By Innovare Lyrics in Knowledge & Wisdom Talks(သုတပညာလေထန်ကုန်း)
ပြည်သူ့ခေါင်းဆောင်များ ထားရမည့် စိတ်ဓါတ်နှင့် ပတ်သတ်၍ ၁၉၄၇ခု၊ ဧပြီလ ၅ ရက်နေ့ ၊ ညနေ ၆ နာရီ ၃၃ မိနစ် အချိန်တွင် အသံလွှင့်ပြောကြားရာတွင် အောက်ပါအတိုင်း မိန့််ကြားသွားခဲ့သည်။
“လူထုရဲ့ခေါင်းဆောင်လုပ်မယ်ဆိုရင် လူထုရဲ့အကျိုးကို တကယ်တမ်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုးကို စွန့်ပစ်ကြရလိမ့်မယ်။ နိုင်ငံရေးဆောင်ရွက်တယ်ဆိုတာ ကြောက်-လွဲ-ရဲ-မင်းဖြစ် ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်”
“ခပ်ရှင်းရှင်းပြောရရင် ယနေ့အထိ ကျွန်တော်တို့တစ်တွေရဲ့ လုပ်ပုံ၊ကိုင်ပုံတွေဟာ ဘာမှ ကျေနပ်စရာ မရှိသေးဘူး အတိအကျဆုံးဖြစ်ဖို့ အရေးကြီးနေတဲ့အခါ ကျွန်တော်တို့တစ်တွေ တွေဝေနေကြတယ်။ ဒါတွေထက် ဆိုးဝါးတာက မှန်တယ်ထင်ရာကို မလုပ်ရဲတာပဲ။ ကိုယ့်စိတ်ထဲက အလုပ်တစ်ခုဟာ ဘယ်လောက်ပင် မှန်တယ်လို့ ထင်နေပါစေ။ ဘယ်သူက ဘယ်လိုထင်မလဲ၊ ဘာပြောမလဲဆိုတာတွေ တွေးပြီး ယုံတာတစ်မျိုး ၊ လုပ်တာတစ်မျိုး ဖြစ်ဖြစ်နေကြတယ်။ အဲဒါတွေဟာ ခေါင်းဆောင်လုပ်မယ့် လူတွေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။
ယခုခေတ်ခေါင်းဆောင်မှုဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ နည်းနည်းမှ မတူတော့ဘူးဆိုတာ ကောင်းကောင်းသတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာာမှစပြီး ဆုံးဖြတ်ချက်ချတာမှာ အဆုံးသတ်တာပဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနှင့် လောင်စာသာ ကျန်တော့တဲ့ ဘ၀ဆိုကြီးမှ မြန်မာပြည်ကြီးကို အသစ်ပြန်လည်ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှု ဖြစ်ရမယ်။ ဒီလောက်ကြီးလေးတဲ့ ခေါင်းဆောင်မှုကြိးကို ကျွန်တော်တို့တစ်တွေ နိုင်နိုင်နင်းနင်းနဲ့ တာဝန်ယူချင်တယ်ဆိုရင်တော့ ခုလိုတွေဝေနေလို့ မဖြစ်တော့ဘူး။ ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။ ကိုယ်ယုံကြည်တာကို မလုပ်ရဲလို့ မဖြစ်တော့ဘူး။”
လူထုခေါင်းဆောင်များကျင့်သုံးရမည့် သဘောထားနှင့် ပတ်သတ်၍လည်း ၁၉၄၇ ခုနှစ် မတ်လ ၁၃ ရက်နေ့က အသံလွှင့်ရုံတွင် ပြောကြားသောမိန့်ခွန်း၌ အောက်ပါအတိုင်း မိန့််ကြားခဲ့သည်။
“ကျုပ်တို့ဟာ လူထုရဲ့ ခေါင်းဆောင်တွေပဲ။ လူထုကို နားလည်အောင်ပြောဖို့ဟာ ကျုပ်တို့ ၀တ္တရားပဲ။ စစ်မရောက်ခင်က မြှားကုန်စကားမျိုး ပြောတဲ့လူတွေဟာ တော်လှန်ရေးသမားတွေ မဟုတ်ဘူး။ ဘယ်လို ခက်ခက်ခဲခဲ မလျှော့တမ်းတုံ့ပြန်ရလိမ့်မယ်။လူမိုက်လုပ်မည်ကြံတဲ့ ရန်သူတွေကို လူမိုက်နည်းနဲ့ တုံ့ပြန်ရလိမ့်မယ်။ လူလိမ္မာလုပ်ပြီးလိမ်မယ့် ရန်သူတွေကို လူလိမ္မာနည်းတွေနဲ့ပဲ ပြန်တိုက်ရမယ်။ နိုင်ငံရေးဟာ နိုင်ငံရေးပဲ။ နိဗ္ဗာန်ရောက်အောင် လုပ်နေကြတာ မဟုတ်ဘူး။ သို့သော် ငါတို့က စပြီး မညစ်ပတ်ပါနှင့်။ မမိုက်ကြပါနှင့်။ မမှုလောက်တဲ့ နေရာမှာလည်း အရေးမစိုက်နှင့်။ လျစ်လျူရှုထားဖို့ လိုတယ်။”
မမှန်မကန်လုပ်သော ခေါင်းဆောင်များကို ပြည်သူလူထုက လက်မခံကြောင်းလည်း အောက်ပါအတိုင်း သတိပေးခဲ့သည်။
“ရှေ့နောက် မညီညွတ်သော ခေါင်းဆောင်မှု ၊ အမြင်တိုသော ခေါင်းဆောင်မှု၊ ဘယ်သူသေသေ ငတေခေါင်းဆောင် ဖြစ်ရလျှင်ပြီးရော ဟူသော ခေါင်းဆောင်မှုများကြောင့် လူထုကလည်း မိမိတို့၏ရှေ့တွင် ထိုမင်းသားကြီး လုပ်လိုသူများကို အရပ်မခံလိုကြချေ”
ခေါင်းဆောင်ကောင်း လိုအပ်ကြောင်း ဤသို့ ပြောကြားခဲ့သည်။
“…ပုဂ္ဂိုလ်နှင့် ပတ်သတ်၍ ဂရုမစိုက်ရ ဆိုသည်မှာ အရာရာတွင် မမှန်။ တိုင်းပြည်တည်းဟူသော စက်ကြီးကို ထူထောင်ရာ၌ စက်ကလည်း ကောင်းရန်လိုသည်။ စက်မောင်းသူကလည်း ကောင်းရန်လိုသည်။”
စုပေါင်း ခေါင်းဆောင်မှုမျိုးကို ဗိုလ်ချုပ်အောင်ဆန်း လိုလားခဲ့သည်။ ၁၉၄၅ ခုနှစ် ၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် ဤသို့ မြွက်ကြားခဲ့သည်။
“ကျွန်တော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတစ်ဦးတည်းက ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲနှင့် အဖွဲ့နှင့် ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ အဖွဲ့ရဲ့ဆန္ဒ မဟုတ်ဘဲ ၊ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲအဖွဲ့ရဲ့ ဆန္ဒယူပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှု အောက်မှာရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်”
လိမ်ညာတတ်သော နိုင်ငံရေး များ၏ လုပ်နည်းလုပ်ဟန်များကိုလည်း သတိထားရန် အောက်ပါအတိုင်း မိန့်ကြားခဲ့သည်။
“…တိုင်းပြည်ကို လိမ်နေတဲ့ လူညာတွေ၊ အကျင့်ပျက်တွေ ၊ သတ္တိကြောင်တွေဟာ ကိုယ့်အစွမ်းကို အားမကိုးဘဲ လူတွေ ကြည်ညိုတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဗန်းပြပြီး လာစေကာမူ ဘယ်နည်းနဲ့မှ အားမပေးကြပါနဲ့။
ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ချင်ရင်ဖြင့် ကျုပ်ဘာမှ မပြောလိုတော့ဘူး။ သို့သော်လည်း ခင်ဗျားတို့ ဒါမျိုးအလုပ်မခံချင်ရင်၊ ခင်ဗျားတို့ အကျိုးဖြစ်စေချင်ရင် ဒီလူညာတွေ၊ အကျင့်ပျက်တွေ ၊ သတ္တိကြောင်တွေကို ရှောင်ရှားကြပါ။ တိုင်းပြည်လွတ်လပ်ပြီး၊ ခင်ဗျားတို့အကျိုးတွေကို ထင်ထင်ရှားရှား ဘယ်သူမှ လက်တလုံးခြား မလိမ်နိုင်အောင်စီမံနိုင်မှ ခင်ဗျားတို့ အကျိုးရှိနိုင်မှာပဲ။ ကျုပ် နောက်ဆုံးသတိပေးချင်တာက တိုင်းပြည်မှာ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ဘယ်လိုလူမှ စိတ်မချနဲ့။ မလိမ်နိုင်အောင် ကြိုးချည်ထားပါလို့ ပြောချင်တယ် “
ဗိုလ်ချုပ်အောင်ဆန်းသည် စံပြခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပေသည်။ တိုင်းပြည်အတွက် အနစ်နာခံခဲ့ပုံ၊ ကိုယ်ကျိးစွန့်ခဲ့ပုံ၊ ရာထူးဂုဏ်မမက်ခဲ့ပုံ ၊ ကိုယ်ကျင့်တရားကောင်းမွန်ခဲ့ပုံကို မိန့်ခွန်းအတော်များများတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းမိန့်ကြားချက်များက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ခံယူ၍ လက်တွေ့ကျင့်သုံးခဲ့သော ခေါင်းဆောင်ကောင်းနဲ့ ပတ်သတ်သည့် စံများပင်ဖြစ်သည်။
“ကျုပ်ပြောရဲတယ်၊ ဒီမြန်မာပြည်မှာ တိုင်းပြည်အတွက် ကျုပ်တို့ထက် ပိုလုပ်တဲ့လူ၊ အနစ်နာခံတဲ့လူ မရှီဘူးဆိုတာ ကျုပ်ပြောရဲတယ်။ ကျုပ်ဆိုလို့ရှိရင် ဂျပန်လက်ထပ်မှာဖြစ်ဖြစ် ၊ အခုဖြစ်ဖြစ် ကျုပ်လိုချင်ရင် ကျုပ်လိုချင်တဲ့ ရာထူးရဖို့ မခဲယဉ်းပါဘူး။ ဂျပန်တွေတုန်းက မင်းတောင် ရှင်ဘုရင် ဖြစ်နိုင်သားပဲ ဆိုတဲ့စကားမျိုးအပြောခံရတာပဲ။ ဒါပေမဲ့ ကျုပ်ဒီလို ရာထူးတွေကိုသာ ရည်ရွယ်ပြီး နိုင်ငံရေးလုပ်ချင်ရင် အစကတည်းက ဒီလောက်ခက်ခဲ ပင်ပန်းဘေးများတဲ့အလုပ် ( အခုဟန်လို့သာ အသက်ရှင်နေရတာ မဟုတ်ရင် ကြာလှပြီ ကျုပ်သေတာ။ အဲဒီလိုဆိုရင် ခင်ဗျားတို့ ကျုပ်နာမည်တောင် ကောင်းကောင်းပြောရဲမှာ မဟုတ်ဘူး) ကို လုပ်တယ် ဆိုတာ တိုင်းပြည်လွတ်လပ်ရေးလိုချင်လို့ပဲ”
“ကျုပ် နိုင်ငံရေးလုပ်လာတာ ကြွားချင်လို့လည်း လုပ်နေတာ မဟုတ်ဘူး ။ မြန်မာပြည်လွတ်လပ်ရေး ရစေချင်လို့၊ မြန်မာတွေ ကောင်းစားစေချင်လို့ လုပ်တာပါ။ ကျုပ်က နိုင်ငံရေးမလုပ်ရလို့ ထမင်းငတ်သွားမယ့်လူမျိုး မဟုတ်ပါဘူး။ နိုင်ငံရေး လုပ်တာ ကျုပ်တို့အဖို့မယ် မြတ်တယ်လို့ကို မထင်ဘူး။ အရှုံးကြီးနဲ့ချည်း လုပ်နေရတာပဲ။
ယခု ၀န်ကြီးဖြစ်ရပေမဲ့ ကျွန်တော့မှာ ဘာမှ ထူးခြားခြင်း မရှိပါဘူး။ ဂျပန်ခေတ်တစ်ခေတ်လုံးကလည်း စစ်ဝန်ကြီးဆိုပြီး ကျွန်တော့မှာ အ၀တ်နှစ်ထည် သုံးထည်ကလွဲပြီး အပိုမရှိခဲ့ပါဘူး။ ယခုခေတ်ရောက်ပြန်တော့ ဒါတွေကို ၀တ်နေရတာပဲ။ ယခုဝတ်နေတဲ့ ဘောင်းဘီနှင့် အင်္ကျီတောင် ယခုဝန်ကြီးရာထူးကို ၀င်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်းအချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ ယခု ၀န်ကြီးအဖြစ်နှင့် လခ ဘယ်လောက်ယူမယ်ဆိုတာ ဖဆပလက ဆုံးဖြတ်မပေးသေးဘူး။ ဘယ်လောက်ပဲ ဆုံးဖြတ် ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံလောက်က ပိုမှာ မဟုတ်ဘူး။
ပိုက်ဆံမရလို့ ဂုဏ်ဆိုတာတော့ ၀န်ကြီးဖြစ်ရတဲ့အတွက် ဘယ်လောက်များတက်သွားသလဲလို့ မေးကြစမ်းပါ။ ယခုလို မီးတောင်ကြီးပေါ်မှာ တက်ထိုင်နေရတာနဲ့တူတဲ့ ၀န်ကြီးရာထူးဆိုတာ ခုနေအခါ ကျုပ်တို့ယူချင်တာ မဟုတ်ဘူး။ တိုင်းပြည်နဲ့အကြောင်းကြောင်းတွေ ထောက်ပြီး မျက်စိမှိန်ပြီး စွန့်.ယူရတာပဲ။ လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကြီးကို ၀န်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ကျုပ်စိတ်ထဲမှာ ဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ် “
“အတိုချုပ်ရမယ်ဆိုရင် ကျုပ်ဘယ်လိုလူလဲ။ မိန်းမရေးမှာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖော်လုပ်ဖက်တွေကို ချောက်တွန်းခဲ့သလား အစရှိတဲ့ ဒီလိုကိစ္စတွေကို လူထုရဲ့ ရှေ့မှာ ဘယ်အချိန်အခါမဆို တကယ်အစစ်ဆေးခံရန် အသင့်ရှိတယ် “
“တိုင်းပြည်ခေါင်းဆောင်လုပ်တာ ခင်ဗျားတို့က သိပ်ပြီး စည်းစိမ်ရှိတယ်ထင်တယ်။ ကျုပ်အဖို့က ကျားမြီးဆွဲမိလို့သာ ဆက်လုပ်နေရတယ်။ သို့သော် လွတ်လပ်ရေးရတဲ့အထိ ဆက်လုပ်ပြီး လွတ်လပ်ရေး ရပြီးတဲ့နောက် အနားယူရမလား မပြောတတ်သေးဘူး”
`ကောက်နုတ်ချက်- ၁။ လမ်းနှစ်ခွ မိန့်ခွန်း (၅.၄.၁၉၄၇)
၂။ ရွေးကောက်ပွဲ သတိပေးချက် မိန့်ခွန်း (၁၃.၃.၁၉၄၇)
၃။လူထုကို တပတ်မရိုက် မိန့်ခွန်း (၇.၄.၁၉၄၇)
၎။ သတ္တိရှိလျှင် ရွေးကောက်ပွဲ လုပ်ကြရအောင်မိန့်ခွန်း(၁၈.၁၁.၄၅)
၅။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး မိန့်ခွန်း(သြဂုတ်လ - ၁၉၄၅)
၆။ ပြည်သူ့လွတ်လပ်ရေး မိန့်ခွန်း
၇။ ကွန်မြူနစ်တွေကို ဘာကြောင့် ထုတ်ပစ်ရသလဲ မိန့်ခွန်း
၈။မြေစနစ်ကို ပြုပြင်ပြောင်းလဲ ချင်တယ် မိန့်ခွန်း(၅.၂.၁၉၄၇)
( မောင်ပုဆိုးကြမ်းရေးသားသော ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များ စာအုပ်မှ ခေါင်းဆောင်ဆိုသော စာအုပ်ပါ ခေါင်းဆောင်ဆိုသော အခန်းအား မူရင်းပုံနှိပ် အရေးအသားအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ စာကိုးများကို အတတ်နိုင်ဆုံး ပြည့်စုံအောင် ဖော်ပြပေးထားပါသည်။)






0 comments:
Post a Comment