အတွေးအခေါ် တော်လှန်ရေး (၁) A Revolution of The Mind by Jonathan Israel
by Myanmar got Talents (Facebook)
အတွေးအခေါ် အယူအဆသစ်ကို နှစ်ပေါင်းရာချီပြီးကြာမှ လူ့အဖွဲ့အစည်းက လက်ခံတယ်။ အနောက်တိုင်းမှာ ဒီကနေ့ ကျင့်သုံးနေတဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ်ဟာ (၁၇) ရာစုမှာ မြစ်ဖျားခံတဲ့အတွက် သက်တမ်း အနှစ် (၃၀၀) ကျော်ရှိသွားပြီလို့ ပြောနိုင်တယ်။ ပြည်သူ့ကိုယ်စားလှယ်အစိုးရ၊ ညီမျှမှု၊ လွတ်လပ်မှု၊ ဥပဒေပြုရေးနဲ့ ပညာရေးမှာ ဘာသာရေးကင်းရှင်းမှု စတဲ့ အယူအဆတွေဟာ အခြေခံကျတဲ့ အသိဉာဏ်အမြင်ပွင့်လင်းမှု (radical enlightenment) ဖြစ်တယ်။ အာဏာရှင်ဘုရင်စနစ်နဲ့ ဘာသာရေးဂိုဏ်း ကြီးစိုးတဲ့ခေတ်မှာ ဒီလိုအတွေးအခေါ်အယူအဆတွေ ခေါင်းမထောင်နိုင်ဘူး။ လူတစုက လျှို့ဝှက်ဆွေးနွေးခဲ့တဲ့ သဘောတရား ကမ္ဘာက လက်ခံလာတဲ့ အထိ အောင်ပွဲခံလာပုံကို Princeton Institute of Advanced Study ဆိုတဲ့ သုတေသနဌာနက သမိုင်းပါမောက္ခ ဂျော်နသန်အစ္စရေး (Jonathan Israel) ရေးထားတဲ့ စာအုပ် ၂၀၁၀ နှစ်ဆန်းမှာ ထွက်လာတယ်။ အမည်က A Revolution of The Mind အတွေးအခေါ် တော်လှန်ရေးဖြစ်တယ်။ ခေတ်သစ်ဒီမိုကရေစီကို အထောက်အကူပြုတဲ့ အတွေးအခေါ် အယူအဆတွေကြောင့် လူ့အဖွဲ့အစည်းတခုလုံး ပြောင်းလဲလာပုံကို ဖော်ပြထားတာပါပဲ။
အတွေးအခေါ်သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးရှိတယ်။ ဂန္ထ၀င်စာအုပ်တွေရှိသလို မျိုးဆက်သစ်တွေက အမြင်သစ်နဲ့ ရေးထားတာတွေလည်း ရှိတယ်။ ဒါပေမယ့် စနစ်ဟောင်း အကျင့်ဟောင်းကို တော်လှန်ပြီး လူ့စိတ်ဓာတ်ကို ပြောင်းလဲစေခဲ့တဲ့ ဒီမိုကရေစီအခြေခံသဘောတရားတွေကို သီးသန့်လေ့လာပြီး ရေးသားထားတဲ့ စာအုပ်က နည်းတယ်။ ဒီလိုအချိန်မှာ ဂျော်နသန်အစ္စရေးက အတွေးအခေါ် တော်လှန်ရေးအကြောင်း စာမျက်နှာ (၂၀၀) ကျော် ရေးလိုက်တာပါပဲ။ ရှားပါးတဲ့ အမျိုးအစားဖြစ်လို့ မြန်မာစာဖတ်ပရိသတ်အတွက် စာအုပ်ဝေဖန်ခန်းရေးဖို့ စိတ်ကူးမိတယ်။ ဝေဖန်တယ်ဆိုတာမှာ အဓိပ္ပာယ်နှစ်မျိုး ရှိတယ်လို့ မြန်မာစာအဖွဲ့ရဲ့ ၁၉၈၀ ထုတ် မြန်မာအဘိဓာန်အကျဉ်းချုပ်မှာ ဖော်ပြတယ်။ အကောင်းအဆိုးကို သုံးသပ်စိစစ်မှု သို့မဟုတ် ခွဲခြားညွှန်ပြပြောဆိုမှုလို့ အဓိပ္ပာယ်ရသလို၊ စိတ်ဖြာခွဲဝေပေးတာကိုလည်း ဝေဖန်တယ်လို့ ပြောနိုင်တယ်တဲ့။ ဒီအဓိပ္ပာယ်အားလုံး ခေတ်ပြိုင်စာအုပ်ဝေဖန်ခန်းမှာ တွေ့နိုင်မယ်။
မြန်မာက နွားလှည်းလောက်သာလုပ်တတ်ပြီး အမေရိကန်နဲ့အနောက်တိုင်းက အာကာသလောကမှာ သုတေသနလုပ်နေတဲ့ အဆင့်ဆိုတော့ သူတို့ရဲ့အရေးအသားကို သဘောပေါက်ရင်တောင် မြန်မာလိုပြန်ပြောဖို့ ဝေါဟာရ ခေါင်းပါးနေတာတွေ့ရတယ်။ စရိုက်ချင်း ကွဲပြားခြားနားတာရယ် မြန်မာပြည်မှာ လွတ်လပ်မှုဆိတ်သုဉ်းနေတာရယ်ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ပတ်သက်တဲ့ မြန်မာစာ အရေးအသား အလွန်နည်းတယ်။ အပေါ့အပါးစာပေ အရေးအသားတွေများပြီး လေးနက်တဲ့ အရေးအသားနည်းတယ်။ ဒါပေမယ့် ကျနော်တို့တာဝန်က ခက်တဲ့ကိစ္စကို လွယ်အောင်လုပ်ဖို့ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ရှင်းလင်းတင်ပြပါမယ်။ စာမျက်နှာ (၂၀၀) ကျော်ကို (၁၅) မျက်နှာနဲ့ ရှင်းပြရတာမို့ စာရေးသူရဲ့ ဆိုလိုချက်ကို ခြုံငုံမိဖို့ကလည်း အရေးကြီးပါတယ်။ နောက်အခက်အခဲတခုက စာဖတ်ပရိသတ်နဲ့ သက်ဆိုင်တယ်။ ပညာတတ် အင်္ဂလိပ် စာဖတ်ပရိသတ်အတွက် ရေးထားတဲ့စာအုပ်ကို မြန်မာစာတတ်သူတိုင်း နားလည်အောင် ပြန်လည်ရှင်းပြရတာဟာ အတော်လေးဦးနှောက်ခြောက်စရာပါပဲ။
လူအများစုရဲ့ အကျိုးစီးပွားကိုမြှင့်တင်ပြီး လူနည်းစုကြီးစိုးတာကို ဟန့်တားဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကို လက်ရှိမြန်မာစစ်အစိုးရ နားမလည်သလို ရှေးအာဏာရှင် ဥရောပဘုရင်တွေကလည်း လက်မခံနိုင်ကြဘူး။ လူသားရဲ့ အခြေခံလိုအပ်ချက်၊ အခွင့်ရေးနဲ့အဆင့်အတန်းဟာ အတူတူပဲဖြစ်တယ်ဆိုတဲ့ ညီမျှမှုသဘောကိုလည်း ဘုရင်ခေတ်က လက်မခံနိုင်ကြဘူး။ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်လိုအသားအရောင်ပဲဖြစ်ဖြစ် တရားဥပဒေအတိုင်း အားလုံးကို တပြေးတည်း ဆက်ဆံရမယ်ဆိုတဲ့ အယူအဆကို အာဏာရှင်တွေက လက်မခံနိုင်ဘူး။
ဒါကြောင့် အာဏာပိုင်ဘုရင်၊ မြေရှင်ပဒေသရာဇ်နဲ့ ဘာသာရေးခေါင်းဆောင် ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီဓလေ့ကို ပြုစုပျိုးထောင်တဲ့အယူအဆ အတွေးအခေါ်တွေ ပြန့်ပွားအောင်လုပ်ရတာ အလွန်ခက်ခဲတယ်။ Enlightenment (ခေါ်) ပွင့်လင်းတဲ့ အသိဉာဏ်ပညာက ပေါ်ထွက်လာတဲ့ အယူအဆတွေဟာ အနောက်တိုင်းရဲ့ လူမှုရေးနဲ့ နိုင်ငံရေး အခြေခံအတွေး အခေါ်တွေ ဖြစ်လာတယ်။ အစပိုင်းမှာတော့ အာဏာပိုင်အဖွဲ့အစည်းရဲ့ ဖိနှိပ်မှု၊ အာဃာတထားမှု၊ အယူသည်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒီအယူအဆတွေ ခေတ်မစားအောင် နှစ်ပေါင်းသုံးရာကျော် ဖိနှိပ်ဟန့်တားခဲ့ပေမယ့် နောက်ဆုံးမှာ အုပ်ချုပ်သူလူတန်းစားကပါ လက်ခံလိုက်ရတဲ့အတွက် လစ်ဘရယ်ဒီမိုကရေစီ ပေါ်ထွက်လာတာပါပဲ။
အသိဉာဏ်ကင်းမဲမှုနဲ့ ယုံလွယ်မှုကြောင့် လူသားတွေဟာ အဖိနှိပ်ခံ/အနှိမ်ခံနေရတာလို့ (၁၈) ရာစုပညာရှင်အချို့ ပြောတာဟာ အခုခေတ်အထိ မှန်နေတုန်းပါပဲတဲ့။ အသိဉာဏ်ကင်းမဲ့မှုနဲ့ ယုံလွယ်မှုဟာ ဒီမိုကရေစီနဲ့ ပုဂ္ဂလိကလွတ်လပ်မှုရဲ့ ရန်သူတွေဖြစ်ပါတယ်။ (၁၇) ရာစုပညာရှင် ဒေးကတ် (Descartes 1596-1650)၊ ဟော့ဗ်စ် (Hobbes 1588-1679)၊ စပင်နိုဇာ (Spinoza 1632-1677)၊ ဘာလ် (Bayle 1647-1706) စတဲ့ ပညာရှင် (၄) ဦးကို တော်လှန်ရေးအမြင်ရှိသူအဖြစ် ဖော်ပြထားတယ်။
လူ့ဘ၀တိုးတက်ကောင်းမွန်ရေးအတွက် လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ အယူအဆဟာ စာတွေ့မှာ ဖြစ်နိုင်ပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ (၁၇) ရာစုက ယူဆကြတယ်။ (၁၈) ရာစုရောက်လာတော့မှ တော်လှန်တဲ့ အတွေးအခေါ်အယူအဆကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ကုန်ထုတ်လုပ်မှု တိုးတက်အောင် အတတ်ပညာသစ်တီထွင်နိုင်မှု၊ တရားဥပဒေနဲ့ လူ့အဖွဲ့အစည်းတည်ငြိမ်မှု၊ ရောဂါကပ်ကွယ်ပျောက်မှု စတာတွေကြောင့် လူ့ဘ၀ကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ဆင်ခြင်တုံတရား အားထားရင် တိုးတက်လိမ့်မယ်လို့ ယုံကြည်လာကြတယ်။ ဘိုးဘွားတွေ လက်ထက်ကလို အသိဉာဏ်ခေါင်းပါးမှု နည်းပါးသွားတာဟာ တိုးတက်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းပဲလို့ ယူဆလာကြပါတယ်။
(၁၈) ရာစုနှောင်းပိုင်းမှာ စာနယ်ဇင်းလွတ်လပ်မှုနဲ့ သည်းခံနိုင်မှုတွေ ရှိလာတဲ့တွက် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးကို ဘက်ပေါင်းစုံမှာ မြင်တွေ့နေရပြီလို့ ဗောလ်တဲ (Voltaire 1694-1778) က သုံးသပ်တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားကို လူတစုကသာကျင့်သုံးပြီး လူများစုဟာ ခိုင်းတာကိုသာ လုပ်ချင်နေကြတဲ့အတွက် အဖြစ်မှန်ကို မြင်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ လူထုကိုယ်စားပြုတဲ့ ညီလာခံတွေ အဖွဲ့အစည်းနဲ့ဥပဒေတွေ များပြားလာတာကို ဂျာမန်ပညာရှင် ကန့် (Kant 1724-1804) မှတ်တမ်းတင်ထားပါတယ်။ လူ့အဖွဲ့အစည်းဟာ ဘုရင်စနစ်မှာ နိဂုံးမချုပ်ဘဲ ဆက်လက်တိုးတက်နိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံလာကြတယ်။ ဒီနေရာမှာ အယူအဆနှစ်မျိုးကွဲသွားပါတယ်။ စနစ်ဟောင်းကို ပြောင်းပစ်ချင်သူနဲ့ စနစ်ဟောင်းအတွင်းမှာပဲ ပြုပြင်ရေးလုပ်ချင်သူဆိုပြီး နှစ်စုကွဲသွားပါတယ်။
တနည်းဆိုရင်တော့ ဆင်ခြင်တုံတရားနဲ့ စနစ်ဟောင်းကို သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး လက်ရှိစနစ်အတွင်းမှာ ပြုပြင်ရေးလုပ်လိုသူတွေကတဖက်၊ စနစ်ဟောင်း အကျင့်ဟောင်းကို စွန့်လွှတ်ပြီး ဆင်ခြင်တုံတရားတခုတည်းကိုသာ ရှေ့ဆောင်လမ်းပြအဖြစ် အသုံးပြုလိုသူတွေကတဖက် အုပ်စုနှစ် ကွဲသွားပါတယ်။ ဆင်ခြင်တုံတရား (သို့မဟုတ်) စဉ်းစားဉာဏ်ကိုသာ အားကိုးတဲ့ အတွေးအခေါ်အယူအဆမှာ ကိုးကွယ်ယုံကြည်မှုအတွက် နေရာမရှိပါဘူး။ ဒါကြောင့် ခရစ်ယာန်ဘာသာရေးရာမှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုလာကြပါတယ်။ တချို့ကလည်း တော်လှန်တဲ့ အတွေးအခေါ်မှာ ကိုးကွယ်ယုံကြည်မှု (ဘာသာရေး) ဆိုတာမရှိဘူးလို့ ထောက်ပြကြတယ်။ ဒီလိုအတွေးအခေါ် အယူအဆသစ်ကို အပြင်းအထန် ဆန့်ကျင်သူတွေဟာ ဥရောပဘုရင်အစိုးရတွေနဲ့ အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်ပါတယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးကြီး ပေါ်ထွက်လာတဲ့နောက်မှာ ဥရောပအစိုးရတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာလည်း ပိုမိုပြင်းထန်လာတယ်။
အင်္ဂလိပ်ပညာရှင်တွေထဲမှာလည်း (၁၈) ရာစုပါလီမန်စနစ်ကို အကျင့်ပျက်နိုင်ငံရေးစနစ်လို့ ယူဆသူတွေရှိတယ် (Price, Priestly, Paine, Jebb, Thelwall)။ အတိုက်အခံလုပ်ပြီး ရုန်းကန်လှုပ်ရှားတာကို သမိုင်းဖြစ်စဉ်အဖြစ် Thomas Paine(1737-1809) ကမြင်တယ်။ လူတစုကောင်းစားရေးအတွက် အင်အားသုံးပြီး လိမ်ညာအုပ်ချုပ်တဲ့ အစိုးရစနစ်ကနေ လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံပြီး ဆင်ခြင်တုံတရားနဲ့ အုပ်ချုပ်တဲ့အစိုးရစနစ်ကို Tom Paine လိုလားတယ်။
ဒါတွေဟာ စိတ်ကူးယဉ်အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်နိုင်တဲ့အရာဖြစ်ကြောင်း၊ လွတ်လပ်တဲ့ လူ့ဘောင်မှာ ညီမျှမှုကို အခြေခံတဲ့ ကောင်းမွန်တဲ့ဘ၀ကို အစိုးရစနစ်ကတဆင့် တည်ဆောက်နိုင်တယ်လို့ ပြင်သစ်ပညာရှင် ဒေါလ်ဘတ်ရှ (d’Holbach) က ၁၇၇၀ မှာ ရေးတယ်။ မှားယွင်းမှု၊ မသိနားမလည်မှု၊ ဉာဏ်ပညာကင်းမဲ့မှုကြောင့် ပြည်သူတွေဟာ အဖိနှိပ်ခံနေကြရပြီး အစွဲအလမ်းကြောင့် အဖိနှိပ်ခံဘ၀ သက်ဆိုးရှည်နေမယ်ဆိုရင် ဆင်ခြင်တုံတရား၊ သိပ္ပံပညာနဲ့ အမှန်တရားက သူတို့ကို ကယ်တင်လိမ့်မယ်လို့ ဒေါလ်ဘတ်ရှက ဆိုပါတယ်။ လှပတဲ့ ရင်သပ်ရှုမောဖွယ် အတွေးအခေါ်ပါပဲလို့ ဂျော်နသန်အစ္စရေးက မှတ်ချက်ချလိုက်ပါတယ်။
(၁၇) ရာစု မြန်မာပြည်မှာ ဘုရင့်နောင်ရဲ့သားတဦးဖြစ်သူ ညောင်ရမ်းမင်းရဲ့ အဆက်အနွယ်တွေ ကြီးစိုးတဲ့အတွက် ညောင်ရမ်းခေတ် (၁၆၀၀-၁၇၀၀) လို့ ခေါ်ကြတယ်။ စကားပြေအရေးအသားနဲ့ ရဟန်းစာဆို ထွန်းကားတဲ့ခေတ်လို့ ပထမဆုံးသော မြန်မာစာပါမောက္ခ ဦးဘေမောင်တင်က မြန်မာစာပေသမိုင်းမှာ ရေးထားတယ်။ မြန်မာစာပေကို နန်းတော်က အားပေးချီးမြှင့်တဲ့ဓလေ့ကြောင့် မြန်မာစာပေမှာ ဘုန်းတော်ဘွဲ့တွေ များတယ်။ (၁၇) ရာစုမှာ ညောင်ရမ်းမင်း (၇) ဦး နန်းစံတဲ့အထဲမှာ သာလွန်မင်း (၁၆၂၆-၁၆၄၈) ဟာ စစ်မတိုက်ဘဲ ပြုပြင်ရေးလုပ်ငန်းကို အာရုံစိုက်တဲ့အတွက် ထင်ရှားတယ်။ သာလွန်မင်းဟာ မြို့တော်ကို ပဲခူးက အင်းဝကို ရွှေ့ပြောင်းလိုက်သူဖြစ်တယ်။ တိုင်းပြည်အေးချမ်းသာယာမှု မရှိတဲ့အခါမှာ ဗမာမင်းတွေဟာ မြို့တော်ကို ရွှေ့ပြောင်းလေ့ရှိတယ်လို့ မြန်မာပြည်ရောက် ဒတ်ရှကုန်သည်တို့ရဲ့ အစီရင်ခံစာမှာ တွေ့ရကြောင်း ပထမဆုံးသော မြန်မာ့သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်က ၁၉၆၂ ထုတ် မြန်မာနိုင်ငံသမိုင်းမှာ ရေးထားတယ်။ ဒါပေမယ့် နောက်တက်တဲ့မင်းတွေ ညံ့ဖျင်းတဲ့အတွက် သာလွန်မင်းရဲ့ ဆောင်ရွက်ချက်တွေ အချည်းနှီးအလဟဿ ဖြစ်ရတယ်လို့ ဆရာကျော်သက်က ဆိုပါတယ်။
ညောင်ရမ်းမင်းရဲ့သား အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈) လက်ထက်မှာ မြန်မာ-အင်္ဂလိပ် ဆက်ဆံရေးစတယ်။ မြန်မာတပ် ဇင်းမယ် (ချင်းမိုင်) ကို သိမ်းတဲ့အခါ အဲဒီမှာရောက်နေတဲ့ အင်္ဂလိပ်ကုန်သည်နှစ်ဦးနဲ့ တွေ့တယ်။ ဒီအင်္ဂလိပ်နှစ်ဦး မြန်မာပြည်နဲ့ ကုန်သွယ်ရင်း ပြည်နှင်ဒဏ်ပေးခံရတယ်။ ဗမာဘုရင်ဟာ အလွန်ဆိုးသွမ်းရက်စက်တဲ့အတွက် ပြည်သူ့သွေး တစက်မထွက်ရင် ထမင်းမစားနိုင်တဲ့ မင်းဆိုးမင်းညစ်သာဖြစ်တယ်လို့ အင်္ဂလိပ်ကုန်သည်နှစ်ဦးက ထွက်ဆိုတယ်တဲ့။ မြန်မာစာဆိုတွေကတော့ ဗမာမင်းရဲ့ ဘုန်းတော်ဘွဲ့ကိုသာ ရေးလေ့ရှိတယ်။
သာလွန်မင်းလက်ထက်မှာ ရဟန်းစာဆိုတွေ ခေတ်စားတယ်။ ၁၆၄၅ ခုနှစ်မှာ ထင်ရှားတဲ့ ရှင်ကရ၀ိက ဆိုသူ ရဟန်းစာဆိုဟာ `“တက်ထွန်းလျှံဝါ” အစချီတဲ့ ပိုဒ်စုံရတုသုံးပုဒ်ကို ဘုရင့်ရွှေနားတော် ဆက်သွင်းတယ်ဆိုပဲ။ ရှင်ကရ၀ိကရဲ့ ရတုကို သာလွန်မင်းက ကြိုက်နှစ်သက်လွန်းတဲ့အတွက် ရွှေကျည်တောက်ထဲသွင်းပြီး ခေါင်းရင်းမှာ အမြဲထားတယ်တဲ့။ ဒါတင်မကသေးဘဲ အလွတ်ကျက်မှတ်ပြီး အာဂုံဆောင်သေးတယ်တဲ့။ ရတုထဲမှာ “ဖြူရိပ်ဖြန့်လွှား၊ လူ့ဘုရားလျှင်၊ လေးပါးတန်ခိုး၊ နေ့တိုင်းတိုးလျက်…” စသဖြင့် ရှင်ဘုရင်ကို လူ့ဘုရားလို့ အမွှန်းတင်လိုက်တော့ သာလွန်မင်းကြီးလည်း အလွတ်ကျက်ရတဲ့အဖြစ်ကို ရောက်သွားတော့တာပေါ့။
အတွေးအခေါ်တော်လှန်ရေး (၂) (A Revolution of The Mind by Jonathan Israel )
by Myanmar got Talents (Facebook)
ကမ္ဘာ့သမိုင်းမှာထင်ရှားတဲ့ အမေရိကန်နဲ့ ပြင်သစ်တော်လှန်ရေးဟာ အတွေးအခေါ်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရပုံကို ရှင်းပြထားပါတယ်။ အနှစ် (၂၀) အတွင်း ပြောင်းလဲသွားတဲ့ အတွေးအခေါ်ကြောင့် တော်လှန်ရေးဖြစ်ပေါ်လာတာလို့ ဆိုတယ်။ အသိဉာဏ်ပညာ ပွင့်လင်းလာတဲ့အတွက် နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ အနိဋ္ဌာရုံတွေကို ဖြေရှင်းဖို့ နည်းလမ်း တွေ့မြင်လာတာဟာ အတွေးအခေါ်တော်လှန်ရေးပဲလို့ ဆိုပါတယ်။ ဒါပေမယ့် အယူအဆသစ်ဟာ ရှေးဟောင်းအဖွဲ့အစည်းနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ရုံတင်မကသေးဘဲ အများလက်ခံထားတဲ့ အစဉ်အလာ အယူအဆဟောင်းတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ လူ့အဖွဲ့အစည်းကို ရှေးဟောင်းဓလေ့ထုံးစံ ကိုးကွယ်မှုနဲ့ ယုံကြည်မှုက ဖန်တီးတာဖြစ်လို့ ဆင်ခြင်တုံတရားနဲ့ မဆိုင်ဘူးဆိုတဲ့ အစဉ်အလာအယူအဆနဲ့လည်း ထိပ်တိုက်တွေ့ရတယ်။ ညီမျှရေးနဲ့ ပုဂ္ဂလိကလွတ်လပ်ရေးကို တန်ဖိုးထားလာချိန်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ ဖန်တီးချိန်ဖြစ်တယ်လို့ဆိုတယ်။
ဒီအချိန်ဟာ အမေရိကန်တော်လှန်ရေးမပေါ်မီ (၁၀) နှစ်အလို ၁၇၇၀ တ၀ိုက်က စခဲ့တာလို့ဆိုတယ်။ ပြင်သစ်တော်လှန်ရေး ၁၇၈၉ မတိုင်မီဖြစ်ပွားတဲ့ အမေရိကန်တော်လှန်ရေး ၁၇၇၆-၁၇၈၃ နဲ့ ဒတ်ခ်ျတော်လှန်ရေး ၁၇၈၀-၁၇၈၇ ဟာ သီးခြားဖြစ်ပွားတဲ့ ဒေသဆိုင်ရာ ဖြစ်ရပ်တွေမဟုတ်ဘဲ ဥရောပနဲ့အမေရိကန်မှာ အတွေးအခေါ်ပြောင်းလဲလို့ ဖြစ်ပေါ်လာရတဲ့ ပြောင်းလဲမှုပါပဲ။ ဘုရင်စနစ်နဲ့ အစဉ်အလာ အစိုးရစနစ်အောက်မှာ ဆင်းရဲနွမ်းပါးနေတာကိုကြည့်ပြီး ဒီစနစ်တွေ ဆိုးဝါးပုံကို သိမြင်တဲ့အတွက် အစိုးရစနစ်သစ်ကို တည်ဆောက်ဖို့ အထွေထွေတော်လှန်ရေးလုပ်ဖို့ လိုအပ်တယ်လို့ တွမ်ပိန်း ၁၇၃၇-၁၈၀၉ Thomas Paine က ထုတ်ဖော်တယ်။ ပြင်သစ်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ပြောဆိုချက်ဟာ အမေရိကန်နဲ့ ဒတ်ခ်ျတော်လှန်ရေးသမားတွေရဲ့ အယူအဆနဲ့ ကွဲပြားခြားနားတာ မဟုတ်ပါဘူး။ ဒါကြောင့် ပြင်သစ်တော်လှန်ရေးဟာ အများနဲ့ဆိုင်တဲ့ အထွေထွေတော်လှန်ရေးကြီး ဖြစ်တယ်လို့ တွမ်ပိန်းနဲ့ အမေရိကန်တော်လှန်ရေးသမား Joel Barlow တို့က သတ်မှတ်တာဖြစ်တယ်။ ဟုတ်ပါတယ်။ ပြင်သစ်တော်လှန်ရေး ၁၇၈၉-၁၇၉၂ ကို လွှမ်းမိုးတဲ့ အယူအဆ သဘောတရားတွေထဲမှာ ပြင်သစ်ပိုင်ဆိုတာ မရှိသလောက်ပါပဲ။ အမေရိကန်တော်လှန်ရေးဟာ ဥရောပတော်လှန်ရေးသမားတွေရဲ့ အားဆေးလိုဖြစ်နေပါတယ်။ ဒါပေမယ့် ဥရောပကိုလိုနီကို နိုင်ငံသစ်အဖြစ်အသွင်ပြောင်းရာမှာ ဥရောပရဲ့ လူတန်းစားခွဲခြားမှု၊ ဘာသာရေးအမြင်ကျဉ်းမှု စတဲ့ အစဉ်အလာဓလေ့တွေကို စွန့်လွှတ်နိုင်ပါ့မလားလို့ ပြင်သစ်တော်လှန်ရေးမှာ ခေါင်းဆောင်တဦးဖြစ်လာမယ့် ပီရဲဘရီစို- Pierre Brissot (၁၇၅၄-၁၇၉၃) က ၁၇၈၃ မှာ မေးခွန်းထုတ်ခဲ့ပါတယ်။
အမေရိကန်တော်လှန်ရေးရဲ့ ဟာကွက်တွေကို သဘောပေါက်သူတွေလည်း ရှိပါတယ်။ ဥပမာ တော်လှန်ရေးဆင်နွှဲတဲ့ အမေရိကန်ကိုလိုနီ (၁၃) ခုဟာ ကျွန်တွေကို လွတ်မြောက်အောင် မလုပ်နိုင်ကြဘူး။ ကျွန်စနစ်ဖျက်သိမ်းဖို့ ၁၇၆၀ လောက်ကတည်းက စတင်လှုပ်ရှားတဲ့ Pennsylvania ပြည်နယ်ဟာ ၁၇၈၀ မှာ ကျွန်စနစ်ဖျက်သိမ်းတဲ့ ဥပဒေပြုတော့ အသက် (၂၈) နှစ်ကျော်တဲ့ ကျွန်သာ လွတ်လပ်နိုင်တယ်ဆိုတဲ့ ကန့်သတ်ချက် ထည့်ထားတယ်။ နယူးဂျာစီကောလိပ်ကျောင်းအုပ် ဒဿနပညာရှင် John Witherspoon (၁၇၂၃-၁၇၉၄) ဟာ လွတ်လပ်ရေး ကြေညာစာတမ်းကို လက်မှတ်ထိုးသူတွေထဲမှာ ပါဝင်ပေမယ့် ကျွန်တွေကို ချက်ချင်းလွှတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်။ ပထမဆုံး သမ္မတကြီး George Washington ကလည်း သူပိုင်တဲ့ကျွန်တွေကို သူသေမှပဲ လွတ်လပ်ခွင့်ပေးကြောင်း သေတမ်းစာရေးခဲ့တယ်။ အမေရိကန်တော်လှန်ရေးမှာ ကျွန်လွတ်လပ်ရေးမပါတာဟာ အလွန်ထင်ရှားတဲ့ ချို့ယွင်းချက်ဖြစ်တယ်လို့ တွမ်ပိန်း- Banjamin Rush နဲ့ အခြားတော်လှန်ရေးသမားတွေက မြင်ကြတယ်။ ဒါပေမယ့် အမေရိကန်အများစုကတော့ ၁၇၈၃ ခုနှစ်မှာ အမေရိကန်လွတ်လပ်ရေးကို အင်္ဂလိပ်က အသိအမှတ်ပြုလိုက်တာနဲ့ အမေရိကန်တော်လှန်ရေး ပြီးဆုံးသွားပြီလို့ ယူဆကြတယ်။
အသိဉာဏ်တော်လှန်နေသူတစုကသာ ချို့ယွင်းချက်တွေကို မြင်ကြတာပါ။ ဥရောပမှာခေတ်စားတဲ့ အထက်တန်းစား aristocracy စနစ် ပေါ်ပေါက်လာအောင် အားပေးတဲ့ အပြုအမူရှိလာတယ်။ လူတစုချမ်းသာပြီး လူများစု ဆင်းရဲတဲ့ ကွာဟမှုမျိုး မကြီးထွားဖို့လိုအပ်နေကြောင်း ပြင်သစ်ပညာရှင် ဒါနီးဒီဒါရိုး- Denis Diderot (၁၇၁၃-၁၇၈၄) က သတိပေးတယ်။ ဥရောပမှာခေတ်စားတဲ့ သူကောင်းမျိုး လူတန်းစားတည်ထောင်လိုတဲ့ လက္ခဏာကို အမေရိကန်နိုင်ငံသစ်မှာ တွေ့ရတဲ့အတွက် မြေယာပိုင်ဆိုင်မှုနဲ့ လူ့အဆင့်အတန်းကို ဆန်းဖြတ်တဲ့ ဥရောပဓလေ့ ရှင်သန်ခွင့်မပေးဖို့ အရေးကြီးကြောင်း ပြင်သစ်ပညာရှင် မီးအားဘူ- Mirabeau (၁၇၄၉-၉၁) က ထောက်ပြတယ်။ အင်္ဂလိပ်မြေရှင်စနစ်ရဲ့ အစဉ်အလာတွေကို အမေရိကန်မှာ လက်မခံသင့်ကြောင်း ပြင်သစ်တော်လှန်ရေးမတိုင်မီ (၅) နှစ်အလိုမှာ မီးအားဘူ က လေ့လာသုံးသပ်ခဲ့တာဖြစ်တယ်။ ဒီဒါရိုး၊ ဒေါလ်ဘတ်ရှ၊ မီးအားဘူ၊ ဘရီစို၊ ကိုးဒိုစေး၊ ဂျက်ဖာဆင်၊ တွမ်ပိန်းနဲ့ အခြား အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်ပညာရှင်တွေရဲ့ အရေးအသားမှာ အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ လွတ်လပ်ရေး၊ လူ့အခွင့်အရေး စတဲ့ ဒီမိုကရေစီသဘောတရားတွေကို တွေ့မြင်နိုင်တယ်။ အမေရိကန်တော်လှန်ရေး၊ ဒတ်ခ်ျတော်လှန်ရေးနဲ့ ပြင်သစ်တော်လှန်ရေးမှာ ဒီမိုကရေစီသဘောတရားကို သွတ်သွင်းပေးနိုင်တာဟာ ဒီပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်အရေးအသားပဲ ဖြစ်တယ်လို့ ဂျော်နသန်အစ္စရေးက ဆိုပါတယ်။ ခေတ်ကို ပြောင်းလဲအောင် လုပ်ရာမှာ တော်လှန်တဲ့ အတွေးအခေါ် အယူအဆဟာ အဓိကကျတယ်လို့ ဆိုတာပါပဲ။ ဥပဒေပြုရေး၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး၊ ကိုလိုနီအရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး စတာတွေနဲ့ ပတ်သက်တဲ့ အခြေခံအတွေးအခေါ် အယူအဆတွေကို အပြည့်အ၀ ပြောင်းလဲနိုင်မှသာ တော်လှန်ရေးဖြစ်ပေါ်နိုင်တယ်လို့ ပြင်သစ်ပညာရှင် ကိုးဒိုစေး (Condorcet) ၁၇၄၃-၉၄ က ဆိုတယ်။
ဒီအယူအဆဟာ ပြင်သစ်တော်လှန်ရေးဖြစ်ပွားချိန် ၁၇၈၉ ကစပြီး ၁၈၅၀ လောက်အထိ အနှစ် (၆၀) လောက် ခေတ်စားလာခဲ့တယ်။ လူ့အဖွဲ့အစည်းမှာ အခြေခံအပြောင်းအလဲဖြစ်မှ အတွေးအခေါ် ပြောင်းလဲနိုင်တယ်ဆိုတဲ့ မာစ်ဝါဒ Marxism ခေတ်စားလာတော့မှ အတွေးအခေါ် အယူအဆဟာ အခြေခံမကျဘူးဆိုတဲ့ သဘောတရားခေတ်စားလာတယ်။ အတွေးအခေါ် အယူအဆသစ်နဲ့ တော်လှန်ရေးဆင်နွှဲကြပေမယ့် ခေတ်ဟောင်းဓလေ့တွေဟာ နေရာအတော်များများမှာ ဆက်ပြီး သက်ဆိုးရှည်နေတာတွေ့ရတယ်။ ခေတ်ဟောင်းရဲ့ ဖိနှိပ်မှုနဲ့ အယူသီးမှုတွေကို နှစ်ပေါင်းများစွာ တိုက်ဖျက်ရပါတယ်။ တော်လှန်ရေးဆင်နွှဲပြီးတဲ့အခါမှာ အမေရိကန်တွေဟာ လွတ်လပ်မှု၊ ကြွယ်ဝမှုနဲ့ သိက္ခာရှိမှုတွေကို အနည်းအကျဉ်းခံစားရပြီး ဥရောပသားတွေကတော့ ဆင်းရဲစုတ်ပြတ်နေတယ်လို့ အမေရိကန်ကိုသွားလည်တဲ့ ပြင်သစ်ပညာရှင် ဘရီစိုက ဆိုပါတယ်။ ဒီလို မညီမမျှဖြစ်တာဟာ လူ့သဘာဝဖြစ်ကြောင်း၊ ချမ်းသာပြီး အာဏာရှိသူရှိသလို ဆင်းရဲပြီး နာခံရသူရှိတာဟာ သဘာဝဖြစ်ကြောင်း၊ ဒီဓလေ့ထုံးစံပျက်သွားရင်သာ မကျေမနပ်ဖြစ်ပြီး ပြဿနာပေါ်တာဖြစ်ကြောင်း၊ ဒါကြောင့်မို့ လူများစု အသိဉာဏ်ပွင့်လင်းအောင် မလုပ်သင့်ဘူးလို့ ဗော့တယ် Voltaire (၁၆၉၄-၁၇၇၈) က ဆိုတယ်။ ကမ္ဘာကြီးဟာ ဘုရားသခင် အလိုတော်အတိုင်း ဖြစ်နေတာဆိုတဲ့အမြင်ကို လူကြိုက်များတယ်။ ဒေါလ်ဘတ်ရှ d’Holbach (၁၇၂၃-၈၉) ကတော့ ဆင်းရဲဒုက္ခဖြစ်နေရတဲ့ လက်ရှိစနစ်ဆိုးက ဘယ်လိုရုန်းထွက်ရမလဲ ဆိုတာကိုသာ စဉ်းစားတယ်။ လက်ရှိအနိဋ္ဌာရုံကိုဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေ အများကြီးရှိနေတဲ့အတွက် ဖောက်ပြန်နေတဲ့ စနစ်တခုလုံးကို ဖျက်သိမ်းပြီး တရားမျှတတဲ့စနစ်နဲ့ အစားထိုးဖို့ပဲရှိတယ်လို့ ဒေါလ်ဘတ်ရှက ယူဆတယ်။
ဒီလိုလုပ်ရာမှာ အမှားကိုထောက်ပြီး အမှန်တရားကို ဖော်ထုတ်တဲ့နည်းလမ်းကို သုံးရမယ်လို့ ဆိုပါတယ်။ မှားယွင်းမှုတွေကြောင့် အနိဋ္ဌာရုံတွေနဲ့ ကြုံတွေ့နေရတယ်လို့ ယုံကြည်လာရင် ဒီအမှားတွေကို မဖြစ်မနေ သတ္တိရှိရှိနဲ့ ကိုယ်တွယ်ဖြေရှင်းရမယ်လို့ ဒေါလ်ဘတ်ရှကဆိုတယ်။ နှစ်ပေါင်း (၂၀၀) ကျော်က ဒေါလ်ဘတ်ရှပြောတဲ့နည်းကို အခုအထိ သုံးနေတုန်းပါပဲ။ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှု စတာတွေကို တောင်းဆိုတဲ့ ပညာရှင်တွေအားလုံးဟာ လွတ်လပ်စွာတွေးခေါ်ခွင့်နဲ့ လွတ်လပ်စွာ အသိဉာဏ်ပြန့်ပွားခွင့်ရှိမှ လူ့အဖွဲ့အစည်းအကျိုးခံစားရမယ်လို့ ယူဆကြတယ်။ ပြည်သူ့ဆန္ဒမှာ အခြေခံတဲ့ နိုင်ငံရေးအာဏာကသာ တရားဝင်ကြောင်း ဒီဒါရိုးနဲ့ဒေါလ်ဘတ်ရှတို့က ၁၇၇၀ မှာ စာတမ်းထုတ်ဝေတယ်။ လူသားရဲ့ အခြေခံအခွင့်အရေး ဖောက်ဖျက်ခံနေရလို့ မင်းဆိုးမင်းညစ်ကို လက်နက်ကိုင်တော်လှန်တာဟာ တရားတဲ့လုပ်ရပ်လို့ဆိုတယ်။ အစိုးရဟာ အခြေခံဥပေဒအရ တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ ပြည်သူလူထုအကျိုးကို မသယ်ပိုးရတဲ့အစိုးရဟာ မင်းဆိုးမင်းညစ် (tyrant) ဖြစ်တယ်လို့ တော်လှန်တဲ့ (၁၈) ရာစု တွေးခေါ်ရှင်တွေက ယူဆပါတယ်။ အစဉ်အလာ အယူအဆအရဆိုရင် အမေရိကန်ကိုလိုနီတွေဟာ အင်္ဂလိပ်ဘုရင့်အစိုးရကို တော်လှန်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် အမေရိကန်ကိုလိုနီတွေကို အကျိုးမပြုတဲ့ ဘုရင့်အစိုးရလို့ ယူဆတဲ့အတွက် လက်နက်ကိုင်တော်လှန်ကြတာဖြစ်တယ်။
သဘောတရားအမြင်မပြောင်းရင် အမေရိကန်တော်လှန်ရေး ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ သဘောတရားအမြင်နဲ့ လက်တွေ့အခြေအနေကို ကိုက်ညီအောင် လုပ်နိုင်တဲ့အတွက် တော်လှန်ရေးအောင်မြင်သွားတယ်။ (၁၈) ရာစု ဒုတိယပိုင်းမှာ ဖြစ်ပေါ်တဲ့ အတွေးအခေါ်တော်လှန်ရေးဟာ လူ့သမိုင်းတခုလုံးကို ပြောင်းလဲစေတဲ့အတွက် ဒီကာလမှာ ပေါက်ဖွားလာတဲ့ အတွေးအခေါ် အယူအဆတွေကို မသိရင် ဒီတော်လှန်ရေးကို သဘောပေါက်နိုင်မှာမဟုတ်ဘူးလို့ ဂျော်နသန်အစ္စရေးက သုံးသပ်တင်ပြထားပါတယ်။ (၁၈) ရာစု ဒုတိယပိုင်းကာ မြန်မာပြည်မှာ ကုန်းဘောင်မင်းဆက် တည်ထောင်ချိန်ဖြစ်တယ်။ အလောင်းဘုရင်း ၁၇၅၂-၆၀၊ နောင်တော်ကြီးမင်း ၁၇၆၀-၆၃၊ ဆင်ဖြူရှင် ၁၇၆၃-၇၆၊ စဥ့်ကူမင်း ၁၇၇၆-၈၂ နဲ့ ဘိုးတော်ဘုရား ၁၇၈၂-၁၈၁၉ စတဲ့ အကြွင်းမဲ့ အာဏာရှင် ကုန်းဘောင်မင်းတွေ ကြီးစိုးချိန်ပါပဲ။ စဥ့်ကူမင်းကလွဲပြီး အားလုံး ယိုးဒယား (ထိုင်း) ကို ၀င်ရောက်တိုက်ခိုက်ကြသူတွေ ဖြစ်တယ်။ မြန်မာ့လူ့ဘောင်ဟာ ပြောင်းလဲတိုးတက်မှုမရှိဘဲ ရေသေလို ရပ်တန့်နေတဲ့အတွက် ဒီခေတ်မှာ အတွေးအခေါ်အသစ်အဆန်းတွေ၊ ကြံဆချက်တွေ မပေါ်ထွက်တာ ထင်ရှားတယ်လို့ ကွယ်လွန်သူ မြန်မာ့သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်က မှတ်ချက်ချပါတယ်။
အတွေးအခေါ်တော်လှန်ရေး (၃) (A Revolution of The Mind by Jonathan Israel )
by Myanmar got Talents (Facebook)
* အနောက်ဥရောပ အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးသမား radical နဲ့ ပြုပြင်ရေးသမား moderate တွေ ပေါ်ထွက်လာလာပုံကို ဂျော်နသန်အစ္စရေးက ရှင်းပြထားတယ်။ ညီမျှရေး (equality) ဆိုင်ရာသဘောထားမှာ အခြေခံပြီး အယူအဆကွဲပြားသွားကြတာဖြစ်တယ်။ အင်္ဂလိပ်ပညာရှင် ဂျွန်လော့ခ် John Locke (၁၆၃၂-၁၇၀၄) က ပြုပြင်ရေးသမားတွေရဲ့ ရှေ့ပြေးခေါင်းဆောင်ဖြစ်လာပြီး ဒတ်ခ်ျပညာရှင် Spinoza စပင်နိုဇာ (၁၆၃၂-၁၆၇၇) က တော်လှန်ရေးသမားတွေရဲ့ ရှေးဦးဆရာဖြစ်လာတယ်။ ညီမျှရေးဝါဒမှာ အခြေခံတဲ့ လူမှုရေးအမြင်ကနေ ခေတ်သစ်ဒီမိုကရေစီ အယူအဆ ထွက်ပေါ်လာတာပါပဲ။ ဒီမိုကရေစီဟာ အကောင်းဆုံးအစိုးရစနစ်လို့ ပထမဆုံးပြောသူတွေထဲမှာ 'စပင်နိုဇာ' ပါဝင်တယ်။ * ရာထူးအဆင့်အတန်းနဲ့ မြေယာပိုင်ဆိုင်မှုကို ရှေးရိုးအစဉ်အလာတိုင်း လက်ခံထားတာဟာ လူ့အဖွဲ့အစည်းကို ပျက်စီးစေတယ်လို့ တော်လှန်ရေးဝါဒီတွေက မြင်ကြတယ်။ အဖိနှိပ်ခံ၊ အနှိမ်ခံ သာမန်လူတန်းစားထဲကသာ ပညာထူးချွန်သူတွေ ပေါ်ထွက်လာတာဖြစ်လို့ ပညာတတ်သူကသာ ရာထူးရပိုင်ခွင့်ရှိတယ်လို့ တော်လှန်ရေးဝါဒီတွေက မြင်တယ်။
ဂျွန်လော့နဲ့ စပင်နိုဇာကွယ်လွန်ပြီး အနှစ် (၇၀) လောက်ကြာတော့ အခွင့်ထူးခံလူနည်းစုအုပ်ချုပ်မှု Aristocracy ကို ဆန့်ကျင်မှု အားကောင်းလာတယ်။ လွတ်လပ်မှုဆိုတာ အာဏာပိုင်တွေ ထင်သလိုလုပ်တာကို ဆိုလိုတာဖြစ်ကြောင်း မီးအားဘူ- Mirabeau (၁၇၄၉-၉၁)၊ ဒေါလ်ဘတ်ရှ- d'Holbach၊ ဒီဒါရိုး-Diderot၊ အလ်ဗိရှု-Helvetius (၁၇၁၅-၁၇၇၁) တို့က ယူဆတယ်။ ဒါပေမယ့် လူသားအားလုံး စီးပွားရေးညီမျှရမယ်ဆိုတာကို သူတို့က လက်မခံဘူး။ လူ့အဖွဲ့အစည်းကို အများဆုံးအသုံးပြုသူဟာ အများဆုံးဆုလာဘ်ခံစားခွင့်ရှိရမယ်လို့ သူတို့ ယုံကြည်တယ်။ * လူတိုင်းဟာ အလုပ်ကြိုးစားကြတာမဟုတ်တဲ့အတွက် ကြိုးစားရင် ကြိုးစားသလို အကျိုးခံစားခွင့် ရှိတယ်လို့ဆိုတယ်။ တဦးနဲ့တဦး အရည်အချင်းမတူတာကြောင့် အရည်အချင်းကိုလိုက်ပြီး အကျိုးခံစားခွင့်ပေးရမယ်လို့ တော်လှန်ရေးဝါဒီတွေက ယုံကြည်တယ်။ တိုင်းပြည်ရဲ့ ဓနဥစ္စာခွဲဝေမှု အကြီးအကျယ် ကွာဟနေတာ လက်ခံနိုင်စရာမရှိလို့ နိုင်ငံသားရဲ့ပိုင်ဆိုင်မှုမှာ ချိန်ခွင့်လျှာလို မျှမျှတတ a just equilibrium ဖြစ်အောင် လုပ်ရမယ်လို့ ယူဆကြတယ်။ နိုင်ငံသားအားလုံးကို တတ်နိုင်သမျှ ကြည့်ရှုစောင့်ရှောက်ဖို့ အစိုးရတိုင်းမှာ တာဝန်ရှိတယ်လို့လည်း တော်လှန်ရေးဝါဒီတွေက ယူဆတယ်။ ဘာသာရေးကင်းရှင်းတဲ့ ကိုယ်ကျင့်တရားဟာ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး၊ အသားအရောင်မရွေး အတူတူသာဖြစ်ရမယ်လို့ ဆိုတယ်။ ဒေါလ်ဘတ်ရှ၊ မီးအားဘူ၊ ဘရီစိုနဲ့ တွမ်ပိန်းတို့က အကြမ်းမဖက်ဘဲ နှလုံးရည်တိုက်ပွဲဝင်ကြဖို့ ဆော်သြပေမယ့် ဒီဒါရိုးကတော့ ဖိနှိပ်တဲ့အာဏာပိုင်တွေကို ပုန်ကန်ဖို့ ဆင်းရဲသားတွေကို တိုက်တွန်းတဲ့အထိ ပြင်းထန်လာတယ်။ ပြင်သစ်တပြည်လုံးမှာ လျှို့ဝှက်ထုတ်ဝေတဲ့ တော်လှန်ရေးစာပေပျံ့နှံ့နေတာဟာ အတွေးအခေါ် တော်လှန်ရေးဖြစ်ပွားနေတာပါပဲ။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ပဲရစ်အာဏာပိုင်တွေဟာ တော်လှန်တဲ့အတွေးအခေါ် စာအုပ် (၇) အုပ်ကို ၁၇၇၀ မှာ မီးလျှို့ဖျက်ဆီးပြတယ်။ * ဂန္ထ၀င်ဘောဂဗေဒ (classical economics) လို့ ဒီကနေ့ လူသိများတဲ့ စီးပွားရေးပညာဟာ ၁၇၆၅ နဲ့ ၁၇၇၅ အကြားမှာ ပေါ်ထွက်လာတယ်။ တူဂိုး-Turgot (၁၇၂၇-၁၇၈၁) ရဲ့ စီးပွားရေးစာတမ်း (၁၇၆၆) မှာ ထွက်လာပြီး ဘက်ကဲရီယာ-Beccaria (၁၇၃၈-၁၇၉၄) ရဲ့စာတမ်းဟာ (၁၇၇၁) မှာ ထွက်လာတယ်။ အဒမ်စမစ်- Adam Smith ရဲ့စာတမ်းကို (၁၇၇၆) မှာ ထုတ်ဝေတယ်။ ဒီပညာရှင် (၃) ဦးဟာ ထူးခြားတဲ့ပါရမီရှင် မိုးကျရွှေကိုယ်တွေမဟုတ်ဘူး။ သူတို့ခေတ်မှာ ရေပန်းစားတဲ့ ဒဿနအမြင်၊ ကိုယ်ကျင့်တရားနဲ့ လူမှုရေး အယူအဆက မွေးထုတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ဂျော်နသန်အစ္စရေးက ရှင်းပြတယ်။ *
အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးသမားနဲ့ ပြုပြင်ရေးသမား ပြိုင်ဆိုင်ကြတဲ့ နောက်ခံသမိုင်းကြောင်းကို နားလည်မှ ဂန္ထ၀င်ဘောဂဗေဒပညာရဲ့ အခန်းကဏ္ဍကို နားလည်လိမ့်မယ်လို့ ဂျော်နသန်အစ္စရေးက ဆိုတယ်။ ဈေးကွက်ကို မချုပ်ချယ် မကန့်သတ်ဘဲ လွတ်လပ်ခွင့်ပေးလိုက်ရင် လူ့အဖွဲ့အစည်းဟာ တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်လို့ တူဂိုး၊ ဘက်ကဲရီယာနဲ့ အဒမ်စမစ်တို့က ဆိုတယ်။ ရှေးဓလေ့ထုံးစံ မှားယွင်းတဲ့လမ်းစဉ်၊ အခွင့်ထူးခံယူမှု၊ ချုပ်ချယ်မှု၊ လက်ဝါးကြီးအုပ်မှု၊ မတရားအခွန်စည်းကြပ်မှု စတာတွေဟာ စီးပွားရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေတယ်လို့ သူတို့က ယုံကြည်တယ်။ ဒါပေမယ့် ဒီချွတ်ယွင်းချက်တွေကို ပြုပြင်ပြောင်းလဲရာမှာ တည်ဆဲစနစ်နဲ့ ဘာသာရေးအကြီးအကဲတွေကို မထိခိုက်မနစ်နာစေဘဲ အကောင်အထည်ဖော်နိုင်တယ်လို့ သူတို့ကမြင်တယ်။ ပြည်သူတွေ ဆင်းရဲနွမ်းပါးနေတာကိုတော့ အဓိကမထားကြဘူး။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုတွေ ရုပ်သိမ်းလိုက်ရင် ဆင်းရဲမှုပြဿနာ ကွယ်ပျောက်သွားလိမ့်မယ်လို့သာ ဆိုပါတယ်။
စီးပွားရေးတိုးတက်မှုဆိတ်သုဉ်းနေလို့ တရုတ်ပြည်မှာ ဆင်းရဲသားများနေရတာကို တူဂိုးက ထောက်ပြတယ်။ * ဒီစီးပွားရေးပညာရှင်တွေရဲ့ ပြုပြင်ရေးအယူအဆကို ဒီဒါရိုး၊ အလ်ဗီရှု၊ ဒေါလ်ဘတ်ရှနဲ့ ဘရီစိုတို့က ဆန့်ကျင်ကြတယ်။ ခေတ်ဟောင်းကို ပြုပြင်ပြီးတည်ဆောက်တဲ့ စီးပွားရေးစနစ်သစ်ကို သူတို့က အယုံအကြည်မရှိကြဘူး။ မကောင်းတဲ့ စနစ်ဟောင်းကို ပြုပြင်နိုင်ရင် လူ့အဖွဲ့အစည်းတခုလုံး ကောင်းမွန်လာမယ်လို့ ပြောနေပေမယ့် ဆင်းရဲနွမ်းပါးမှု ကျဆင်းမသွားတဲ့အတွက် ပြုပြင်ရေးသမားတွေ သြဇာအရှိန်အ၀ါ ကျဆင်းလာတယ်။ ဒါကြောင့် ၁၇၈၀ နောက်ပိုင်းမှာ အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုကို တော်လှန်ရေးသမားတွေက ဦးဆောင်လာတယ်။ ပြုပြင်ရေးသမားတွေ အရေးနိမ့်သွားတာဟာ ပြင်သစ်တော်လှန်ရေးနဲ့ အတွေးအခေါ်တော်လှန်ရေး အရှိန်အဟုန် ပြင်းထန်လာတဲ့ အကြောင်းအရင်းတခုပါပဲ။ * (၁၈) ရာစု မြန်မာပြည်မှာ အိမ်နီးချင်းနိုင်ငံတွေ (အထူးသဖြင့် ယိုးဒယား) နဲ့ မကြာခဏစစ်ဖြစ်သလို ဥရောပမှာလည်း မကြာခဏစစ်ဖြစ်တယ်။ ထူးခြားတာကတော့ အတွေးအခေါ် တော်လှန်ရေးဖြစ်ပွားတဲ့ ဥရောပမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာပါပဲ။ တိုင်းသူပြည်သား သာယာဝပြောရေးကို ဂရုမစိုက်ဘဲ ဘုရင်နဲ့မင်းညီမင်းသားတွေ စစ်ဆင်တာကို ဒေါဘတ်ရှက ရှုတ်ချတယ်။ တရားတဲ့စစ်ပွဲဆိုတာဟာ အဖိနှိပ်ခံပြည်သူလူထုက ဖိနှိပ်သူတွေကို တော်လှန်တဲ့စစ်ပွဲသာဖြစ်တယ်လို့ ဒီဒါရိုးကဆိုတယ်။
ပြည်သူလူထုကို ခိုင်းစားသူတွေဟာ ဘုရင်၊ အထက်တန်းစား၊ ကုန်သည်ပွဲစားနဲ့ ရဟန်းတွေဖြစ်တယ်လို့ဆိုတယ်။ တကယ်တော့ အသိဉာဏ်ပွင့်လင်းရေး လှုပ်ရှားမှုတခုလုံးဟာ (၁၈) ရာစုစစ်ဝါဒနဲ့ စစ်ပွဲတွေကို ဝေဖန်ရှုတ်ချကြတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း တော်လှန်ရေးဝါဒီနဲ့ ပြုပြင်ရေးဝါဒီဆိုပြီး နှစ်ခြမ်းကွဲသွားတယ်။ ဥပမာ ပြုပြင်ရေးသမားအဖြစ် နာမည်ကြီးနေတဲ့ ဘုရင်ဖရက်ဒနစ် Frederick the great ကို အပြောတမျိုး အလုပ်တမျိုးလုပ်တဲ့ ပုဂ္ဂိုလ်အဖြစ် ဝေဖန်ရေးသားကြတယ်။ စစ်ဘုရင် ဖရက်ဒရစ်ကိုယ်တိုင် မခံမရပ်ဖြစ်ပြီး ပြန်လည်ချေပတဲ့အထိ အငြင်းပွားခဲ့ကြတယ်။ * ပြုပြင်ရေးဝါဒီတွေဖြစ်တဲ့ ဗော့တယ်-ရူးဆိုး (Rousseau) နဲ့ ကန့် (Immanual Kant) တို့ကတော့ စစ်ဝါဒကို ပြတ်ပြတ်သားသား ရှုတ်ချတာမျိုးမလုပ်ကြဘူး။ သည်းခံနိုင်ဖို့၊ တယူသန်မဖြစ်ဖို့၊ ဘာသာရေးအယူအသီးဖို့ ကြိုးစားရင်း ငြိမ်းချမ်းရနိုင်တယ်ဆိုတာလောက်ပဲ ဗော့တယ်ကရေးတယ်။ ကင်သရင်းဘုရင်မကြီးရဲ့ နယ်ချဲ့စစ်ပွဲကိုလည်း ဗော့တယ်က အပြစ်မမြင်ဘူး။ အမြဲတမ်းငြိမ်းချမ်းဖို့ဆိုတာဟာ မဖြစ်နိုင်တဲ့ အိပ်မက်ပဲလို့ ရူးဆိုးက မြင်တယ်။
ကန့်ကလည်း မင်းညီမင်းသားရဲ့ လုပ်ပိုင်ခွင့်ကိုသာ အဓိကထားနေပြီး ဒီမိုကရေစီသဘောတရားကို တမင်ရှောင်နေတယ်။ စစ်မဖြစ်အောင် လက်ရှိနိုင်ငံရေးစနစ်ကို ဘယ်လိုပြောင်းလဲမှာလည်းဆိုတာကို ပြုပြင်ရေးဝါဒီတွေ အဖြေမပေးနိုင်ဘဲ ဖြစ်နေတယ်။ စစ်ဖြစ်တာဟာ တည်ဆဲနိုင်ငံရေးအဆောက်အအုံရဲ့ အစိတ်အပိုင်းတခုဖြစ်နေတာမို့ တည်ဆဲနိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့ စိတ်မကူးတဲ့ ပြုပြင်ရေးဝါဒီတွေမှာ စစ်ကိုဟန့်တားမယ့် အယူအဆ ကင်းမဲ့နေတယ်။ * နှစ်နဲ့ချီပြီးတိုက်ခိုက်ရလို့ လူပေါင်းသိန်းသောင်းချီပြီး သေဆုံးခဲ့ရတဲ့ Austria ထီးနန်းဆက်ခံရေးစစ်ပွဲ (၁၇၄၀-၄၈) (၇) နှစ်စစ်ပွဲ (၁၇၅၆-၇၃) စတဲ့ စစ်ပွဲတွေဟာ တိုင်းသူပြည်သားတွေ၊ စစ်သားတွေနဲ့ လုံးဝမဆိုင်တဲ့ စစ်ပွဲတွေဖြစ်လို့ လက်မခံနိုင်ဘူးလို့ တော်လှန်ရေးဝါဒီတွေက ဆိုတယ်။ ဘုရင်၊ မှူးမတ်၊ အထက်တန်းလွှာနဲ့ ငွေရှင်ကြေးရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဆင်နွှဲတဲ့ စစ်ပွဲတွေဖြစ်လို့ ရှောင်လို့ရတဲ့ စစ်ပွဲတွေပဲလို့ တော်လှန်ရေးသမားတွေက ဆိုတယ်။ (၁၈) ရာစုစစ်ပွဲတွေဟာ အကျိုးမရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေပဲလို့ ဒေါလ်ဘတ်ရှက သုံးသပ်တယ်။ * စစ်ဖြစ်တဲ့အခါမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို ကောင်းမွန်စွာဆက်ဆံဖို့နဲ့ မဆိုင်တဲ့အရပ်သားကို အန္တရာယ်မပေးဖို့ အတွေးအခေါ် တော်လှန်ရေးသမားတွေက တောင်းဆိုတယ်။ ဘုန်းတန်ခိုးကြီးချင်တဲ့ မင်းဟာ တိုင်းသူပြည်သားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အန္တရာယ်ပေးတတ်ကြောင်း၊ အမြဲတမ်းစစ်တပ်ထားတာ လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိကြောင်း ရေးသားကြတယ်။ လူ့အဖွဲ့အစည်းတခုလုံး အသိဉာဏ်ပွင့်လင်းလာရင် စစ်ဗိုလ်ကြီးစိုးပြီး အမြဲတမ်းစစ်တပ်ထားတာမျိုး ထင်သလို စစ်တိုက်နေတာမျိုး မလုပ်နိုင်တော့ဘူးလို့ တော်လှန်ရေးဝါဒီတွေက ယုံကြည်ကြတယ်။ ရာထူးအဆင့်အတန်း ရိုသေလေးစားတဲ့ အယူသီးမှု ကွယ်ပျောက်သွားရင် စစ်ဗိုလ်ကြီးစိုးမှုလည်း နိဂုံးချုပ်သွားမယ့် သဘောပါပဲ။ * ကိုယ်ကျင့်တရားနဲ့ တရားတဲ့ဥပဒေကို နိုင်ငံတွင်းမှာသုံးနိုင်ရင် ညီမျှမှုကို ရရှိနိုင်သလို နိုင်ငံအချင်းချင်း ဆက်ဆံရာမှာလည်း အသုံးပြုနိုင်ရင် အကောင်းဆုံးပဲလို့ ယူဆကြတယ်။
အသိဉာဏ်ပွင့်လင်းမှုနဲ့ စစ်မှန်တဲ့ ကိုယ်ကျင့်တရားမရှိလို့ တဦးကိုတဦးက ဖိနှိပ်ညှဉ်းပန်းပြီး စစ်တိုက်နေကြတာကို အတွေးအခေါ် တော်လှန်ရေးသမားတွေက မြင်တယ်။ ဖိနှိပ်တဲ့အစိုးရနဲ့ စစ်ဝါဒီတွေ ပေါ်ပေါက်လာတာဟာ အာဏာရှင်ဘုရင်စနစ်ကြောင့်ပဲလို့ တွမ်ပိန်းကဆိုတယ်။ လူသားဟာ အချင်းချင်း ရန်လုပ်တတ်တဲ့ သတ္တ၀ါမဟုတ်တဲ့အတွက် အသိဉာဏ်ပွင့်လင်းလာရင် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ဆိုတယ်။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ အပြောင်းအလဲနှစ်ခုလိုတယ်။ ပထမအပြောင်းအလဲက နိုင်ငံတိုင်းမှာ ဒီမိုကရေစီအစိုးရစနစ် တည်ထောင်ဖို့ဖြစ်ပြီး ဒုတိယအပြောင်းအလဲက အပြည်ပြည်ဆိုင်ရာ အထွေထွေညီလာခံကြီးကျင်းပပြီး နိုင်ငံတကာဆက်ဆံရေး ဥပဒေတွေရေးဖို့နဲ့ အငြင်းပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဖြစ်တယ်။ ဒီလိုအဖြစ်ကို ရောက်ရှိလာဖို့အတွက် အမြဲတမ်းစစ်တပ်ထားရှိပြီး အခွန်တော်ကြီးလေးစွာ ကောက်ယူနေတဲ့ ဘုရင်စနစ်၊ လူတစုအုပ်ချုပ်ရေးစနစ်နဲ့ ဘာသာရေးအာဏာပိုင်ကို အရင်ဆုံးတော်လှန်ရလိမ့်မယ်လို့ တွမ်ပိန်းနဲ့ အခြားအတွေးအခေါ် တော်လှန်ရေးသမားတွေက ဆိုတယ်။ တော်လှန်တဲ့အတွေးအခေါ်ဟာ မှန်ကန်ကြောင်း ကမ္ဘာ့သမိုင်းက သက်သေပြနေတယ်။ * (၁၆) ရာစု ဘုရင့်နောင်ရဲ့ စစ်အောင်ပွဲတွေဟာ မြန်မာ့ဇာတိမာန်ကို အမြဲတစေ နိုးဆွပေးနိုင်တဲ့ ဂုဏ်သတ္တိထူးရှိတာကြောင့် လက်ရှိစစ်အစိုးရရဲ့ ၀ါဒဖြန့်လုပ်ငန်းမှာ အရေးပါနေဆဲဖြစ်တယ်။ ဒါပေမယ့် ဘုရင့်နောင်သေပြီး မကြာမီ မြန်မာနိုင်ငံ ပြိုကွဲပျက်စီးရတာကြောင့် စစ်အင်အားအပေါ် အခြေခံတဲ့ နိုင်ငံရဲ့ အားနည်းချက်ကို သိနိုင်တယ်။ နှစ်ပေါင်း (၅၀) ကျော် စစ်တိုက်ခဲ့ပေမယ့် အရာမထင်တာ တွေ့နိုင်တယ်။ စစ်ပွဲကြောင့် လူဦးရေနည်းပါးလာတဲ့ တိုင်းပြည်ကို (၁၇) ရာစုမှာ ပြုပြင်သူဟာ သာလွန်မင်းပဲ။ *
ပြည်သူ့အကျိုးထမ်းဆောင်သူဟာ သာလွန်မင်းတဦးတည်း ရှိသလိုဖြစ်နေတယ်။ သာလွန်မင်းရဲ့ ပြုပြင်ရေးလုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းတာမျိုး မရှိဘူး။ ၁၆၃၇ က တရုတ်စစ်တပ်တွေ နယ်စပ်မှာ လှုပ်ရှားနေတဲ့အတွက် နယ်ခြားဒေသကို ဗမာစစ်တပ်ချီရာမှာ လိုက်နာရမယ့် စည်းကမ်းကို သာလွန်မင်းက ပြဋ္ဌာန်းတယ်။ စစ်ချီနေတုန်း လမ်းမှာတွေ့တဲ့ ကြက်၊ ၀က်၊ ဆိတ်၊ နွားစတာတွေကို သတ်မစားဖို့၊ ပြည်သူ့သားသမီးကို မစော်ကားဖို့နဲ့ ပြည်သူ့ပစ္စည်းကိုမလုယက်ဖို့ အမိန့်ထုတ်ထားတယ်။ ပြည်သူ့အခွင့်အရေးကို စစ်သားကရိုသေလေးစားပြီး စစ်တပ်ဟာ ပြည်သူပိုင်တဲ့ အဖွဲ့ဖြစ်ကြောင်း ယုံကြည်လာအောင် ပြသရမယ်လို့ သာလွန်မင်းက ယူဆကြောင်း ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ သုတေသနစာတမ်းတွေမှာ ဖော်ပြတယ်။
ဒေါက်တာအောင်ခင် /၂၅ ဇွန် ၂၀၁၀
အတွေးအခေါ်တော်လှန်ရေး (၄) နိဂုံး (A Revolution of The Mind by Jonathan Israel )
by Myanmar got Talents (Facebook)
* ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်မှုအမျိုးမျိုးရှိပေမယ့် တရားမျှတမှု၊ မေတ္တာစေတနာထားမှု၊ သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု စတာတွေမှာ အသွင်တူကြတယ်လို့ ဒီဒါရိုးကဆိုတယ်။ တရားမျှတတဲ့ဥပဒေနဲ့ အဖွဲ့အစည်းတွေကို ရိုသေလေးစားတာဟာ မှန်ကန်တဲ့ကိုယ်ကျင့်တရားပဲလို့ ဒီဒါရိုးကမြင်တယ်။ ကောင်းမွန်တဲ့ဥပဒေရှိရင် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ထွက်ပေါ်လာမှာပါပဲ။ ဒါကြောင့် ဘာသာရေးကင်းတဲ့ တရားဥပဒေကို အတွေးအခေါ်တော်လှန်ရေးသမားတွေက တောင်းဆိုတာ ဖြစ်တယ်။ စပင်နိုဇာ၊ ဒီဒါရိုး၊ အယ်ဗီရှု၊ ဒေါလ်ဘတ်ရှ စတဲ့ပညာရှင်တွေ တင်ပြဆွေးနွေးတဲ့ အယူအဆတွေဟာ ပြင်သစ်မှာတင်မကဘဲ ဗြိတိန်၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေကို ပျံ့နှံ့သွားတယ်။ ဘာသာရေးခံယူချက် ကင်းရှင်းမှသာ လေ့လာစုံစမ်းစစ်ဆေးမှုကို လွတ်လပ်မှန်ကန်စွာ လုပ်နိုင်မယ်လို့ဆိုတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ဒတ်ချ၊ အမေရိကန်၊ အီတလီ၊ ဗြိတိန် စတဲ့နိုင်ငံတွေက အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးဝါဒီနဲ့ ပြုပြင်ရေးဝါဒီဆိုပြီး ဂိုဏ်းကွဲသွားတာဟာ ၁၇၇၅ မှာ ထင်ရှားနေပြီ။ ဒဿနအမြင်၊ သိပ္ပံ၊ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးအမြင်တွေမှာ စေ့စပ်ညှိနှိုင်းလို့မရအောင် ကွဲပြားခြားနားသွားကြတယ်။ ဒီဒါရိုးနဲ့ ဒေါလ်ဘတ်ရှတို့ ချပေးတဲ့ အခြေခံအတိုင်း နောက်လိုက်တွေက ဆက်လက်ကျင့်သုံးကြတယ်။ ဥပမာ တော်လှန်ရေးကာလ ပြင်သစ်အမျိုးသားညီလာခံမှာ ခေါင်းဆောင်တဦးဖြစ်လာတဲ့ ပြင်သစ်လူငယ် ဗိုနေ (Volney) အာရပ်ဒေသမှာ သုံးနှစ်လေ့လာပြီး လွတ်မြောက်ရေးအကြောင်း စဉ်းစားတယ်။ ဘာသာရေးနဲ့နိုင်ငံရေးပူးပေါင်းပြီး ဖိနှိပ်ချုပ်ချယ်ထားတဲ့ ရှေးဟောင်းစနစ်ကို ဘယ်လိုတွန်းလှန်ရင် ကောင်းမလဲလို့ ဗိုနေက စဉ်းစားတယ်။
* အာရေဗျသဲကန္တာရနေ တိုင်းရင်းသားတွေကိုယ်တိုင် လက်နက်ကိုင်တော်လှန်မှ ဖိနှိပ်မှုအောက်က လွတ်မြောက်နိုင်မယ်လို့ ဗိုနေက ယုံကြည်တယ်။ ဒါပေမယ့် ဘာသာရေးအာဏာပိုင်၊ နိုင်ငံရေးအာဏာပိုင်၊ အသိဉာဏ်ကင်းမဲ့မှု၊ အယူသီးမှု၊ စတာတွေကြောင့် ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်လာရတယ်ဆိုတာကို အရင်ဆုံးသိဖို့ လိုတယ်လို့ဆိုတယ်။ အာဏာပိုင်အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေ ကိုယ့်ဘက်ပါအောင် စည်းရုံးသိမ်းသွင်းတာမျိုးကို အတွေးအခေါ်တော်လှန်ရေး သမားတွေက လက်မခံကြဘူး။ ခေတ်ဟောင်းကို တိုက်ဖျက်တဲ့ အတွေးအခေါ်သစ်ကို လျှို့ဝှက်စာစောင်တွေထုတ်ပြီး ဖြန့်ဝေရမယ်လို့ဆိုတယ်။ ပြည်သူတရပ်လုံး အသိဉာဏ်ပွင့်လင်းလာတဲ့အထိ တော်လှန်ရေးစာပေကို လျှို့ဝှက်ထုတ်ဝေရမယ်လို့ ဆိုတယ်။ ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆဟောင်းတွေကို ဖယ်ရှားနိုင်မှသာ အသိဉာဏ်ပွင့်လင်းပြီး လွတ်မြောက်အောင် ကြိုးပမ်းနိုင်လိမ့်မယ်လို့ ဗိုနေက ယုံကြည်တယ်။
* ၁၆၆၀ နဲ့ ၁၇၉၀ အကြားပေါ်ပေါက်ကြီးထွားလာတဲ့ အသိဉာဏ်ပညာပွင့်လင်းရေးလှုပ်ရှားမှုဟာ ပြင်သစ်တော်လှန်ရေးကို လွှမ်းသွားတာသိသာတယ်။ ဒီလှုပ်ရှားမှုကြောင့် လွတ်လပ်ရေး၊ ညီမျှရေးနဲ့ ချစ်ကြည်ရေးသဘောတရားနဲ့ ရှေးဟောင်းအဖွဲ့အစည်းကို အစားထိုးဖို့ ကြိုးပမ်းကြတာပါပဲ။ ဒါပေမယ့် ပြင်သစ်တော်လှန်ရေးမှာ သဘောတရားဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်ဆိုတာကို သမိုင်းဆရာအများစုက လက်မခံနိုင်ကြဘူးလို့ ဂျော်နသန်အစ္စရေးကဆိုတယ်။ အသိဉာဏ်ပွင့်လင်းရေးဆိုတဲ့ တော်လှန်ရေးလှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ လေ့လာကြတဲ့အခါ သမိုင်းအရေးအသား လေ့လာရေးပညာ historiography မှာ ပြဿနာအတော်ကြီးသွားတယ်လို့ဆိုတယ်။
* တော်လှန်ရေးရဲ့ နောက်ခံသဘောတရားမပါတဲ့ ပြင်သစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ အရေးအသားတွေမှာ ဟာကွက်ကြီးကို တွေ့နေရတယ်။ ပြင်သစ်တော်လှန်ရေးကို ဖြစ်ပွားစေတဲ့ သဘောတရားတွေကို လေ့လာတာမျိုး မရှိသလောက် ဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။ ပြင်သစ်တော်လှန်ရေးအကြောင်းရေးတဲ့ စာအုပ် စာတမ်းတွေ တောင်ပုံရာပုံရှိပေမယ့် အသိဉာဏ်ပွင့်လင်းရေး လှုပ်ရှားမှုနဲ့ ဆက်စပ်လေ့လာတာမျိုးရှားတယ်။ ဖရန်စွာဖြူးရေ Furet ရေးတဲ့ "တော်လှန်သောပြင်သစ် ၁၇၇၀-၁၈၈၀" ဆိုတဲ့ စာမျက်နှာ (၆၀၀) ကျော် စာအုပ် ၁၉၈၈ က ထွက်လာတယ်။ ဒီစာအုပ်ထဲမှာ ဒီဒါရိုး၊ ဒေါလ်ဘတ်ရှ၊ ဘရိစို၊ ကိုဒိုစေး၊ မီးအားဘူ၊ ဗိုနေ၊ တွမ်ပိန်း စတဲ့နာမည်တွေကို မတွေ့ရဘူးလို့ ဂျောနသန်အစ္စရေးကဆိုတယ်။ ဒါကြောင့် နှစ် (၁၀၀) အတွင်းမှာ ဘာတွေ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကို စာဖတ်သူအနေနဲ့ မသိနိုင်ဘူးတဲ့။
* အခွင့်ထူးခံရာထူးအဆင့်အတန်းကိုဖြိုဖျက်ပြီး ဆင်ခြင်တုံတရားနဲ့အညီ လူ့ဘောင်သစ်ကို တည်ထောင်ဖို့ဆိုတဲ့ သဘောတရား ပြင်သစ်၊ ဂျာမဏီ၊ ဟော်လန်၊ ဗြိတိန်၊ အမေရိကန်နဲ့ အခြားဒေသတွေမှာ ပျံ့နှံ့ခဲ့ပြီးတော့မှ ၁၇၈၉ မှာ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားတာပါ။ အတွေးအခေါ်တော်လှန်ရေးဖြစ်ပွားပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်ပွားတာဟာ မငြင်းနိုင်တဲ့ကိစ္စ ဖြစ်တယ်။ ခေတ်ဟောင်းစနစ်ဟောင်းကို ဖြိုဖျက်နိုင်ခဲ့ပေမယ့် ဒီမိုကရေစီနိုင်ငံတော်ကို မတည်ထောင်နိုင်တဲ့အတွက် အကြမ်းဖက်တဲ့ခေတ်ဆိုး (၁၇၉၃-၉၄) ကြီး ပေါ်ထွက်လာပြီး ဂိုဏ်းဂဏတိုက်ပွဲမှာ ရောဗစ်ပြဲ (Robespierre) ကြီးစိုးတဲ့ဂိုဏ်းက လူပေါင်းလေးသောင်းလောက်ကို သတ်ဖြတ်လိုက်တယ်။ အတွေးအခေါ် တော်လှန်ရေးသမားတွေ ပုန်းအောင်းနေရတဲ့ကာလဖြစ်တယ်။ မသေဘဲ ကျန်ရစ်သူတွေကတော့ ရောဗစ်ပြဲကို သွေးဆာနေတဲ့ အာဏာရှင်အဖြစ် ရှုတ်ချကြတယ်။
* ရောဗစ်ပြဲအသတ်ခံရတော့မှပဲ အတွေးအခေါ်တော်လှန်ရေးသမားတွေ ခေါင်းထောင်လာနိုင်တယ်။ အတွေးအခေါ်တော်လှန်ရေးသမားတွေထဲမှာ (၁၇) ရာစုပညာရှင် ဘာရော့ခ်စပင်နိုဇာ (Baruch Spinoza) ကို သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဂျော်နသန်အစ္စရေးက မှတ်တမ်းတင်ထားတယ်။ စပင်နိုဇာရဲ့ အယူအဆတွေဟာ (၁၈) ရာစုနဲ့ (၁၉) ရာစုအထိ သြဇာလွှမ်းမိုးနိုင်တာတွေ့ရတယ်။ ဒီကနေ့လက်ခံထားကြတဲ့ လစ်ဘရယ်ဒီမိုကရေစီသဘောတရားတွေကို အတွေးအခေါ်တော်လှန်ရေးသမားတွေက အုတ်မြစ်ချခဲ့တာဖြစ်ကြောင်း ဂျော်နသန်အစ္စရေးက မှတ်တမ်းတင်ထားပါတယ်။
* ကျနော်တို့ကျောင်းသားဘ၀မှာ တွမ်ပိန်းကိုသာ ကြားဖူးတယ်။ ပြင်သစ်က အတွေးအခေါ်တော်လှန်ရေးသမားတွေအကြောင်း မကြားဖူးပါ။ ကျနော်တို့ကို စာသင်ကြားပို့ချတဲ့ ဆရာဆရာမတွေလည်း ကြားဖူးဟန်မတူပါ။ ဒါကြောင့် ဂျော်နသန်အစ္စရေးရဲ့ အတွေးအခေါ်တော်လှန်ရေးကို လက်ကမချနိုင်အောင် ဖတ်မိတယ်။ ဒီမိုကရေစီရေးအတွက် အလွန်အဖိုးတန်တဲ့စာအုပ်ဖြစ်လို့ မြန်မာလိုအကျဉ်းချုပ် ပြန်ရေးမိတယ်။ အမေရိကန်တော်လှန်ရေးဟာ နယ်သစ်မှာ ဆင်နွှဲရတာမို့ အဟန့်အတား အနှောင့်အယှက် မရှိသလောက်ပါပဲ။ ပြင်သစ်တော်လှန်ရေးကတော့ ရှေးဟောင်းအစဉ်အလာ အယူသီးမှုတွေနဲ့ ထိပ်တိုက်တွေ့ရတာမို့ ရည်ရွယ်ချက်ကို ချက်ချင်းအကောင်အထည် မပေါ်နိုင်ဘဲဖြစ်သွားရတယ်။ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားပြီး အနှစ် (၈၀) ကျော်ကြာတော့မှ ခေတ်သစ်ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ တတိယသမ္မတနိုင်ငံကို တည်ဆောက်နိုင်တယ်။
* ဒီမိုကရေစီခရီးရှည် ချီတက်နေစဉ်မှာ စစ်အာဏာရှင်စနစ်နဲ့ဘုရင်စနစ် ပြန်လည်ခေါင်းထောင်တဲ့ အချိန်အခါတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ လူတစုကြီးစိုးတဲ့ ဘုရင်စနစ်ပျောက်ကွယ်သွားပြီး အတွေးအခေါ်တော်လှန်ရေးသမားတွေရဲ့ အယူအဆအောင်ပွဲခံသွားတယ်။ ဒီအကြောင်းကို ပြင်သစ်ပြည်မှာ နေထိုင်ပြီး ပြင်သစ်ဘာသာစကားကျွမ်းကျင်တဲ့ မြန်မာလူငယ်တွေက လေ့လာပြီး တဆင့်ဖြန့်ဝေမယ်ဆိုရင် အလွန်အကျိုးရှိမယ်လို့ ယုံကြည်တယ်။ မိမိတိုင်းပြည် တိုးတက်ဖွံ့ဖြိုးလာတာကို မြင်ချင်တဲ့ ပြည်ချစ်ပုဂ္ဂိုလ်ဟာ သူများနိုင်ငံတွေရဲ့သမိုင်းကို နားလည်သဘောပေါက်ဖို့လိုတယ်။
* သမိုင်းကပေးထားတဲ့ သင်ခန်းစာကိုနားလည်ရင် သူများကြုံတွေ့ခဲ့ရတဲ့အမှားကို ရှောင်နိုင်တာမို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာ မကြန့်ကြာဘဲ မနှေးအမြန် လုပ်နိုင်ပါလိမ့်မယ်။ သမိုင်းဖြစ်ရပ်တခုက သင်ခန်းစာထုတ်ယူပြီး အခြားတခုမှာ အသုံးပြုတာဟာ အခုခေတ်မှာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ ဒီလိုဂရုတစိုက် သင်ခန်းစာယူထားတာတောင် သတိလစ်သွားလို့ မျှော့်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့ သာဓကတွေ အများကြီးရှိတယ်။ ဥပမာ ၁၉၁၇ ခုနှစ် ရုရှားပြည်မှာ ကွန်မြူနစ်တော်လှန်ရေး ဖြစ်ပွားတော့ ပြင်သစ်တော်လှန်ရေးကပေးတဲ့ သင်ခန်းစာကို ကောင်းစွာသတိရနေခဲ့ကြတယ်တဲ့။ ပြင်သစ်တော်လှန်ရေးက အာဏာရှင်နပိုလီယံကို မွေးထုတ်လိုက်သလို ရုရှားတော်လှန်ရေးက အာဏာရှင်မွေးထုတ်လိုက်မှာကို အထူးစိုးရိမ်ခဲ့ကြပါတယ်။ ဒီလိုသမိုင်းကပေးတဲ့ သင်ခန်းစာကို သတိထားနေတာတောင် ရုရှားမှာ အာဏာရှင်စတာလင် ပေါ်ထွက်လာခဲ့တယ်။
* သေဆုံးသွားတဲ့ မျိုးဆက်တွေထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာတွေဟာ အသက်ရှင်နေသူတွေရဲ့ စိတ်သဘာဝကို အိပ်မက်ဆိုးကြီးလို ဖိစီးနေတယ်လို့ Karl Marx က The 18th Brumaire of Louis Bonaparte (ဘရူးမဲရား လူးဝီဘိုးနာပတ်) ဆိုတဲ့ စာတမ်းမှာ ရေးထားတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ ပြင်သစ်တော်လှန်ရေးထဲက အာဏာရှင်စနစ်ပေါ်လာပုံကို လေ့လာတာပါပဲ။ ပြင်သစ်တော်လှန်ရေးပြက္ခဒိန်မှာ ၁၇၉၉ နိုဝင်ဘာ (၉) ရက်နေ့ကို ဘရူးမဲရား (၁၈) ရက်နေ့လို့ခေါ်တယ်။ အဲဒီနေ့မှာ နပိုလီယံက စစ်အာဏာသိမ်းတဲ့အတွက် ပြည်သူ့တော်လှန်ရေးဟာ အာဏာရှင်ဘုရင်စနစ်အဖြစ် အသွင်ပြောင်းသွားရတယ်။
* သမိုင်းကပေးတဲ့ သင်ခန်းစာကို နားလည်သဘောပေါက်ပြီး အနာဂတ်ကို ခန့်မှန်းနိုင်မယ်ဆိုရင် သမိုင်းသံသရာလည်စရာ အကြောင်းမရှိပါဘူး။ သမိုင်းကပေးတဲ့ သင်ခန်းစာကို နားမလည်သူဟာ မှားပြီးခဲ့တာကိုပဲ ထပ်ခါတလဲလဲလုပ်နေလို့ သမိုင်းသံသရာက မထွက်နိုင်တာပါပဲ။ ဒါဟာ အမှန်တရားကို မမြင်နိုင်တာနဲ့ အတူတူပါပဲ။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလသုံးပါးဟာ ဆက်နေတယ်။ အတိတ်နဲ့ အနာဂတ်ကို ပစ္စုပ္ပန်က ဆက်ထားတယ်လို့လည်း သမိုင်းဆရာတွေက ပြောလေ့ရှိတယ်။ အတိတ်က ပစ္စုပ္ပန်ကို ဖန်တီးပြီး ပစ္စုပ္ပန်က အနာဂတ်ကို ဖန်တီးတဲ့ဖြစ်စဉ်ပါပဲ။ အသိဉာဏ်ပွင့်လင်းနိုင်ကြပါစေ။






0 comments:
Post a Comment