်း ပွေး မှန်း အားလုံးသိသွားကြပါတော့တယ်။ သူသတင်းပေးလို့ အတိုက်အခံလေယာဉ် ၂ စင်းကို ကက်စထရို လေတပ်က ပစ်ချနိုင်ခဲ့ပါတယ်။

ရာနဲ့ချီတဲ့ ကျူးဘားသူလျှိုတွေ ပွေးတွေဟာ အခုထိ အမေရိကန်နိုင်ငံမှာ နေထိုင် အလုပ်လုပ်နေကြတယ်လို့ ၁၉၈၇ ခု မှာ ဘက်ပြောင်းလာတဲ့ ကျူးဘားထောက်လှမ်းရေး ဗိုလ်မှူးဖလော်ရင်တီနိုအက်စ်ပီလဂါက ထုတ်ဖော်ပြောခဲ့ပါတယ်။ ၁၉၆၄-၆၅ ခုနှစ်လောက်ကစပြီး စီအိုင်အေသိမ်းသွင်းခဲ့တဲ့ ကျူးဘားလူမျိုးအများစုကြီးဟာ ကက်စထရိုအတွက် လျှို့ ဝှက်အလုပ်လုပ်ပေးနေတဲ့ နှစ်ဖက်ချွန်တွေ ဖြစ်တယ်လို့လဲ ဖော်ထုတ်ခဲ့ပါတယ်။ ဒီဗိုလ်မှူးပြောတာမှန်ကြောင်း ၁၉၉၁ ခုမှာ သက်သေအထောက်အထား တွေ့ခဲ့ရပါတယ်။

ကျူးဘားပွေးတွေဟာ အတိုက်အခံခေါင်းဆောင်တွေ၊ ဒုတိယတန်းခေါင်းဆောင်တွေ၊ သံတမန်တွေ၊ တက္ကဆီကား မောင်းသမားတွေ၊ လက်နက်အရောင်းအဝယ်သမားတွေ၊ မူးယစ်ဆေးကုန်ကူးသမားတွေ၊ မီဒီယာသမားတွေအဖြစ် အသွင်ယူလှုပ်ရှားနေကြပါတယ်။ မိုင်ယာမီမြို့ရဲ့ ကျူးဘားရပ်ကွက်က အရက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လှုပ် ရှားနေကြပါတယ်။ ကျူးဘားထောက်လှမ်းရေးတွေ မြေအောင်းပွေးတွေကို အဓိကကွပ်ကဲကြီးကြပ်နေတာကတော့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ကျူးဘားသံရုံးဖြစ်ပါတယ်။

ဟွမ်ပါဘလိုရော့က်ကို အမေရိကန် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့က လစာ ဒေါ်လာ ၆ ထောင်ကျော်ပေးပြီး ကျူးဘားနဲ့ပတ်သက်တဲ့သတင်းတွေ ထောက်လှမ်းပေးပို့ခိုင်းထားတာ ဖြစ်ပါတယ်။ ဒီအနေအထားကိုအသုံးချပြီး ကျူးဘားထောက်လှမ်းရေးဟာ ရော့က်ကတဆင့် အက်ဖ်ဘီအိုင်ကို ကိုင်တွယ်ကစားခဲ့ပါတယ်။ လိုရင်လိုသလို သတင်း မှားတွေ သတင်းလွဲတွေ ခွံ့ပေးပြီး အက်ဖ်ဘီအိုင်အဖွဲ့ကြီးကိုလဲ တန်ပြန်ထောက်လှမ်း၊ ကျူးဘားအတိုက်အခံ အဖွဲ့တွေ ကိုလဲ ဂျောက်ကျအောင်လုပ်နိုင်ခဲ့ပါတယ်။

ဟိုဆေးရာဖယ်လ်ဖာနန်ဒက်ဇ်ဘရင်းနစ္စ ကတော့ ၁၉၈၈ ခုမှာ ကျူးဘားသင်္ဘောသားဘဝကနေ အမေရိကန်မှာ ခုန်ချ ပြီး အမေရိကန်အစိုးရအလုပ်တခု ရခဲ့ပါတယ်။ သူဟာ အမေရိကန်အစိုးရ အထောက်အပံ့နဲ့ (လွတ်လပ်သော ဥရောပ အသံ၊ လွတ်လပ်သောအာရှအသံတို့နဲ့အဆင့်တူ) မာတီ ရုပ်သံလွှင့်ဌာနကို တည်ထောင်ပြီး ကက်စထရို ဆန့်ကျင်ရေး တွေ ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၉၀ ခု မတ်လမှာ မာတီ ရုပ်သံ စလွှင့်လွှင့်ချင်း ကျူးဘားအစိုးရက ရုပ်သံလှိုင်းကို တိတိ ကျကျ ထိထိရောက်ရောက်ဖျက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘရင်းနစ္စ လျှို့ဝှက်ပေးပို့ထားတဲ့ လှိုင်းနှုန်းနဲ့ နည်းပညာအချက် အလက်ကြောင့် ချက်ခြင်း အတိအကျဖျက်နိုင်တာ ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေအလုပ်ဆုံး အပြင်းထန်ဆုံးကက်စထရိုဆန့်ကျင်ရေးအဖွဲ့တခုဖြစ်တဲ့ အယ်လ်ဖာ ၆၆ အဖွဲ့ ခေါင်းဆောင် ဖရန်စစ္စကိုအဗီလာအက်ဇ်ကျွီ ဟာ အမေရိကန်အက်ဖ်ဘီအိုင်နဲ့ ကျူးဘားထောက်လှမ်းရေးကို တပြိုင် တည်း လျှို့ဝှက်သတင်းပေးနေသူဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ကျူးဘားနိုင်ငံကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှု တခု စီစဉ်ခဲ့ပြီး အက်ဖ်ဘီအိုင်ကို သတင်းပို့အကူညီယူခဲ့သလို ကျူးဘားထောက်လှမ်းရေးကို သတင်းပို့ပြီး အယ်လ်ဖာ ၆၆ တပ်ဖွဲ့ဝင် ရဲဘော် ၇ ယောက်အဖမ်းခံစေခဲ့ပါတယ်။ သူဟာ ကက်စထရိုဆန့်ကျင်ရေးထိပ်သီးခေါင်းဆောင် ၄၀ ရဲ့ သွားလာလှုပ်ရှားနေထိုင်မှုတွေကိုလဲ ကျူးဘားနိုင်ငံဆီ သတင်းပို့ခဲ့ပါတယ်။

အဇ္ဇရေးထောက်လှမ်းရေး အီလီကိုဟင်ဟာ ဆီးရီးယားအစိုးရထဲ စိမ့်ဝင်ထိုးဖောက်ခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးအရာရှိချုပ်ဖြစ်လာပြီး ကာကွယ်ရေးဝန်ကြီးရာထူး ရလုနီးပါးဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ဆီးရီးယားနိုင်ငံရဲ့ ဂိုလန်ကုန်းမြင့် ခံစစ်ပြင်ဆင်မှုအသေးစိတ်၊ ဆီးရီးယားတပ်မတော် စစ်အင်္ဂါစဉ်၊ လက်နက်အင်္ဂါစဉ်တွေကို အဇ္ဇရေးက အပြည့်အစုံရသွားခဲ့ပါတယ်။ ဒါတင်မက ဆီးရီးယားတပ်စခန်းတိုင်းမှာ ‘စစ်သားတွေအရိပ်ရအောင်’ ဆိုပြီး ယူကလစ် ပင်တွေစိုက်ခိုင်းခဲ့တဲ့အတွက် TRP (ပစ်မှတ်ညွှန်မှတ်) ဖြစ်သွားပြီး အဇ္ဇရေးလက်နက်ကြီးတွေ ချိန်ရလွယ်သွားစေပါ တယ်။ ၁၉၆၅ ခုမှာ အယောင်ဆောင်မှုပေါ်သွားလို့ ကွပ်မျက်ခံခဲ့ရပေမဲ့ သူပေးခဲ့တဲ့ အချက်အလက်တွေကြောင့် ၁၉၆၇ အာရပ်-အဇ္ဇရေးစစ်ပွဲမှာ ရက်ပိုင်းအတွင်း ဂိုလန်ကုန်းမြင့်ကို အဇ္ဇရေးတပ်တွေ သိမ်းနိုင်ခဲ့ပါတယ်။

အဇ္ဇရေးနိုင်ငံက နောက်ထပ်နာမယ်ကျော်မြေအောင်းပွေး ဝုလ်ဖ်ဂဲင်းလော့ဇ်ဟာလဲ ဂျာမန်စီးပွားသမား အသွင်ယူပြီး အိဂျစ်နိုင်ငံ ကာကွယ်ရေးအသိုင်းအဝိုင်းထဲ ထိုးဖောက်နိုင်ခဲ့လို့ အိဂျစ်နိုင်ငံရဲ့ ဒုံးပျံစခန်းတွေ၊ အိဂျစ်ကိုကူညီနေတဲ့ ဂျာမန်သိပ္ပံပညာရှင်တွေအကြောင်း သတင်းရယူပြီး အဇ္ဇရေးနိုင်ငံကိုပို့ပေးနိုင်ခဲ့ပါတယ်။

၁၉၇၅ ခုမှာ ခမာနီသူပုန်တွေ ကမ္ဘောဒီးယားတနိုင်ငံလုံးကို သိမ်းလိုက်တဲ့အခါ ပြုတ်ကျသွားတဲ့ အမေရိကန်သြဇာခံ ဗိုလ်ချုပ်ကြီးလွန်နိုးအစိုးရထဲက ဝန်ကြီးတယောက်ဟာ နှစ်ရှည်လများမြှုပ်ထားတဲ့ ခမာနီမြေအောင်းပွေး ဖြစ်နေတာ တွေ့ကြရပါတယ်။ ဒီနှစ် ဧပြီလထဲမှာဘဲ တောင်ဗီယက်နမ်လေတပ်ထဲမှာ နှစ်နဲ့ချီမြှုပ်ထားတဲ့ ဗီယက်ကောင်းပွေး လေ သူရဲ ငုယင်ထန်ထရန်းက အက်ဖ်-၅ တိုက်လေယာဉ်နဲ့ တောင်ဗီယက်နမ်သမတနန်းတော်ကို ဗုံးကြဲပြီး မြောက်ဗီယက် နမ်နိုင်ငံကို သူ့တိုက်လေယာဉ်နဲ့ ထွက်ပြေးခိုဝင်သွားခဲ့ပါတယ်။

ရန်ဖက်အဖွဲ့အစည်းတွေထဲကို ကိုယ့်ထောက်လှမ်းရေးအဖွဲ့ဝင်တွေကို မြေအောင်းပွေးအဖြစ် ရေရှည်မြှုပ်နှံကြတာတွေ ရှိသလို တဖက်အဖွဲ့အစည်းထဲကလူတွေကို ချဉ်းကပ်စည်းရုံးပြီး မြေအောင်းပွေးအဖြစ် သိမ်းသွင်းတာတွေလဲ ကမ္ဘာ့နိုင် ငံရေးမှာ ထုံးစံဖြစ်နေပါတယ်။

ဆိုဗီယက်ရုရှားနိုင်ငံရဲ့ ကေဂျီဘီ ထောက်လှမ်းရေးအဖွဲ့ဟာ ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ဝင် ကင်မ်ဖှီလ်ဘီ နဲ့ ဂိုင်း ဘားဂျက်စ် တို့ကို ရုရှားအတွက် မြေအောင်းပွေးအဖြစ် ကိမ်းဘရစ်တက္ကသိုလ်ကျောင်းသားဘဝကတည်းကစပြီး နှစ်ရှည်မွေးမြူခဲ့သလို အမေရိကန်စီအိုင်အေအဖွဲ့ဝင် အဲလ်ဒရစ်ခ်ျအေးမစ္စကိုလဲ နှစ်နဲ့ချီပြီး ပွေးမွေးနိုင်ခဲ့ပါတယ်။ စီအိုင် အေကလဲ ရုရှားစစ်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးပင်ကော့ဗ်စကီး (နောက်ပိုင်း သစ္စာဖောက်မှုနဲ့ကွပ်မျက်ခံရ) နဲ့ ကေဂျီဘီထောက်လှမ်းရေးထိပ်သီး ဗိုလ်ချုပ်ကြီးအိုးလစ်ဂ်ျကာလူဂျင် တို့ကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ပင်ကော့ဗ်စကီး ဆီကရတဲ့အချက်အလက်တွေဟာ ၁၉၆၂ ခု ကျူးဘားဒုံးပျံအရေးအခင်းမှာ အမေရိကန်အတွက် အင်မတန်တန်ဖိုးရှိခဲ့ ပါတယ်။ ဗိုလ်ချုပ်ကြီးကာလူဂျင်ကတော့ ဆိုဗီယက်အာဏာရှင်စနစ်ပြိုကွဲသွားတဲ့အခါ ဘောရစ္စယဲ့လ်ဆင် ရဲ့ လက်ရုံး ဖြစ်လာခဲ့ပြီး ဗလာဒီမာပူတင် လက်ထက်မှာတော့ အမေရိကန်မှာခိုလှုံနေတဲ့ ဗိုလ်ချုပ်ကြီးဟာ မျက်ကွယ်မှာ တရားစီရင် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဗမာပြည်က နအဖစစ်အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာရော အပစ်ရပ်အဖွဲ့တွေထဲမှာပါ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၉၁ ခုက ကချင်ပြည်နယ်မှာရှိတဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အတွင်း ဖြုတ်ထုတ်သတ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တာဟာ ဂန္ဓဝင်မြောက်တဲ့ မြေအောင်းပွေးစီမံချက်ဖြစ်ပါတယ်။

ကိုးကန့်ငြိမ်းအဖွဲ့ထဲမှာ ပယ်စောက်ချဉ်ကို ရခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ပြဿနာတက်တဲ့အခါ အဖွဲ့ တွင်းအာဏာသိမ်းပွဲလုပ်ခိုင်းပြီး နအဖစစ်တပ်တွေ ဝင်စွက်ခွင့်ရသွားစေပါတယ်။ အလားတူဘဲ ရှမ်းပြည်တောင်ပိုင်းက ရလလဖ (ပအိုဝ်းနီ) ငြိမ်းအဖွဲ့ထဲမှာ ခွန်ချစ်မောင်ကို ပွေးမွေးနိုင်ခဲ့ပြီး အဖွဲ့တွင်း အာဏာသိမ်းပွဲတွေ အကွဲအပြဲတွေ ဖန်တီး၊ နောက်ဆုံး ၂၀၀၇ ခုမှာ အကြွင်းမဲ့လက်နက်ချစေခဲ့ပါတယ်။ ပလောင်ငြိမ်းအဖွဲ့မှာတော့ ဥက္ကဌ အိုက်မုန်းကို ပွေးမွေးပြီး ၂၀၀၅ ခုမှာ အကြွင်းမဲ့လက်နက်ချစေနိုင်ခဲ့ပါတယ်။ မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ပီအဲန်အို (ပအိုဝ်းဖြူ) ဥက္ကဌ အောင်ခမ်းထီတို့ဟာလဲ နာမယ်ကျော် မြေအောင်းပွေးတွေ ဖြစ်ပြီး ၁၉၉၅ မှာ ကေအဲန်ယူနဲ့ ဒီကေဘီအေ ကွဲ အောင်၊ ၁၉၉၁ မှာ မဒတ/ဒီအေဘီ ကနေ ပီအဲန်အို သစ္စာဖောက်အောင်နဲ့ ၂၀၁၀ ခုမှာ ပအိုဝ်းပြည်သူ့စစ် အသွင်ပြောင်း အောင် အချိန်ကိုက်စွမ်းဆောင်ပေးခဲ့ကြပါတယ်။

နအဖဟာ ငြိမ်းအဖွဲ့တွေတင်မကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလဲ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးပမ်းခဲ့ပါ တယ်။ အဖွဲ့ချုပ်ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်းအောင်ရွှေနဲ့ ဗိုလ်မှူးကြီးဟောင်းမောင်လွင်တို့ကို သိမ်းသွင်းခဲ့ပုံတွေ၊ နာ မယ်ကြီးမျိုးရိုးနောက်ခံရှိ ပြည်ပရောက်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဒေါ်စုအစ်ကိုရင်း အောင်ဆန်းဦး၊ ကု လအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ သမီး အေးအေးသန့်၊ သားမက် တင်မြင့်ဦး၊ မြေး သန့်မြင့်ဦး၊ ဖဆပလ ဝန်ကြီး ဟောင်း ဦးကျော်ငြိမ်းရဲ့သားနှစ်ယောက်တို့ကို သိမ်းသွင်းခဲ့တာတွေကို ကိုယ်တိုင်ပါဝင်စည်းရုံးခဲ့တဲ့ နအဖ ထောက်လှမ်း ရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဖော်ထုတ်ပြခဲ့ပါတယ်။ အေးလွင်ကိုလဲ စောစောပိုင်းထောင်ကျကတည်းက သိမ်း သွင်းနိုင်ခဲ့တာကို တခြားထောက်လှမ်းရေးဟောင်းတွေက ပြန်ပြောပြခဲ့ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ် မဖော်ထုတ်ပြသေးပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံ တွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ်ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီး သမား စိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟုပိဋကအိုးကွဲအဖွဲ့တို့ဟာလဲ မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။ ရန်ကုန်က အီးဂရက် ပိဋကအိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။

အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာမြေအောင်းပွေးသတင်းကတော့ ပြည်ပရောက်အတိုက်အခံတွေ ထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဦး မောင်မောင် သတင်းဖြစ်ပါတယ်။ အရင်ကတည်းက သူနဲ့ဆက်တဲ့ယူဂျီတွေ ထောင်ထဲရောက်သွားတာ၊ မဲဆောက်မှာ အက်ဖ်တီယူဘီညီလာခံလာတက်တဲ့ ပြည်တွင်းကကိုယ်စားလှယ်ဆိုသူတွေ ထောင်မကျဘဲ နအဖက ပြန်လွှတ်ပေး လိုက်တာတွေ ကြားခဲ့ဖူးပါတယ်။

ပြည်တွင်းမှာ ဦးတင်ဦး-ဦးဝင်းတင်တို့က ရွေးကောက်ပွဲသပိတ်မှောက်ရေး အားကြိုးမာန်တက် လုံးပမ်းနေချိန်၊ ပြီးခဲ့တဲ့ အောက်တိုဘာ-နိုဝင်ဘာမှာ တော်လှန်တဲ့လွှတ်တော် ဆိုတာကို ဦးမောင်မောင်ခေါင်းဆောင်ပြီး နယ်စပ်မှာ ဖွဲ့စည်း ခဲ့ တာဟာ ပြည်တွင်းတိုက်ပွဲကို အာရုံလွှဲ လမ်းလွှဲဖို့လုပ်တာလို့ အများထင်စရာဖြစ်ခဲ့သလို ဦးတင်ဦး-ဦးဝင်းတင်တို့ဆီ က သဘောတူထောက်ခံကြောင်း အသံဖိုင်ပို့အကြောင်းကြားတယ်လို့ လီဆယ်ပြီး တိုင်းရင်းသားတွေနဲ့ တခြား ကိုယ်စား လှယ်တွေကို ဆိုးဆိုးဝါးဝါး ဖိုးတွမ်တီးရိုက်ခဲ့တဲ့ ဧရာမနိုင်ငံရေးရာဇဝတ်မှုကြီး ကျူးလွန်တာလဲ ကြားခဲ့ရပါ သေးတယ်။

အခုတော့ နအဖနဲ့ ဆက်သွယ်ဝင်ထွက်တဲ့အထောက်အထား ခိုင်ခိုင်မာမာပေါ်လာခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာအဓိကအကျဆုံး ဗမာအတိုက်အခံခေါင်းဆောင်ကြီး ဗမာပြည်ခိုးသွားတာကို ထိုင်းထောက်လှမ်းရေးကလဲ မသိဘဲမနေပါဘူး။ ထိုင်း ထောက်လှမ်းရေး မသိလိုက်ဘူးဆိုရင်တော့ တော်တော်ညံ့တဲ့ထောက်လှမ်းရေးလို့ဘဲ မှတ်ချက်ချစရာရှိပါတယ်။ ဘန် ကောက်မှာရှိတဲ့ နအဖသံရုံးနဲ့ မဲဆောက်တဖက်ကမ်း မြဝတီကို အဲန်စီယူဘီအစည်းအဝေးသတင်းတွေ အတိအကျ အ ပြည့်အစုံ နေ့မကူးဘဲ ဝင်နေတာကို ထိုင်းထောက်လှမ်းရေးတွေ သိနေတာတော့ ကြာပါပြီ။ အခုတော့ ၁ နဲ့ ၁ ပေါင်း လိုက်ရင် ၂ ထွက်တာကို ကောက်ချက်ချလို့ ရသွားလောက်ပါပြီ။

မဲဆောက်က အဝေးရောက်အတိုက်အခံအဖွဲ့ အတော်များများရဲ့ ရုံးခန်းတွေဖောက်ထွင်းခံရပြီး ကွန်ပျူတာဟာ့ဒ်ဒစ် တွေ လက်ပ်တော့ကွန်ပျူတာတွေ မကြာခဏခိုးခံရတာတွေဟာလဲ အတွင်းလူမြေအောင်းပွေးတွေအကူအညီ မပါဘဲ မဖြစ်နိုင် ပါဘူး။ မြေအောင်းပွေးတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကွန်ယက်ဖွဲ့စည်းရေး မပြောခင်ကတည်းက ထိုင်းနိုင်ငံ၊ အမေ ရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှာ ဒီမိုကရေစီဆန့်ကျင်ရေး စစ်အာဏာရှင်ထောက်ခံရေး ပွေး ကွန်ယက် ဖွဲ့စည်း ထားပြီး ဖြစ်ပုံရပါတယ်။

ထိပ်သီးပြည်ပရောက်အတိုက်အခံအဖွဲ့ကြီးအတွင်းက မြေအောင်းပွေးအမှုကို စစ်ဆေးဆုံးဖြတ်နိုင်ဖို့အတွက် စုံစမ်းရေး ကော်မရှင်တခုကို အဲန်စီယူဘီက ဖွဲ့ထားတာတွေ့ရပါတယ်။

ဗမာပြည်တွင်းဥပဒေအရ ကြည့်ရင်တော့ အစိုးရအဆက်ဆက်ဟာ ဒီလို မြေအောင်းပွေးအမှု သို့မဟုတ် သူလျှိုမှု အ တွက် ရာဇသတ်ကြီးဥပဒေ နိုင်ငံတော်သစ္စာဖောက်မှု ပုဒ်မ ၁၂၁၊ ၁၂၂ နဲ့ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၅၉ ခု တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ အရ သေဒဏ်၊ ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၂ နဲ့ ၃ အရ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၂၃ ခု နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ အရ ၁၄ နှစ်အထိ ထောင်ဒဏ်တွေ တိတိကျကျသတ်မှတ်ထားပါတယ်။ ဒီအမှုမျိုးမှာ အာမခံပေးခွင့်မရှိပါဘူး။ (နအဖထိပ်သီး ဗိုလ်ချုပ် ရွှေမန်းရဲ့ မြောက်ကိုး ရီးယားခရီးစဉ် သတင်းပေါက်ကြားစေခဲ့တယ်ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် ကိုတော့ နအဖက ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ်ချခဲ့ပါတယ်။)

ဒါ့အပြင် သက်သေ အထောက်အထားတွေကို ဝိုင်းဝန်းပြင်ဆင်တာ ဖျောက်ဖျက်တာတွေကလဲ ရာဇသတ်ကြီးဥပဒေ မ မှန်မကန်သက်သေခံမှုပုဒ်မ ၁၉၁၊ ၁၉၂၊ ၁၉၃၊ ၂၀၁ တို့နဲ့ငြိစွန်းနေပြီး ရာဇဝတ်မကင်းသောပူးပေါင်းကြံစည်မှု ပုဒ်မ ၁၂၀ (က)(ခ)၊ နိုင်ငံတော်သစ္စာဖောက်မှုကိုအားပေးမှု ပုဒ်မ ၁၂၃၊ ထိန်ချန်မှု ပုဒ်မ ၁၂၄ တို့နဲ့လဲ ငြိပါတယ်။ အစိုးရဌာနတွင်း စုံစမ်းစစ်ဆေးရေးနဲ့ပတ်သက်တဲ့ ဂျီဆာကျူလာ လုပ်ထုံးလုပ်နည်းတွေလဲ ရှိပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်မှန်တဲ့တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ တော်လှန်ရေးသတိ၊ လုံခြုံရေးအသိတွေ အစဉ် နိုး ကြားနေဖို့ လိုအပ်ကြောင်းပါ။

ဂါမဏိ

mole (နာမ်)။ ၁။ ပွေးသတ္တဝါ။

၂။ တဖက်ရန်သူအတွင်း အယုံသွင်းမြှုပ်နှံထားသော သူလျှို။

(ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန် မှ)

မဟာဗျူဟာ (၂၁)

Friday, 25 November 2011 Written by Kyaw Win

အားကောင်းချက်များအပေါ် အခြေခံသော မဟာဗျူဟာ
အားသာချက်မှာ နှိုင်းရသဘောသာဖြစ်သည်။

ကျွန်ုပ်တို့၏အားသာချက်များမှာ ပြိုင်ဘက်များကို တိုက်ပွဲဆင်နိုင်ရန်အတွက် အခွင့်အလမ်းပင်ဖြစ်သည်။ သို့တိုင်အောင် ကျွန်ုပ်တို့တွင် ပြိုင်ဘက် ထက်သာလွန် ကောင်းမွန်သော မဟာဗျူဟာ အားသာချက် တစ်ခုခုရှိမှသာ အဆိုပါ အခွင့်အလမ်းကို အသုံးပြုနိုင်မည် ဖြစ်သည်။ သက်ဆိုင်ရာနယ်ပယ်တွင် ပြိုင်ဘက်များဘက်မှလည်း အားကောင်းချက်များရှိနေလျှင် သို့မဟုတ် ပြိုင်ဘက်များအနေနှင့် ခံစစ်စည်းကို ကောင်းကောင်း ပြင်ထားနိုင်လျှင် မဟာဗျူဟာမြောက် အားသာချက်ဟု ဆိုနိုင်မည် မဟုတ်ပါချေ။ ပြိုင်ဘက်နှင့် ကျွန်ုပ်တို့၏ အားကောင်းချက်များမှာ အားမျှခြေအနေအထားတွင်ရှိနေ၍ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် အကျိုးများနိုင်ဖွယ်ရာ မရှိသောကြောင့် ဖြစ်သည်။

ပြိုင်ဘက်၏ အားနည်းချက်မှ ထွက်ပေါ်လာသော ကျွန်ုပ်တို့၏ အားကောင်းချက်များကိုမူ မဟာဗျူဟာ အားသာချက်အဖြစ် ယေဘုယျ မှတ်ယူ နိုင်စရာရှိပါသည်။ ဤသို့သော အားကောင်းချက်မျိုးကို ပြည့်ပြည့်ဝ၀ အသုံးပြုနိုင်သည်။ အသုံးမပြုဘဲ လျစ်လျူရှုထားသည်မျိုး မဖြစ်သင့်ဟူ၍ပင် ဆိုရပါလိမ့်မည်။ အကယ်၍ အသုံးမပြုနိုင်လျှင် ရရှိထားသော မဟာဗျူဟာ အားသာချက်ကို ဖြုန်းတီးရာ ရောက်ပါသည်။ ဤတွင် ပြောလိုသည်မှာ မဟာဗျူဟာ အားသာချက် မြောက်၊ မမြောက် သတ်မှတ် ဆုံးဖြတ်နိုင်ရန် မိမိတို့၏ အားကောင်းချက်များကို သရုပ် ခွဲစိစစ်နိုင်ဖို့ပင်ဖြစ်သည်။ မိမိအဖွဲ့အစည်း၏ ကိုယ်ပိုင်အားကောင်းချက်လော၊ ပြိုင်ဘက်၏ အားနည်းချက်မှ လာသည့် အားကောင်းချက်လော ဆိုသည်ကို စိစစ်နိုင်ရန် ဖြစ်ပါသည်။

အကယ်၍ မိမိအဖွဲ့အစည်း၏ ကိုယ်ပိုင် အားကောင်းချက်ဖြစ်သည် ဆိုပါစို့။ ပြိုင်ဘက် အဖွဲ့အစည်၏အနေအထားကို မေးခွန်းထုတ် ကြည့်ဖို့ လိုပါသည်။ မေးခွန်း၏အဖြေပေါ်မူတည်ပြီး မဟာဗျူဟာမြောက် အားသာချက် ဟုတ်၊ မဟုတ် ဆုံးဖြတ်ရမည် ဖြစ်သည်။ (အောက် ပါဇယားကိုကြည့်ပါရန်)

အကယ်၍ မိမိအဖွဲ့အစည်း၏အားကောင်းချက်မှာ ပြိုင်ဘက်၏အားနည်းချက်မှ လာသည် ဆိုလျှင် မိမိတို့ ဘာလုပ်နိုင်မည်ကို မေးခွန်း ထုတ်ကြည့်ဖို့ လိုပါသည်။ မေးခွန်း၏အဖြေပေါ် မူတည်ပြီးမှ သာ မဟာဗျူဟာမြောက် အားသာချက် ဟုတ်၊ မဟုတ် ဆိုသည်ကို ဆုံးဖြတ် ရမည် ဖြစ်သည်။ (ဇယားကိုကြည့်ပါရန်)

ဤ သဘောများကို ဆင်ခြင်ကြည့်ပါက မိမိတို့တွင် အားကောင်းချက်များ အခိုင်အမာ ရှိနေသည် ဆိုစေဦး 'မဟာဗျူဟာမြောက် အားသာချက်ရှိနေပြီ' ဟု ယတိပြတ် မဆိုနိုင်ကြောင်း ထင်ရှားပါသည်။

Feedback and Mission

မဟာဗျူဟာ စီမံချက် ရေးဆွဲသူ တစ်ယောက် အနေနှင့် ရင်ဆိုင် ရမည့် အခက်အခဲဆုံး လုပ်ငန်းတာဝန် တစ်ရပ်မှာ အခြေအနေ အကဲဖြတ်ချက် မှ ထွက်ပေါ်လာသော အဖြေများကို မစ်ရှင် နှင့် ပြန်လည် ချိန်ညှိပြီး အောက်ပါ မေးခွန်း သုံးရပ်ကို တိတိပပ အဖြေထုတ် ရမည့် တာဝန်ဖြစ်ပါသည်။

၁။ လက်ရှိ မစ်ရှင် အောင်မြင်နိုင် သလော သို့မဟုတ် အရေးနိမ့် နိုင်သလော။
၂။ လက်ရှိ မစ်ရှင် အောင်မြင် ဖို့ဆိုလျှင် အပြောင်းအလဲများကို ဘယ်လောက် အတိုင်းအတာအထိ လုပ်ဖို့လိုမည်နည်း။
၃။ လက်ရှိ မစ်ရှင်တစ်ခုလုံး၏ ရည်မှန်းချက်များကို ရေရှည် မဟာဗျူဟာအဖြစ် ပြောင်းလဲ သတ်မှတ်မည်လော သို့မဟုတ် လက်ရှိ မဟာဗျူဟာ အဆင့်မှာပင် လက်ရှိ မစ်ရှင်ကို လိုအပ်သလို ပြုပြင်ပြောင်းလဲ သွားမည်လော။

ဤ မေးခွန်းသုံးရပ်ကို အဖြေပေး၊ ဆုံးဖြတ်သတ်မှတ်ရေးမှာ မဟာဗျူဟာစီမံချက်၏ အရေးအကြီးဆုံး အဆင့်ပင် ဖြစ်ပါသည်။ ဤအဆင့်တွင် မဟာဗျူဟာ စီမံချက် ရေးဆွဲသူ၏ အခန်းကဏ္ဍမှာ အထူးအရေးကြီးသည်။ သူ၏တစ်ဦးချင်း ဆုံးဖြတ်နိုင်စွမ်းမှာ 'အခရာ' ဟူ၍ပင် ဆိုနိုင်လောက်ပါသည်။

မဟာဗျူဟာစီမံချက် ရေးဆွဲသူ၏ အခန်းကဏ္ဍ

မဟာဗျူဟာ စီမံချက် တစ်ရပ်အနေဖြင့် ပိုမို အားကောင်းသော သေချာရေရာမှုကို အာမခံနိုင်ရမည် ဖြစ်သော်လည်း အဆုံးစွန်အနေနှင့် ပြောရလျှင် အဆိုပါ သေချာရေရာမှုမှာ စီမံချက် ရေးဆွဲသူ၏ အခြေအနေမှန်ကို သိမြင်နိုင်စွမ်း၊ ဗီဇစိတ်ဖြင့် ထိုးထွင်း ကြံဆနိုင်စွမ်း တို့အပေါ်တွင် များစွာ မူတည်လေ့ရှိပါသည်။ တစ်ပြိုင်နက်တည်းမှာပင် စီမံချက်ရေးဆွဲသူ ကိုယ်တိုင်မှာ လူထဲမှ လူသာ ဖြစ်လေရာ ပုဂ္ဂလ ဓိဋ္ဌာန်သဘောဆောင်သော စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှုများမှ ရာနှုန်းပြည့် ကင်းလွတ်နိုင်လိမ့်မည် မဟုတ်ပါချေ။ ဤသို့သော ဝိရောဓိ သဘောဆောင်မှုကြောင့်ပင် စီမံချက် ရေးဆွဲသူ၏ အခန်းကဏ္ဍမှာ အရေးကြီးနေရခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ရည်မှန်းချက် (မစ်ရှင်) နှင့် တွေ့ရှိချက် (အကဲဖြတ်ချက်)တို့ ပြန်လည် ချိန်ညှိရသော အဆင့်တွင် ဆိုခဲ့ပါ စီမံချက် ရေးဆွဲသူ၏ အခန်းကဏ္ဍမှာ ပို၍ပင် အရေးကြီးပါသေးသည်။ မကြာခဏဆိုသလို ကြုံတွေ့ရသည့် ပြဿနာမှာ မစ်ရှင်နှင့် တွေ့ရှိချက်တို့ အဟပ် ကွာလွန်းလျှင် စီမံချက်ရေးဆွဲသူကိုယ်တိုင် မွှန်ထူသွားလေ့ ရှိခြင်းပင် ဖြစ်သည်။

ဤသို့ မွှန်ထူသွားပြီဆိုလျှင် 'မစ်ရှင်' ကို ပြင်မည်လော၊ 'တွေ့ရှိချက်' ကို ပြင်မည်လောဆိုသော ရွေးချယ်ဆုံးဖြတ်ရတော့မည့် 'ပွိုင့်' သို့ ရောက်လာတော့သည်။ ပြောရလျှင် ဤပွိုင့်သည်ပင် စီမံချက် ရေးဆွဲသူ၏ ရိုးသားမှုကို မှတ်ကျောက်တင်ပေးမည့်အဆင့် ဖြစ်ပါသည်။ ရိုးသားဖြောင့်မတ်သော စီမံချက်ရေးဆွဲသူအနေနှင့် တွေ့ရှိချက်ကို ပြင်လို့မဖြစ်ပါ။ တွေ့ရှိချက်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် မစ်ရှင်ကိုသာ လိုအပ်သလို မွမ်းမံရမည် ဖြစ်ပါသည်။

ဤတွင် ပြဿနာ ရှိသည်မှာ အဖွဲ့အစည်းဝင်များ၏ စီမံချက် ရေးဆွဲသူအပေါ် ထင်မြင်ချက်ဖြစ်သည်။ ယေဘုယျအားဖြင့် အများစုက သူ့ကို 'ဂုရု' တစ်ယောက်အဖြစ် ထင်မြင် ယူဆလေ့ ရှိကြရာ၊ ဤ ထင်မြင်ချက်အပေါ် သူကိုယ်တိုင် သာယာလာရာမှ ဖြစ်သည့်နည်းနှင့် ကာကွယ်လိုခြင်းပင်ဖြစ်ပါသည်။ ဤစိတ်ဆန္ဒကိုသာ အလိုလိုက်မိပါက ရိုးသား ဖြောင့်မတ်မှု ထိခိုက်လာပြီး ပြန်လည် ဆန်းစစ်ရမည့် ယခုအဆင့်ကို မှန်မှန်ကန်ကန် ဖြတ်သန်း နိုင်တော့မည် မဟုတ်ပါချေ။အမှန်စင်စစ် အဖွဲ့အစည်း တစ်ရပ်၏ အောင်မြင်မှု၊ အရေးနိမ့်မှုများကို အဆုံးအဖြတ် ပေးနေသည်မှာ စီမံချက် ရေးဆွဲသူတစ်ဦးတည်း မဟုတ်။ ပါဝင် ပတ်သက်သူတိုင်းတွင် သူ့ အတိုင်းအတာနှင့်သူ တာဝန်ရှိသည်သာ ဖြစ်ပါသည်။

စာညွှန်း - Political Strategies (Peter Schroder)

မူရင်းဆိုဒ်။ ။ http://thevoicemyanmar.com/index.php?option=com_content&view=article&id=820:2011-11-24-22-07-13&catid=35:perspective&Itemid=56

Thursday, November 17, 2011

နိုင်ငံရေးပါတီ ဆိုသည်မှာ

(The Party Concept)

ဗြိတိသျှနိုင်ငံရေးသိပ္ပံပညာရှင် အက်ဒ်မန့်ဘာခ် (Emund Burke) က “နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏ အကျိုးစီးပွားကို အထိရောက်ဆုံး ဖော်ဆောင်နိုင်မည့် မူဝါဒများ ဖြစ်သည်ဟု သတ်ဝင်ယုံကြည် များက ထိုမူကို အခြေခံ၍ စုဝေးဖွဲ့စည်းထားသော လူစုဖြစ်သည်” ဟု ဆိုသည်။ နိုင်ငံရေးပါတီဆိုသည်မှာ မိမိတို့ကို ထောက်ခံမည်ဆိုပါက ထိုထောက်ခံသူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးမည်ဟု စည်းရုံးကာ မိမိတို့ အာဏာရရှိရေးကို အားထုတ်နေသော တသီးပုဂ္ဂလများဖြင့် စုစည်းထားသော အဖွဲ့ဖြစ်ကြောင်း အဓိပ္ပါယ် ဖွင့်ကြသည်။ လူ့အဖွဲ့အစည်းအတွင်မှ ကွဲပြားခြားနားသော အစုအဖွဲ့များကို ကိုယ်စားပြု၍ ပေါင်းစပ်ထားသော ညွန့်ပေါင်းအဖွဲ့ကလေးများ ဖြစ်သည်ဟုလည်း အချို့ပြောကြသည်။

အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံအများစုတွင် အက်ပ်စ်တိမ်း (Leon D.Epstein) အဓိပ္ပါယ်ဖွင့်ဆိုသည့် “အမှတ်တံဆိပ် ကြေညာမှု (ပါတီပေါ်လစီ ကြေညာမှု) တခုအောက်တွင် ၄င်းတို့အား အစိုးရ အာဏာအတွက် ရွေးချယ်တင်မြှောက်ပေးရန် တောင်းဆိုနေသော လျော့ရဲရဲပင်ဖြစ်စေ ဖွဲ့စည်းထာေးသာ မည်သည့်လူစုကိုမဆို ပါတီဟုခေါ်သည်” ဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေဘုယျ လက်ခံထားကြသည်။

မည်သို့ပင်ဖြစ်စေ ပညာရှင်တို့က ရှုထောင့်စုံမှ တင်ပြကြသဖြင့် အနည်းငယ် ကွဲလွဲသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ ဖြစ်လာသော်လည်း နိုင်ငံရေးအရ (ပါတီမူဝါဒအရ) ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တခု အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်း သဘောတရားမှာ အတူတူပင်ဖြစ်သည်။ ထိုကြောင့်ရေဘုယျ လက်ခံနိုင်သော အချက်မှာ မူဝါဒတခုဖြင့်နိုင်ငံရေး ဦးဆောင်မှုနေရာအတွက် ယှဉ်ပြိုင်အရွေးခံရန် ဖွဲ့စည်းထားသော လူစုလူဝေးသည် ပါတီဖြစ်သည်ဟူသော အချက်ဖြစ်သည်။ နိုင်ငံရေးဦးဆောင်မှု နေရာအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိဘဲ ဖွဲ့စည်းထားသော အဖွဲ့အစည်းများ ဒီမိုကရေစီ နိုင်ငံတခုတွင် ရှိနိုင်ပါသည်။ ထိုအဖွဲ့အစည်းများသည် နိုင်ငံရေး ဦးဆောင်မှုနေရာအတွက် ယှဉ်ပြိုင်ရန် ဆန္ဒမရှိသဖြင့် နိုင်ငံရေးပါတီ မဟုတ်ဘဲ ရည်ရွယ်ချက် တခုခုအတွက်ဖွဲ့စည်းသည့် အဖွဲ့သားများဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီ နိုင်ငံရေး စနစ်အတွင်းတွင် အဖွဲ့အစည်းများနှင့် ပါတီများသည်ဆက်နွယ်၍ ရပ်တည်နေမှုများလည်း ရှိတတ်ပါသည်။

အအုပ်ချုပ်ခံများနှင့် အုပ်ချုပ်သူများအကြောင်း ပေါင်းကူးပေးသည့် လုပ်ငန်းတာဝန်ကို ဆောင်ရွက် ခြင်းသည် နိုင်ငံရေးပါတီများ၏ အရေးကြီးဆုံးသော လုပ်ငန်းလည်ပတ်မှု တခုအဖြစ် နိုင်ငံရေးသိပ္ပံ ပညာရှင် များက ရှုမြင်ကြသည်။ အရာကိစ္စပေါင်စုံ စုပေါင်းပါဝင်နေသော လူ့အဖွဲ့အစည်းတခုအတွင်း နိုင်ငံရေးပါတီ များသည် အပေါ်နှင့်အောက် ဆက်သွယ်ပေးသည့် လမ်းကြောင်းဖြစ်သည်။ နိုင်ငံရေးပါတီများအချင်းချင်း ယှပြိုင်မှုရှိသည့် (ဒီမိုကရေစီ စီးပွားရေးသီအိုရီ) စနစ်တွင် အအုပ်ချုပ်ခံ ပြည်သူများ၏ အသံသည် ပါတီများမှ တဆင့် အုပ်ချုပ်ခံ ပြည်သူများထံ စီးဆင်းနေမှု သဘောတရား ခိုင်မာလျက်ရှသည်ကို တွေ့ရသည်။ သို့ရာတွင် ပါတီများသည် ၄င်းတို့ပြောလို၊ ဖြစ်စေလိုသော အကြောင်းအရာများတွင် ပြည်သူလူထုအပေါ် လွှမ်းမိုး နိုင်ကြောင်းကိုလည်း တွေ့ရသည်။ အထူးသဖြင့် တပါတီစနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံများတွင် ပါတီ သဘောတရားများ ကို ပြည်သူလူထံ လွှမ်းမိုးမှုရှိစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်ကြသည်။ ဆိုဗီယက်ပြည်ထောင်စု တွင် ၁၉၃၀ ခုနှစ်များအတွင်း စတာလင်လက်ထက်တွင် ကွန်မြူနစ်ပါတီ အောက်ခြေထု၏ သဘောထား များသည်လည်းကောင်း၊ ပြည်သူလူထု၏ သဘောထားများသည်လည်းကောင်း လုံးဝ ဥပေက္ခာ ပြုခံရကာ ဗဟို၏ သဘောတရားများကသာ လွှမ်းမိုးထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် အခြေအနေသည်လည်း ထိုသို့ပင်ဖြစ်သည်။

ပါတီဝင် အောက်ခြေထုက လက်ခံယုံကြည်မှုကို ဖော်ပြခွင့်၊ ကိုယ်စားပြုခွင့်ရှိမည့် ပါတီများသည်သာ ကြီးထွားပြီးရှင်သန်နေပေမည်။ ပါတီများ စတင်ဖွဲ့စည်းသည့် ကာလဖြစ်သော ပြင်သစ်နှင့်အမေရိကန် တော်လှန်ရေးများအပြီး ပေါ်ထွန်းလာသောနိုင်ငံရေးပါတီများသည် အဖွဲ့ဝင်များ၏ ယုံကြည်မှုတခုအပေါ်တွင် အခြေခံပြီးထိုသို့ ယုံကြည်သည့်အတိုင်း နိုင်ငံရေးဘ၀ထဲတွင် ပါဝင်ဆောင်ရွက်လျက်ရှိခြင်းဖြင့်သာ ထိုပါတီ၏ ရေရှည်ရပ်တည်မှုကို အထောက်အကူ ဖြစ်စေသည်။ ၁၈ ရာစု နှောင်းပိုင်းနှင့် ၁၉ ရာစုအတွင်း ပေါ်ထွန်းခဲ့သော လစ်ဘရယ်ပါတီများသည် လစ်ဘရယ်ဝါဒ အခြေခံသဘောတရားကို ယုံကြည်သူများဖြင့် ဖွဲ့စည်းထားပြီး လစ်ဘရယ်ဝါဒီများ ယုံကြည်သည့်အတိုင်း ကိုယ်စားပြုအစိုးရများ ဖော်ထုတ်ခြင်း၊ မဲပေးခွင့်ရှိသများ (Franchise) အဖြစ်အကျယ်ပြန့်ဆုံး တိုးချဲ့နိုင်ရေးတို့ကို ဖော်ထုတ်ခဲ့ကြသည်။ ပြင်သစ်တော်လှန်ရေး (၁၇၈၉) နှင့် အမေရိကန် တော်လှန်ရေး (၁၇၇၆) မတိုင်မီ အချိန်ကာလများက ကိုယ်စားပြုအစိုးရနှင့် မဲပေးခွင့်ရှိသူများအဖြစ် ဖော်ထုတ်မှုမရှိသေးချိန်တွင် နိုင်ငံရေးပါတီများ ဟူ၍လည်း မရှိသေးပေ။ ထိုတော်လှန်ရေးများ အပြီးတွင်မှ ယုံကြည်မှုများကို ဖော်ထုတ်ခြင်းနှင့် ထိုသို့ဖော်ထုတ်မှုကို စုပေါင်းလုပ်ဆောင် လာသော နိုင်ငံရေးပါတီများလည်း ပေါ်ပေါက်လာကြခြင်းဖြစ်သည်။

ဤသို့သော ပါတီများသည် ပါတီဝင်အောက်ခြေထု၏ ဆန္ဒနှင့် ကိုက်ညီစွာ လည်ပတ်လျက်ရှိသော ပါတီများ ဖြစ်သည်။ အာဏာပိုင် အာဏာရှင်ဝါဒ ( Authoritarianism) နှင့် တပါတီ အာဏာရှင်ဝါဒ (Totalitarianism) တို့ကို မွေးထုတ် ပေးသည့် ကွန်မြူနစ်၊ ဖက်ဆစ်ကဲ့သို့ သော နိုင်ငံရေးပါတီများသည် ၂၀ရာစုအတွင်း၌ ပေါ်ထွန်းလာကြပြီး ၄င်းပါတီများ၏ နိုင်ငံရေးလှုပ်ရှားမှု နယ်ပယ်တွင် ပါဝင်မှုသည် နိုင်ငံရေးပါတီ စတင်ပေါ်ထွန်းစဉ်ကရှိခဲ့သည့် နိုင်ငံရေးပါတီများ (ဥပမာ- လစ်ဘရယ်ပါတီနှင့် ကွန်ဆာဗေးတစ်ပါတီ) ၏ နိုင်ငံရေးလှုပ်ရှားမှု နယ်ပယ်တွင် ပါဝင်မှုတို့မှာ ဆန့်ကျင်ဘတ် ဖြစ်သည်။ ကွန်မြူနစ်၊ ဖက်ဆစ်ပါတီများသည် အောက်ခြေထု အဖွဲ့ဝင်များ၏ ဆန္ဒ သဘောထား ကူညီမှုအခြေခံပေါ်တွင် ဖွဲ့စည်းခြင်းမျိုး မဟုတ်ဘဲ အမြုတေဘ၀မှ ချဲ့ထွင်လာသော ပါတီဖွဲ့စည်းပုံမျိုး ဖြစ်သည်။ ထို့ကြောင့် အမြုတေပါတီက လက်ခံယုံကြည်သည့် သဘောတရား အယူအဆတရပ်ကို နယ်ပယ်ချဲ့ထွင်ခြင်း ပြုလုပ်ခြင်းဖြင့် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်း ပေါ်ပေါက်လာ ရသည်။ ဤနည်းဖြင့် ဖွဲ့စည်း ပေါ်ပေါက်လာသော ပါတီများသည် အထက် (ဗဟို) ၏ သဘောတရားများကိုသာ အောက်ခြေသို့ ပြန့်နှံ့ရန် အစဉ်တစိုက် ကြိုးစား လုပ်ဆောင်နေကြရသည်။ တနည်းအားဖြင့် ဤသို့သော လုပ်ဟန်များသည် အောက်ခြေထု၏ ဆန္ဒကို ဦးစားပေးကာ ဖော်ဆောင်ရသည့် ဒီမိုကရေစီကျင့်စဉ်နှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ကွန်မြူနစ်၊ ဖက်ဆစ်ပါတီများ ပြိုင်ဘက်မရှိ အာဏာရလာသော နိုင်ငံများသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ထွန်းကားခြင်းထက် ထိန်းချုပ်မှု ဗဟိုပြု အာဏာရှင်ဝါဒသာ ထွန်းကားလာသည်ကို သာဓကများအရ တွေခဲ့ရပြီး ဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီကို လက်ခံကျင့်သုံးသော အမြုတေဘ၀မှ တိုးချဲ့ဖွဲ့စည်းလာသည့် နိုင်ငံရေးပါတီများသည် အောက်ခြေထု၏ ဆန္ဒကို လေးစား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ကိုလည်းတွေ့ရသည်။

ဒီမိုကရေစီ နိုင်ငံရေးစနစ်တခု ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုနှင့် နိုင်ငံရေးလှုပ်ရှားမှု နယ်ပယ်တွင် ပါဝင်ပတ်သက်မှုတို့တွင် အောက်ခြေထုဆန္ဒကို ကိုယ်စားပြုသော ဒီမိုကရေစီ အခြေခံ သဘောတရားကို ကျင့်သုံးရန် လိုအပ်ပါသည်။ ပါတီဖွဲ့စည်းမှုမှ အစပြု၍ ဒီမိုကရေစီ အခြေခံသဘောတရား မရှိပါက ထိုပါတီကသာ ပြိုင်ဘက်မရှိ အာဏာရလာသော အခါမျိုးတွင် ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးနစ်ဆီတို့ ဦးတည်သွားတတ်ပါသည်။ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တခု အောင်မြင်ရေးအတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းမှု ၊နိုင်ငံရေးလှုပ်ရှားမှု နယ်ပယ်တွင် ပါဝင်ဆောင်ရွက်မှုတို့သည် အရေးကြီးသော ကိစ္စဖြစ်ပါသည်။

ရွေးကောက်ပွဲအစီအစဉ်နှင့်မဲဆွယ်ပွဲများ
(Election Programmes and Campaigns)

နိုင်ငံရေး အသီးသီးသည် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရရေးအတွက် ရွေးကောက်ပွဲ အကြိုကာလများတွင် အစီအစဉ်အချို့ ကိုစနစ်တကျ လုပ်ဆောင်ကြရသည်။ ထိုအထဲတွင် ရွေးကောက်ပွဲ အစီအစဉ်များ ထုတ်ပြန်ကြေညာခြင်းနှင့် ၄င်းတို့အပေါ် အခြေခံ၍မဲဆန္ဒရှင် ပြည်သူလူထု အကြာ မဲဆွယ် စည်းရုံးခြင်းများမှာ အရေးကြီးသော အစီအစဉ်ဖြစ်ပါသည်။
ရွေးကောက်ပွဲ အစီအစဉ်ဆိုသည်မှာ ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနိုင်ရရှိပါက မဲဆန္ဒရှင် လူထုကြီး အတွက် မည်သို့ အကျိုးကျေးဇူး ဖြစ်ထွန်းမည့် လုပ်ငန်းများ ဆောင်ရွက်ပေးမည့်အကြောင်း၊ ထိုလုပ်ငန်းများကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် အကြောင်းတို့ကို ၄င်းတို့ပါတီ၏ မူဝါဒများအပေါ် အခြေခံကာ ရေးသားထားသော စာရွက်စာတမ်း အထောက်အထားများကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် အကြောင်းတို့ကို ၄င်းတို့ပါတီ၏ မူဝါဒများအပေါ် အခြေခံကာ ရေးသားထားသော စာရွက်စာတမ်း အထောက်အထားများကို ရည်ညွှန်းခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အစီအစဉ်နှင့် ပတ်သတ်၍ ဒီမိုကရေစီ နိုင်ငံအချို့တွင် ကွဲပြားခြားနားသော အခေါ်အဝေါ်များရှိကြသည်။ အမေရိကန်ပြည်ထောင်စုတွင် အခြေခံလုပ်ငန်း(Platform) ဟုလည်းကောင်း၊ ယူနိုက်တတ်ကင်းဒမ်း နိုင်ငံနှင့် ၄င်း၏ နိုင်ငံရေးစနစ်ကို မှီငြမ်းသော နိုင်ငံများတွင် ကြေညာစာတမ်း (Manifesto) ဟုလည်းကောင်း၊ အချို့ဥရောပနိုင်ငံများတွင် ဆောင်ရွက်ရမည့် အစီအစဉ် (Action Programme) ဟုလည်းကောင်း၊ ရွေးကောက်ပွဲ အစီအစဉ်ကို အမျိုးမျိုး အမည်မှည့်ကြသည်။ သာမန်အားဖြင့် နိုင်ငံရေးပါတီ အသီးသီး၏ ရွေးကောက်ပွဲ အစီအစဉ်ကို စာရွက်စာတမ်းများ၊ အခြား လူထုဆက်ဆံရေး နည်းလမ်းများဖြင့် ထုတ်ဝေဖြန့်ချိရုံမျှဖြင့် မဲဆန္ဒရှင် ပြုလုပ်ခြင်းဖြင့် လည်းကောင်း၊ အခြားနည်းလမ်းဖြင့် လည်းကောင်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရစမြဲဖြစ်သည်။ သတင်းစာနယ်ဇင်းများတွင် နေရာယူလာနိုင်အောင် ကြိုးစားကြရသည်။ အချို့နိုင်ငံများတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်လွှင့်သော ရေဒီယို၊ ရုပ်မြင်သံကြားများမှတဆင့် ရွေကောက်ပွဲ အစီအစဉ်များကို ရှင်းပြသော ရွေးကောက်ပွဲ မဲဆွယ်ပွဲများ ပြုလုပ်ကြသည်။ စာနယ်ဇင်းမှလည်း ပါတီအသီးသီး၏ ရွေးကောက်ပွဲ အစီအစဉ်များအပေါ် ဝေဖန်သုံးသပ်မှုများ ပြုလုပ်ကြသည်။

နှစ်ပါတီစနစ်
(Two-Partism)

ဒီမိုကရေစီ နိုင်ငံများတွင် တပါတီစနစ် (Single Party System) ကို ကျင့်သုံးလေ့မရှိပါ။ နှစ်ပါတီ စနစ်ကို သော်လည်းကောင်း၊ ပါတီစုံစနစ် (Multi-Party System) ကိုသော်လည်းကောင်း ကျင့်သုံးကြပါသည်။ ဦးစားပေး ပထမ နှစ်ပါတီစနစ် ကျင့်သုံးခြင်းအကြောင်းကို တင်ပြလိုပါသည်။

နှစ်ပါတီစနစ်ကို ကျင့်သုံးသော နိုင်ငံအဖြစ် အကောင်းဆုံး နမှုနာပြရလျှင် အမေရိကန် ပြည်ထောင်စု ပင်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် ရီပါဘရစ်ကန် (Republican) ပါတီနှင့် ဒီမိုကရေ (Democray) ပါတီ နှစ်ခုသာရှိသညါ။ ပါတီများ များပြားစွာ ပေါ်ထွန်းလာရေးကို ပြည်သူများက အားမပေးချေ။ ထိုသို့ အားမပေးရခြင်းမှာ ပါတီအများအပြားနှင့် တည်ငြိမ်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာတွင် အခက်အခဲ များ ပို၍ကြုံရနိုင်သည်ကို အမေရိကန် ပြည်သူများက သိထားနှင့်သကဲ့သို့ နှစ်ပါတီထက်ပိုသော စနစ်ကို ကျင့်သုံးရန် လိုအပ်သော အကြောင်းအရင်းများ မရှိခြင်းကြောင့်လည်း ဖြစ်သည်။ သို့သော် အခြားပါတီများ ထူထောင်ဖွဲ့စည်းခွင့်ကိုကား ပိတ်ပင်ထားခြင်းမျိုး မဟုတ်ပေ။ ဗြိတိန်နိုင်ငံကိုလည်း နှစ်ပါတီစနစ် ကျင့်သုံးသော နိုင်ငံအဖြစ် သုတေသီအချို့ကဆိုသည်။ အဘယ်ကြေင့်ဆိုသော် ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးကို ကွန်ဆာဗေး တစ်ပါတီ (Conservative Party) နှင့်လေဘာတီ (Labour Party) နှစ်ခုကသာ အုပ်စီးထားနိုင်ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ဗြိတိန်နိုင်ငံ၏ နှစ်ပါတီစနစ်သည် အမေရိကန်တွင် သမတရွေးကောက်ပွဲကို နှစ်ပါတီစနစ် နှင့်ကားခြားနားပြန်ပါသည်။ အမေရိကန် ပြည်ထောင်စုတွင် သမတရွေးချယ်ကောက်ပွဲကို ပါတီနှစ်ခုမှ ကိုယ်စားလှယ်လောင်းများကသာ ၁၈၂၅ ခုနှစ်နောက်ပိုင်းမှစ၍ အုပ်စီးထားခဲ့သည်။ တသီးပုဂ္ဂလများကို ရွေးချယ်တင်မြှောက်ခံခွင့် ပေးထားသော်လည်း ယခုအချိန်ထိ ပါတီမှ ကင်းလွတ်သော တသီးပုဂ္ဂလ သမတ အရွေးခံရခြင်းမျိုး မရှိသေးပေ။ ဥပဒေပြုကွန်ဂရက် လွှတ်တော်တွင်းလည်း ပါတီကြီးနှစ်ခု အမတ်များသာ အရွေးခံကြရသည်။ ဤသို့ဖြစ်ရခြင်းတွင် အခြားပါတီများအားဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားခြင်း မဟုတ်ဘဲလျက် ပါတီနှစ်တည်းကသာ အသားစီးရယူထားနိုင်ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံတွင်မှု ပါလီမန် အောက်လွှတ်တော်တွင် အများအားဖြင့် ကွန်ဆာဗေးတစ် ပါတီနှင့် လေဘာပါတီတို့က တခုကအနိုင်ရလျှင် ကျန်တခုက အဓိက အတိုက်အခံအဖြစ် အသားစီး ရယူထားသော်လည်း အခြားသော ပါတီငယ်များသည်လည်း အမတ်နေရာအချို့ကို အနိုင်ရလျက်ရှိကြသည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ နှစ်ပါတီတည်းကသာ နိုင်ငံရေးကို လွှမ်းမိုးထားခြင်းမဟုတ်ဘဲ ပါတီငယ်များကပါ အတိုက်အခံများအဖြစ် ဗြိတိသျှနိုင်ငံရေးတွင် ပါဝင်လျက်ရှိကြသည်။

နှစ်ပါတီစနစ်ကျင့်သုံးခြင်း၏ ကောင်းကျိုးများ
(Advantages of Two-Partism)

ရွေးချယ်ရန် ပါတီနှစ်ခုတည်းသာ ရှိပါက ပြည်သူလူထု ရွေးချယ်ရန် လွယ်ကူခြင်းသည် ပထမအကျိုး ကျေးဇူး ဖြစ်သည်။ ပါတီနှစ်ခုတည်းမှ ပြည်သူလူထုထံ အပြိုင်အဆိုင် ချပြစည်းရုံးလာသော ပြည်သူ့အကျိုးပြု ပေါ်လစီများကို ပြည်သူလူထုက အလွယ်တကူ နှိုင်းယှဉ်သိရှိနိုင်ခြင်းဖြင့် ရွေးချယ်မှုကို လွယ်ကူစေပါသည်။

ဒုတိယ အကျိုးကျေးဇူးမှာ တည်ငြိမ်သော အစိုးရ ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် ပါလီမန် ဒီမိုကရေစီ (Parliamentary Democracy) ခေါ် အောက်လွှတ်တော်ကို အခြေခံဖွဲ့စည်းသည့် အစိုးရ ပုံသဏ္ဌာန် ရှိသည့် နိုင်ငံများတွင် တည်ငြိမ်သော အစိုးရတရပ်ဖွဲ့စည်းနိုင်ရေးမှာ ပါတီနှစ်ခုတည်း၏ ယှဉ်ပြိုင်မှုရလဒ်က များစွာအထောက် အကူပြုသည်။ ပါတီနှစ်ခုတည်းက ကိုယ်စားလှယ်များကသာ ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်လျှင် ပါတီတခုက ထက်ဝက်ကျော် အနိုင်ရလျှင် ကျန်ပါတီက အတိုက်အခံ ဖြစ်လာမည်။ အနိုင်ရပါတီ သည်။အနိုင်ရပါတီသည် တည်ငြိမ်သော အစိုးရကိုဖွဲ့ စည်းနိုင်ပေမည်။ ဗြိတိန်နိုင်ငံတွင် ကွန်ဆာဗေးတပါတီနှင့် လေဘာပါတီ နှစ်ခုတည်းက ရွေးကောက်ပွဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ယှဉ်ပြိုင်နေကြပြီး ပါတီတခုခုက အနိုင်ရနေခြင်းဖြစ်ရာ တည်ငြိမ်သော အစိုးရများကို ဖွဲ့စည်းနိုင်သည်။

တတိယ အကျိုးကျေးဇူးမှာ သာမန် မဲအများစုစနစ်ကို ရွေးချယ်တင်မြှောက်ပုံ စနစ်အဖြစ် အသုံးပြုသေ နိုင်ငံများတွင် နှစ်ပါတီစနစ်သည် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ပို၍ခိုင်မာစေသည်။ အဘယ့်ကြောင့်ဆိုသော် သာမန်မဲအများစု ရွေးချယ် တင်မြှောက်ပုံစနစ်အရ ရွေးချယ်ရန် ပါတီ သုံးခု သို့မဟုတ် ထိုထက်ပိုသော ပါတီများ၏ ကိုယ်စားလှယ်လောင်းများကို မဲပေးရပါက အဖြစ်များတတ်သည်မှာ မဲဆန္ဒရှင်များ၏ ထက်ဝက်ကျော် ထောက်ခံမှု မရရှိပါဘဲနှင့် အရွေးခံရခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အများစုဖြစ်သော ထက်ဝက်ကျော် ဆန္ဒမဲများမှ ပြည်သူ့အုပ်ချုပ် ပေါ်လစီချမှတ်ရာတွင် ဆုံးရှုံးရတတ်သည်။ ထိုအခါ အများစု ဆန္ဒအရ အုပ်ချုပ်သော ဒီမိုကရေစီစနစ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ အကယ်၍ နှစ်ပါတီစနစ်ကိုသာ ကျင့်သုံးပါက အနိုင်ရသော ပါတီ၏ ကိုယ်စားလှယ်သည် ဆန္ဒမဲ၏ ထက်ဝက်ကျော်ကို ရရှိမည်မှာ မလွဲဧကန် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ဗြိတိန်ကဲ့သို့ပင် ပါလီမန်အစိုးရ ပုံစံရှိသော နိုင်ငံဖြစ်ပြီး ရာဂျစ် ဂန္ဒီလက်ထက် အထိ အိန္ဒိယ နိုင်ငံရေးကို ကွန်ဂရက်ပါတီ တခုတည်းက လက်ဝါးကြီး အုပ်ထားခဲ့သည်။ အချို့နိုင်ငံရေး သုတေသီများက အိန္ဒိယနိုင်ငံသည် တပါတီစနစ်ဟုပင် ခေါ်ထိုက်သည်ဟု ဝေဖန်ကြသည်။ တည်ငြိမ်သော အစိုးရဖွဲ့စည်းရေးဟူသော အစိုးရ ရှုထောင့်မှကြည့်လျှင် ထိုသို့ ပါတီတခုတည်းက အနိုင်ရပြီး အစိုးရဖွဲ့စည်းနိုင်ခြင်း မှာ အကောင်းဆုံးဖြစ်သည်။ သို့သော် အိန္ဒိယတွင် ကွန်ဂရက်ပါတီ အနိုင်ရနေခြင်းသည် နှစ်ပါတီစနစ် ယှဉ်ပြိုင်၏ ရလဒ်မဟုတ်ဘဲ ပါတီစုံစနစ် ယှဉ်ပြိုင်ခြင်း၏ ရလဒ်ဖြစ်သဖြင့် အတိုက်အခံဘက်တွင်မှု ညွန့်ပေါင်း ဖြစ်သွားလေတော့သည်။ အတိုက်အခံ ညွန့်ပေါင်းဖြစ်နေလျှင် အိန္ဒိယကဲ့သို့သော် ပါတီစုံစနစ်မှာလည်း အဓိပ္ပါယ်မဲ့ပြီး တပါတီစနစ်ဟုပင် တချို့ဝေဖန်ကြသည်။ နှစ်ပါတီစနစ်တွင်မှု အစိုးရက တပါတီ၊ အတိုက်အခံက တပါတီဖြစ်သည်။

မည်သည့်ဘက်ကမျှ ညွန့်ပေါင်းဖွဲ့ရန် မလိုသဖြင့် ထိုပါတီများ၏ ပေါ်လစီ အဆိုးအကောင်းကို လိုက်၍ နိုင်ငံရေး အလှည့်အပြောင်းကို ပြည်သူလူထုက အလွယ်တကူ လုပ်နိုင်သည်။ အိန္ဒိနိုင်ငံတွင် ရာဂျစ်ဂန္ဒီ လုပ်ကြံမခံရမီ အချိန်ကလေးတွင် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့က ကွန်ဂရက်ပါတီကို အနိုင်ရသော်လည်း တည်ငြိမ်သော အစိုးရဖွဲ့စည်းရေးကို များစွားအဟန့်အတား ပြုလျှက်ရှိသည်။ မူဝါဒ မတူသော ပါတီပေါင်းစုံသည် ကွန်ဂရက်ပါတီကို အတိုက်အခံပြုရာတွင်သာ တူညီကြပြီး အစိုးရမူဝါဒများ ချမှတ်ရန်အတွက်မှု ညီညွတ်ခြင်း မရှိကြပေ။ ထိုအတိုက်အခံ ညွန့်ပေါင်းအဖွဲ့ (Conalition Opposition) က အစိုးရဖြစ်လာသောအခါ မတည်မငြိမ်ဖြစ်ကာ အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်သည်လည်း မကြာခဏဆိုသလို အယုံအကြည်မရှိအဆို (Noun-Confidence) တင်သွင်းခံရသည်။ ထို့ကြောင့် ပါလီမန် ဒီမိုကရေစီ အစိုးရရှိသောနိုင်ငံများတွင် နှစ်ပါတီစနစ်သည် အစိုးရတည်ငြိမ်ရေးကို များစွားအထောက်အကူ ပြုသည်။

စတုတ္ထ အကျိုးကျေးဇူးမှာ နိုင်ငံကို ဦးဆောင်အုပ်ချုပ်ရာတွင် တာဝန်ခံမှု အပြည့်အ၀နှင့် အတိကအကျ ရှိရမည့်စနစ်ကို အထောက်အကူ ဖြစ်စေသည်။ ပါတီနှစ်ခုအနက် တခုကို နိုင်ငံကို အုပ်ချုပ်ရန် ပြည်သူထူထုက ရွေးချယ်ပေးလိုက်ရာတွင် နိင်ငံကိုအုပ်ချုပ်ခွင့်ရသော ပါတီသည် တာဝန်ခံမှုလည်း အပြည့်အ၀ရှိသည်။ ပါတီစုံစနစ်ကြောင့် ညွန့်ပေါင်းအစိုးရ တရပ်ကို မွေထုတ်ပေးလိုက်ပါက တာဝန်ခံမှုအရာတွင် ပြတ်ပြတ်သားသား မရှိတတ်ပေ။ ပြည်သူ့အကျိုးပြု မူဝါဒများ ချမှတ်ပေးမည့် ပါတီများကို ပြည်သူလူထုက ရွေးချယ်ပေးသလို အစိုးရပေါ်လစီ အသီးသီအတွက် ပြည်လန်တာဝန်ခံရမည့် ပါတီကိုလည်း ပြည်သူလူထုက အတိအကျ သိရှိထားရန် လိုအပ်သည်။ နှစ်ပါတီစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် အစိုးရပေါ်လစီ မူဝါဒများအပေါ် ပါတီတခုတည်းက ပြတ်ပြတ်သားသား တာဝန်ခံရပါသည်။ ဤသို့ တာဝန်ခံမှုနှင့် ပတ်သတ်၍ အမေရိကန် ပြည်ထောင်စု သမတ ၀ဲလ်ဆင် (Woodrow Wilson, 1856-1924) က ၁၈၈၅ ခုနှစ်တွင် ၄င်းရေးသား ထုတ်ဝေသော ကွန်ဂရက် အစိုးရ (Congress Government) အမည်ရှိ အစာအုပ်တွင် “အစိုးရ လုပ်ငန်းဆောင်တာ ကိစ္စများကို ပြည်သူလူထုက ယုံကြည်ပေးကာ လုပ်ခွင့်ပြုရမည် ဖြစ်သလို အစိုးရအနေဖြင့် အမှား ကျူးလွန်ပါက မည်သည့်ပုဂ္ဂိုလ်၊ ပါတီကို အပြစ်ပေးရမည် ဆိုသည်ကိုလည်း အလွယ်တကူ သိရန်လိုသည်” ဟု ရေးသား ဖော်ပြခဲ့ဖူးသည်။

အထက်၌ တင်ပြခဲ့သော နှစ်ပါတီစနစ်၏ ကောင်းကျိုးများသည် သက်ဆိုင်ရာနိုင်ငံ၏ အခြေအနေအရ ကို နှစ်ပါတီစနစ်ကျင့်သုံးလျှင် အဆင်ပြေနိုင်ပြီး ထိုစနစ်မှ ပြောင်းလဲခြင်း မပြုလိုသူများဘက်မှ အကောင်းမြင် သုံးသပ်ချက်များ ဖြစ်သည်ဟု ပြောနိုင်သော်လည်း အမှန်တကယ် ကောင်းကျိုး ဖြစ်စေသည့် သာဓကများလည်း တွေ့ရသည်။ နိုင်ငံတိုင်းတွင် နှစ်ပါတီစနစ်ကိုသာ ကျင့်သုံးရမည်ဟု ကန့်သတ်ချက်မရှိသည် အပေါ်တွင် လိုအပ်ချက် အရဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ် ပါတီစုံစနစ်ကို ကျင့်သုံးသော နိုင်ငံများအဖို့ သို့မဟုတ် ပါတီစုံစနစ်ကို လိုလားသူများအဖို့ နှစ်ပါတီစနစ်ကို ဝေဖန်စရာများ ပေါ်ထွက်နေမည်သာ ဖြစ်သည်။

ပါတီစုံစနစ်
(Multi-Partism)

ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံအများစုသည် ပါတီစုံစနစ်ကို ကျင့်သုံးလျက်ရှိကြသည်။ စင်စစ် နှစ်ပါတီစနစ်ဟု ဆိုနေကြသော အမေရိကန်၊ ဗြိတိန် နိုင်ငံများသည်ပင် ပါတီစုံစနစ် နိုင်ငံများဖြစ်ကြသည်။ အဘယ့်ကြောင့် ဆိုသော် ပါတီစုံဖွဲ့စည်းခွင့်ကို ခွင့်ပြုထားသကဲ့သို့ ပါတီငယ်များ ဖွဲ့စည်းပေါ်ပေါက် နေကြခြင်းဖြစ်သည်။ စစ်တမ်းတခုအရ ၁၉၇၉ ခုနှစ် ဗြိတိန်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီသည် တနိုင်ငံလုံး မဲဆန္ဒ (၁၃.၈) ရာနှုန်းရပြီး အမတ်နေရာ (၁၁) နေရာအနိုင်ရခဲ့သော်လည်း ဗြိတိန်နိုင်ငံရေးတွင် အရေးပါမှုမရှိဘဲ ဖြစ်နေသည်။ ထိုကဲ့သို့ပင် အနည်းအကျဉ်း အနိုင်ရသော ပါတီများနှင့် အမတ်နေရာ လုံးဝမရေသော ပါတီများ အပါအ၀င်ဆိုလျှင် ဗြိတိန်နိုင်ငံတွင် ပါတီ(၁၀) ခုရှိသည်။ ဗြိတိန်နိုင်ငံ၏ နိုင်ငံရေး ဈေးကွက်ကို ပါတီကြီးနှစ်ခုတည်းက အပိုင်စီးနေရာယူထားခြင်းကို အကြောင်းပြု၍သာ နှစ်ပါတီစနစ်ဟု ခေါ်ကြခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း ထို့အတူပင်ဖြစ်သည်။ ဗြိတိန်နှင့် ကွာခြားသော အချက်မှာ ရီပါဘရစ်ကန်နှင့် ဒီမိုကရက်ပါတီကြီး နှစ်ခုမှလွဲလျှင် အမေရိကန် နိုင်ငံတွင် အခြားပါတီငယ်များ လုံးဝ မတိုးနိုင်ခြင်းဖြစ်သည်။ သို့သော် အမေရိကန် ပြည်ထောင်စုတွင်လည်း အခြားသော ပါတီငယ်များ ရှိနေသဖြင့် အနှစ်သာရအားဖြင့် ပါတီစုံစနစ်ဖြစ်ပြီ လက်တွေ့အားဖြင့် နှစ်ပါတီစနစ်ဖြစ်သည်။ ပါတီစုံစနစ်ကို လမ်းဖွင့်ထားပြီး လက်တွေ့တွင် နှစ်ပါတီစနစ်ဖြစ်လာသော ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့သည် ထိုသို့ဖြစ်နိုင် ခြင်းကို အထောက်အကူဖြစ်စေသည့် နိုင်ငံရေးကျောထောက်နောက်ခံ (Political Culture) ကြောင့်ဖြစ်သည်။ ထိုသို့သော နိုင်ငံရေး ကျော်ထောက် နောက်ခံ သည် နိုင်ငံအားလုံးတွင် တပြေးညီ တူညီနေသည်ကား မဟုတ်ပါ။ ကွဲပြားခြားနားသော လူမျိုးများ စုပေါင်းနေထိုင်မှု၊ ဘာသာစုံစုပေါင်းနေထိုင်မှု၊ နိုင်ငံနှင့် နိုင်ငံအတွင်း စုပေါင်းနေထိုင်သူတို့၏ နောက်ခံသမိုင်းကြောင်း ကွဲပြားမှုတို့ကြောင့် နိုင်ငံရေးနယ်ပယ်ကို လွှမ်းမိုးသည့် နိုင်ငံရေး ကျောထောက်နောက်ခံ ကွဲပြားခြားနားစွာ ဖြစ်ပေါ်ရသည်။ ထိုသို့သော နိုင်ငံရေး ကျောထောက် နောက်ခံ ကြောင့်လည်း ပါတီစုံစနစ် ဖြစ်ပေါ်ရေးကို များစွာ တွန်းအားပေးလျက်ရှိသည် ကိုတွေ့ရသည်။

အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး ကျောထောက်နောက်ခံသည် ဗြိတိန် ၊အမေရိကန် ပြည်ထောင်စုတို့နှင့် ခြားနား ပါသည်။ အိန္ဒိယနိုင်ငံတွင် ဘာသာစကားအရ သော်လည်းကောင်း၊ ဘာသာရေးအရ သော်လည်းကောင်း၊ နိုင်ငံရေး သက်ဝင်ယုံကြည်မှုအရ သောလည်းကောင်း ကွဲပြားခြားနားသော လူမျိုးများ စုပေါင်းနေထိုင်လျက် ရှိကြသည်။ ထိုအခြေအနေသည် အိန္ဒိယနိုင်ငံတွင် ပါတီစုံစနစ် ဖြစ်ပေါ်ရေးအတွက် အကြောင်းတရား ဖြစ်လာသည်။ အိန္ဒိယနိုင်ငံ၏ ဗဟိုအဆင့် ဥပဒေပြု လွှတ်တော်တွင် ပါတီပေါင်း (၃၀) ကျော် ကိုယ်စားပြု ပါဝင်လျက်ရှိကြသည်။ ဒေသန္တရာအဆင့်တွင် မူပါတီပေါင်း (၆၀) ကျော် နိုင်ငံရေးနယ်ပယ်တွင် ရပ်တည်လျက် ရှိသည်။ ထိုမျှ များပြားသော အိန္ဒိယ ပါတီများသည် လူမျိုးကိုသော်လည်းကောင်း၊ ဒေသန္တ အုပ်စုများကို သော်လည်းကောင်း၊ ကွဲပြားခြားနားသော နိုင်ငံရေး အတွေးအခေါ်များကို သော်လည်းကောင်း အခြေခံထား ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက်၌ နိုင်ငံရေးပါတီ မြောက်များစွာ ဖွဲ့စည်းပေါ်ပေါက်လာခြင်းသည် နိုင်ငံရေးကျောထောက်နောက်ခံ၏ ထင်ဟပ်မှု များဖြစ်သည်။ ထိုပါတီများထဲတွင် တိုင်းရင်းသားလူမျိုး အခြေခံနိုင်ငံရေးပါတီများသည် မြန်မာ့နိုင်ငံရေး ကျောထောက်နောက်ခံ ထဲမှ တိုင်းရင်းသား လူမျိုးများ ရောပြွမ်းနေထိုင်မှုကို ထင်ဟပ်ပါသည်။အချို့သော နိုင်ငံရေးပါတီများသည် နိုင်ငံရေး အယူဝါဒကို ထင်ဟပ်ပါသည်။ သို့သော် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးလက်ထက်၌ ပေါ်ပေါက်ခဲ့သော နိုင်ငံရေးပါတီ အများစုကြီးမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်းဘုတ်များတတ်ကာ ပေါ်ပေါက်လာရခြင်းမှာ မြန်မာစစ်အာဏာရှင်များ၏ ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်ရသော စိတ်ခံစားမှု(Emotion) မှ တိမ်းညွတ်မှု (Propensity) ကို ထင်ဟပ်သော နိုင်ငံရေး ကျောထောက်နောက်ခံကြောင့် ဖြစ်ရသည်။

ဂျာမဏီ၊ ဆွီဒင်ကဲ့သို့သော နိုင်ငံများတွင် ပါတီစုံစနစ် ပေါ်ထွန်းရန်အတွက် တွန်းအားပေးသော နိုင်ငံရေး ကျောထောက်နောက်ခံမှာ အိန္ဒိယ မြန်မာကဲ့သို့သော နိုင်ငံများနှင့်မတူ ခြားနားနေပြန်သည်။ ထိုနိုင်ငံများတွင် လူမျိုးရေးနှင့် ဘာသာရေးအရ ကွဲပြားခြားနားမှု မရှိကြဘဲ အများအားဖြင့် နိုင်ငံရေး အတွေးအခေါ်ကိုသာ အခြေပြု၍ နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာကြသည်။
နှစ်ပါတီစနစ်တွင် ရရှိခံစားနိုင်သော အကျိုးကျေးဇူးများသည် ပါတီစုံစနစ်တွင် ရရှိနိုင်ရန် မလွယ်ခြင်း ကြောင့် အချို့က ပါတီစုံစနစ်ကို ဝေဖန်မှုများရှိကြသည်။ သို့ရာတွင် အထက်၌ တင်ပြခဲ့သည့် အတိုင်း ပါတီစုံစနစ်သည် နိုင်ငံရေး လိုအပ်ချက်အရသာ ဖြစ်ပေါ်လာရသဖြင့် အားနည်းချက်ကို ထောက်ပြရုံမျှဖြင့် ထိုစနစ်ကို ကျင့်သုံးရန် ငြင်းဆန်နိုင်မည် မဟုတ်ပါ။ ပါတီစုံစနစ် ကျင့်သုံးရန်တောင်းဆို နေသောနိုင်ငံ တခုတွင် မကျင့်သုံးရဟု တားမြစ်ပိတ်ပင်မှုကြောင့် ဖြစ်ပေါ်မည့် နောက်ဆက်တွဲ အကျိုးအပြစ်များက ထိုစနစ် ကျင့်သုံးခြင်းကြောင့် ဖြစ်ပေါ်မည့် အကျိုးအပြစ်ထက် ပို၍ ကြီးမားပေလိမ့်မည်။
ပါတီစုံစနစ် ကျင့်သုံးသော နိုင်ငံတိုင်းတွင် ဒီမိုကရေစီ မတည်မငြိမ်မှုများ ရင်ဆိုင်ရမည်ဟူ၍ကား မပြောနိုင်ပါ။ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဂျာမဏီကဲ့သို့သော နိုင်ငံများသည် ပါတီစုံစနစ်ကို အောင်အောင် မြင်မြင် ကျင့်သုံးနေသော နိုင်ငံများဖြစ်ကြသည်။ ပါတီစုံစနစ် အောင်မြင်ရေး၊ မအောင်မြင်ရေးသည် ထိုနိုင်ငံတွင်ရှိသော ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေး ကျင့်သုံးမှု တည်ငြိမ်ခြင်း၊ မတည်ငြိမ်ခြင်း အပေါ်တွင်လည်း မူတည်ပါသည်။ တဖန် ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေး ကျင့်သုံးမှု တည်ငြိမ်မှုရှိရေး ဆိုသည်မှာလည်း နေ့ချင်းညချင်း အလျှင်အမြန် ရရှိနိုင်သော အခြေအနေမျိုး မဟုတ်ပေ။ ပြည်သူများအနေဖြင့် နှစ်ရှည်လများ လွတ်လပ်မှု အခွင့်အရေးကို ကျင့်သုံးပြီမှ တည်ငြိမ်လာခြင်း ဖြစ်သည်။ လွတ်လပ်မှု အခွင့်အရေး သက်သက် ဦးတည်ခြင်းသည် အပျက်သဘော လွတ်လပ်မှု ဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို နှစ်ရှည်လများ ပြည်သူများ ကျင့်သုံးပြီးသောအခါ အလိုအလျောက် သိလာကြသည်။ ထိုအခါ အပြုသဘော လွတ်လပ်မှုကို ပြည်သူများ လက်ခံဖော်ထုတ် ကျင့်သုံးလာကြသည်။ အပြုသဘော လွတ်လပ်မှုကို ပြည်သူများ လက်ခံကျင့်သုံးနိုင်ပါမှ တည်ငြိမ်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထိုအခြေအနေသို့ ရောက်သော အခါ ပါတီစုံစနစ်သည် တည်ငြိမ်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ထိခိုက်စေမည် မဟုတ်ပေ။

ပါတီစုံစနစ်၊ ဒီမိုကရေစီစနစ် ကျင့်သုံးရန် လိုအပ်လာရခြင်း အကြောင်းအရင်းများထဲ ထိုစနစ်အရ ပေါ်ပေါက်လာသော နိုင်ငံရေးပါတီထံများသို့ နိုင်ငံတခုလုံးရှိ အာဏာများ မျှတသင့်သင့် လျှောက်ပတ်စွာ ဖြန့်ကျက်ထားရန် လိုအပ်ချက်ကြောင့်လည်း ဖြစ်သည်။ အထူးသဖြင့် ဗဟုဝုဒ် လူ့အဖွဲ့အစည်းများအတွက် ထိုလိုအပ်ချက်မှာ ပို၍ သိသာနေသည်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သည် လူ့အဖွဲ့အစည်းအတွင် အာဏာများကို ခွဲဝေအုပ်ချုပ်ခြင်းဖြစ်ရာ ထိုသို့အာဏာခွဲဝေမှုသည် နိုင်ငံရေးပါတီများ နိုင်ငံရေးတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းနှင့်လည်း သက်ဆိုင်နေသည်။ ပါတီတခုတည်းက အင်းအားကောင်းပြီး နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားခြင်းသည် ပါတီစုံအမည်ခံ တပါတီအုပ်ချုပ်ရေးစနစ် ဖြစ်လာနိုင်သည်။ အာဏာရ ပါတီတခုက အလွန်အကျွံ အပြတ်အသက် မဲအများစု (Extreme Majority) ဖြင့် အနိုင်ရခြင်းမျိုးသည် နှစ်ရှည် လများ ဖြစ်နေပါက တပါတီ အုပ်ချုပ်ရေးစနစ် ဖြစ်လာနိုင်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ထိခိုက်စေနိုင်သည်။ ထိုသို့ မဖြစ်စေရန် အနိုင်ပါတီ ဖြင့်လင့်ကစား အပြတ်အသက် အလွန်အကျွံ အနိုင်ရခြင်းမျိုးထက် အစိုးရဖွဲ့နိုင်သော မဲမျှကိုသာ အနိုင်ရစေပြီး အတိုက်အခံပါတီများလည်း အင်အား ကောင်းစွာဖြင့် ရပ်တည်ခွင့်ရအောင် ရွေးချယ်တင်မြှောက်ပုံ စနစ်အရ ပါတီတခုတည်း၏ လက်ထဲတွင် အပြတ်အသတ် တည်ရှိနေပါက အာဏာရပါတီမှသည် အာဏာရှင်ပါတီအဖြစ် ဦးတည်သွားနိုင်ပြီး အတိုက်အခံက အင်အားကောင်းနေလျှင် ထိုသို့ဖြစ်ခြင်းမျိုးမှ ကာကွယ်နိုင်သည်။ ထို့ကြောင့် အတိုက်အခံ ပါတီများကိုပါ အာဏာရှိစေမည့် ပါတီစနစ် ဖော်ဆောင်နိုင်ပါက ခိုင်မာသော ဒီမိုကရေစီစနစ်ကို ရစေနိုင်မည်။

ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
မူရင်းဆိုဒ်။   ။ http://www.lubo601.com/2011/10/blog-post_9501.html