Tuesday, November 15, 2011

ဗိုလ်ချူပ်ပြောတဲ့ ညီညွတ်ရေး

ဗိုလ်ချူပ်အောင်ဆန်း ပြောတဲ့ ညီညွတ်ရေး။

ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့ လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့ အကြောင်းကို သရုပ်ပြထားတယ်။ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့  ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်မှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့  တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။

အဲဒီတော့က ကျွန်တော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့  အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့ အကျိုး၊ တူညီတဲ့ အလုပ်၊ ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့ အကျိုး၊ တိုင်းသူပြည်သားတွေ ရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်။

ပါးစပ်က ပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့ မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲါးမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။


ပင်လုံစာချူပ်အား ဗိုလ်ချူပ်အောင်ဆန်း လက်မှတ်ရေးထိုးနေစဉ်။

စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ပေါ်ပေါက်စေခဲ့သော ပင်လုံစာချူပ်အား ဗိုလ်ချူပ်အောင်ဆန်း လက်မှတ်ရေးထိုးနေစဉ်။



စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ပေါ်ပေါက်စေခဲ့သော ပင်လုံစာချူပ်အား ဗိုလ်ချူပ်အောင်ဆန်း လက်မှတ်ရေးထိုးနေစဉ်။

(၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့  - ပြည်ထောင်စုနေ့ )။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ် (မြန်မာဘာသာ)။

မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ချင်းတောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင် တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ် များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။

ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်း မတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီ စေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ များ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်း မရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီ
အစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော်အစိုးရ

(ပုံ) အောင်ဆန်း

၁၂-၂-၄၇

ကချင်ကော်မတီ

ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီးနား)

ဇော်ရစ် (မြစ်ကြီးနား)

ဒိန်ရတန် (မြစ်ကြီးနား)

ဇော်လ (ဗန်းမော်)

ဇော်လွန်း (ဗန်းမော်)

လဗန်းဂရောင်း (ဗန်းမော်)

ချင်းကော်မတီ

ဦးလွှာမှုန်း (အေတီအမ်။ အိုင်တီအက်(စ်)အမ်၊ ဖလမ်း)။

ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)။

ဦးကွယ်မန်း (အေတီအမ်၊ ဟားခါး)။

ရှမ်းကော်မတီ

ခွန်ပန်းစိန် (တောင်ပိုင်းစပ်ဖလုံ)၊

စပ်ရွှေသိုက် (ညောင်ရွှေစပ်ဖလုံ)၊

စပ်ဟုံဖ (မြောက်ပိုင်းသိန္နီစပ်ဖလုံ)၊

စပ်နွံ (လဲချား၊စပ်ဖလုံ)၊

စပ်စံထွန်း (မိုင်းပွန်စပ်ဖလုံ)၊

စပ်ထန်းအေး (သာမိုင်းခမ်းစပ်ဖလုံ)၊

ဦးဖြူ (သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်)၊

ခွန်းဖုံး (မြောက်ပိုင်းသိန္နီ)၊

ဦးတင်ဧ၊

ဦးထွန်းမြင့်၊

ဦးကြာပု၊

ဦးခွန်စော၊

စပ်ရစ်ဖ၊

ဦးခွန်ထီး။

ပင်လုံရှုခင်း (၁၉၄၇)။



ဆောင်းအကုန် နွေအကူး ကြည်နူးစရာ ဥတုမသ အခါသမယဖြစ်သည့် ကမ္ဘောဇတိုင်း၊ လဲချားမြို့နယ် ပင်လုံမြို့ကလေး၏ နံနက်ခင်းမှာ အထူးပင် သာယာရှုမောဖွယ်ကောင်းနေပါသည်။

“နှင်းငွေကျံ လေပြန်လောင်းလို့ ညှာညောင်းကြွေလု စုံတစ်ခွင်” ဟူသော မြ၀တီ မင်းကြီး၏လက်ရာ “ရ၀ိန်ဒေါင်းယဉ်ပျံ” ပတ်ပျိုးသီချင်းမှ အပိုဒ်ကို အထူးသတိရဖွယ်ကောင်းလှသော အခါကာလလည်း ဖြစ်ပါသည်။

ထို့နေ့ကား (၁၉၄၇) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တည်း။

ဖေဖော်ဝါရီလ ၁၃-ရက် နေ့ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းအသက် (၃၂) နှစ်တင်းတင်းပြည့် မွေးနေ့  ဖြစ်သည်။ သို့သော် သူ့အဖို့ ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့သည်လည်း သူ၏ဘ၀တွင် အရေးကြီးဆုံး နေ့တစ်နေ့ ဖြစ်နေသည်။ အကြောင်းမူကား ထိုနေ့သည် ပြည်ထောင်စုပုံစံဖြင့် လွတ်လပ်သော ဗမာနိုင်ငံတော်ဖြစ်ပေါ်စေသည့် သမိုင်းဝင် ပင်လုံညီညွတ်ရေးစာချုပ်ကြီး လက်မှတ်ရေးထိုးကြရမည့်နေ့ ပင်ဖြစ်သောကြောင့်ပေတည်း။

ထိုနေ့ (၁၂ - ၂ - ၁၉၄၇) နေ့ နံနက်ခင်းက ပင်လုံမြို့ကလေး၏ ရှုခင်းမှာ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း သောတာလင်္ကာရတေးတစ်ပုဒ်ဖြစ်သော “ရ၀ိန်ဒေါင်ယဉ်ပျံ” ပတ်ပျိုးသီးချင်းမှ “နှင်းငွေကျံ လေပြန်လောင်းလို့” ချီအပိုဒ်ထဲကလို ငွေနှင့်မှုန်မှုန်ဖြင့် သာယာကြည်နူးဖွယ်ကောင်းနေလင့်ကစား ကျွန်တော်၏ စိတ်ထဲတွင်မူ ပင်လုံ ညီညွတ်ရေးစာချုပ်ကြီး အောင်မြင်စွာ လက်မှတ်ရေးထိုးပြီးသည့် အချိန်မရောက်သေးသဖြင့် ၀မ်းမြောက်ကျေနပ်ခြင်း မဖြစ်နိုင်သေးဘဲ သဘာဝမိခင်က အထူးတလည်ခြယ်မှုန်းပေးထားသည့် ပင်လုံရှုခင်းလှပမှု အရသာကို ကောင်းစွာ မခံစားနိုင်ဘဲ ဖြစ်နေပါသည်။

အထူးတလည် စီမံဆောက်လုပ်ထားသော စာချုပ်လက်မှတ်ထိုးကြမည့် မဏ္ဍပ်ကြီးအတွင်းသို့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကျွန်တော်တို့ ပြည်မမှ ဗမာကိုယ်စားလှယ် ခုနှစ်ဦးစလုံးရောက်ရှိနေချိန်အထိ ကျွန်တော်သည် စိတ်ထဲမှ ကြိတ်၍ စိုးရိမ်နေဆဲ ဖြစ်ပါသည်။

ထို့ပြင် ပင်လုံစာချုပ် ဖြစ်မြောက်ရန် မည်သူမှ စိတ်ကူးယဉ် အိပ်မက်ပင် မမက်ကြသောအချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း၏ “ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ တိုင်းရင်သား စည်းလုံးညီညွတ်ရေး” အထူးကြိုးစားတည်ဆောက်ခဲ့ပုံများကိုပါ ပြန်လည်သတိရ မြင်ယောင်နေမိပါသည်။

(၁၉၄၂) ခုနှစ်က သာဓကတစ်ခုကို တင်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် “ဗိုလ်မိုးကြိုး” ခေါ် ဂျပန် ဗိုလ်မှူးကြီး ဆူဇူကီး (ရဲဘော်သုံးကျိပ်အား စစ်ပညာသင်ကြားပေးခဲ့သည့် “မီနာမီကီကန်” အဖွဲ့အကြီးအကဲ) တို့ ဦးစီးကွပ်ကဲသော ဗမာ့လွတ်လပ်ရေး (ဘီအိုင်အေ) တပ်မတော်နှင့် ဂျပန်ဘုရင့်တပ်မတော် တပ်မဟာ (၃၃) တို့ ပူးတွဲစစ်ကြောင်းသည် ရန်ကုန်မြို့တော်ကို (၁၉၄၂) ခုနှစ် မတ်လ (၈) ရက်နေ့က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲကြောင်းကို ယနေ့ လူကြီးပိုင်းအရွယ် ပုဂ္ဂိုလ်များက မှတ်မိကြမည် ထင်ပါသည်။

ဗြိတိသျှနယ်ချဲ့စစ်တပ်များသည် ရန်ကုန်မြို့ကို စွန့်ခွာနောက်ဆုတ်ပြေးခဲ့သော်လည်း ခံစစ်သဘော ဆက်လက်တိုက်ရင်း ဆုတ်နေသဖြင့် ဘီအိုင်အေတပ်များ အထက်ဗမာနိုင်ငံသို့ ဆက်လက်ချီတက်ရန်အတွက် စစ်သည်အင်အား မလုံမလောက် ဖြစ်နေပါသည်။ ထိုစဉ်က ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် အင်အား သုံးထောင်ခန့်သာရှိသဖြင့် နောက်ထပ် စစ်သည်အင်အား တော်တော်များများ ဖြည့်တင်းရန် လိုနေရာ သန်စွမ်းသော လူငယ်များအား “ဘီအိုင်အေ” တပ်မတော်သို့ ၀င်ရောက်အမှုထမ်းရန်အတွက် စစ်သားသစ် စုဆောင်းရန် စီစဉ်ပါသည်။ ရသမျှ စစ်သားသစ်များအား ရန်ကုန်မှာပင် အမြန်လေ့ကျင့်သင်ကြားပေးပြီး အထက်ဗမာနိုင်ငံသို့ ဆက်လက်ချီတက် တိုက်ခိုက်ရန် ရည်ရွယ်ပါသည်။

ယင်းသို့ စစ်သားစုဆောင်းရေးအတွက် စည်းရုံးလှုံ့ဆော်ချက် စာတမ်းတစ်စောင်ကို (၁၉၄၂) ခုနှစ် မတ်လ (၃၁) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မူကြမ်းရေးပြီး ရန်ကုန်အရှေ့ပိုင်း၊ ဗိုလ်ချုပ်လမ်း (ရေကျော်) ရှိ ဗမာပိုင် အင်္ဂလိပ် သတင်းစာ “နယူးဘားမား” သတင်းစာတိုက်တွင် စောင်ရေ အမြောက်အမြား ပုံနှိပ်၍ ဖြန့်ဝေခဲ့ပါသည်။

စာတမ်းအောက်တွင် “ဗိုလ်ချုပ် ဗိုလ်တေဇ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်” ဟု ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ဝှက်ကို ဖော်ပြထားပါသည်။

ယင်းစာတမ်းတွင် အပိုဒ် (၁၀) ပိုဒ် ပါရှိရာ ဤဆောင်းပါးနှင့် တိုက်ရိုက်သက်ဆိုင်သော အပိုဒ် (၆) နှင့် အပိုဒ် (၈) တို့ကိုသာ ထုတ်နှုတ်ဖော်ပြလိုပါသည်။

အပိုဒ် (၆) ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဗမာတိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှု့ရရှိအောင် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်၏။ လွတ်လပ်ရေး လိုလားသူတို့ တစည်းတလုံးတည်း ရှိအောင် လုပ်မည် ဖြစ်၏။

အပိုဒ် (၇) ဗမာလွတ်လပ်ရေးတပ်မတော်သည် ရှမ်း၊ ချင်း၊ ကချင်စသော တိုင်းရင်းသားလူမျိုးစုများနှင့် တစ်သွေးတည်း တစ်စိတ်တည်း ရှိ၏။ ဗမာတိုင်းရင်သားအားလုံး တန်းတူရည်တူ အခွင့်အရေး ရရှိစေမည် ဖြစ်၏။

စာတမ်း၏ နောက်ဆုံးအပိုဒ်တွင် “ထို့ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ အလုံးအရင်းနှင့် ၀င်ကြ လော့” ဟု အဆုံးသတ်ထားပါသည်။

စာတမ်းအရေးအသားကို လေ့လာကြည့်ပါက ဗိုလ်ချုပ်အောင်ဆန်း၏ ၀ါသနာအတိုင်း၊ ၀ါကျတည်ဆောက်ပုံနှင့် တိုတိုနှင့် လိုရင်းကို တိကျပြတ်သားစွာ ရေးထားပုံကို သတိပြုမိမည်ဖြစ်ပြီး၊ သူ၏ စိတ်နေစိတ်ထားနှင့် စရိုက်ကို ပေါ်လွင်စေသည် ဖြစ်ပါသည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ “ပြည်ထောင်စုစိတ်ဓါတ်” နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိကအင်အားအဖြစ် တည်ဆောက်လိုစိတ်ကိုပါ ထိုအချိန်အခါ (၁၉၄၂) ခုနှစ်ကပင် ထင်ရှားစေခဲ့ပါသည်။

(၁၉၄၂) ခုနှစ်၊ ဧပြီလဆန်းတွင် မြစ်ဝကျွန်းပေါ်ဒေသ၌ ဖြစ်ပွားခဲ့သော ကရင်-ဗမာ ပဋိပက္ခအရေးအခင်း ပိုမိုကြီးထွားလာမည့် အန္တ့ရာယ်ကို မြင်သူ ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကရင်ခေါင်းဆောင်များနှင့် နားလည်မှုယူကာ ငြိမ်းချမ်းရေးကို မဖြစ်မနေရရှိအောင် ကြိုးစားခဲ့သည်။

(၁၉၄၃ - ၄၅) နှစ်အတွင်း တိုင်းရင်းသားလူမျိုးစု လူငယ်များကို စည်းရုံးပြီး ဗမာ့တပ်မတော်တွင် ၀င်ရောက် အမှုထမ်းစေခဲ့ပုံ၊ စစ်ပြီးခေတ် (၁၉၄၅) တွင်လည်း ဗြိတိသျှနယ်ချဲ့သမားထံမှ လွတ်လပ်ရေးကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအင်အားဖြင့် မရ ရအောင် ယူမည်ကို အကြိမ်ကြိမ် ကြွေးကြော်ခဲ့ပြီး (၁၉၄၇) ခုနှစ် ဇန်န၀ါရီ လဆန်း (၂) ရက်နေ့က အင်္ဂလန်နိုင်ငံသို့ ဗမာ့လွတ်လပ်ရေးအတွက် အရေးဆိုရန် ခရီးထွက်ချိန် မတိုင်မီရက်ပိုင်းများအထိ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဒေသအနှံ့အပြားသို့ အပင်ပန်းခံ သွားရောက်ဟောပြောစည်းရုံးခဲ့ပုံ စသော အတိတ်မှ အရိပ်များကို ကျွန်တော်သည် ပင်လုံမြို့ရှိ မဏ္ဍပ်ကြီးအတွင်း ထိုင်နေရင်း ပြန်ပြောင်းစဉ်းစားနေမိပါသည်။

စောစောပိုင်းက ချီတုံချတုံနှင့် တွေဝေနေသူ လူမျိုးစုခေါင်းဆောင် (ရှမ်းစော်ဘွားနှင့် ကချင်ဒူးဝါး) အချို့သည် ယမန်နေ့  (၁၁ - ၂ - ၁၉၄၇) ညနေဘက်က ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းပြချက်ကို သဘောတူ လက်ခံခဲ့ကြသော်လည်း၊ နောက်တစ်နေ့  (၁၂ - ၂ - ၁၉၄၇) နံနက် တကယ်တမ်း စာချုပ်လက်မှတ်ရေးထိုးရချိန်တွင် လက်မှတ်ထိုးကြပါ့မလားဟု စိုးရိမ်နေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကတော့ ယမန်နေ့  (၁၁ - ၂ - ၁၉၄၇) ရက်နေ့ ညနေက လူမျိုးစုခေါင်းဆောင်များအား ရှင်းလင်း ပြောပြပြီးချိန်မှစ၍ သူတည်ဆောက်ရန် မျှော်မှန်းထားသည့် “ပြည်ထောင်စုကြီး” ဧကန်မုချ အကောင်အထည်ပေါ်လာတော့မည်ဟု တစ်ထစ်ချ ယုံကြည်ထားဟန်ဖြင့် မျက်နှာထား ရွှင်လန်းနေပုံရပါသည်။

ကြိုတင်သတ်မှတ်ထားသည့် အချိန်ဖြစ်သော နံနက် (၁၀) နာရီထိုးသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်ရာမှထ၍ စားပွဲကြီးပေါ်တွင် အသင့်တင်ထားသော စာချုပ်ရှိရာသို့ သွက်လက်စွာ လျှောက်သွားပြီး၊ သူ၏ အင်္ကျီအိတ်မှ သူကိုင်နေကျ “ပါကား” အမျိုးအစား PARKER VACUMATIC ဖောင်တိန်အဟောင်းကို ထုတ်ယူကာ ဗမာပြည်မကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် ထိပ်ဆုံးမှ စတင် လက်မှတ်ထိုးလိုက်ပါသည်။

ထိုအချိန်အထိ ကျွန်တော်သည် ကျန်လူမျိုးစုခေါင်းဆောင်များ လက်မှတ်ထိုးပါ့မလားဟု စိတ်ထဲမှ စိုးရိမ်နေဆဲ ဖြစ်ပါသည်။

သို့သော် ကျွန်တော် စိုးရိမ်သလို မဖြစ်ဘဲ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် စုစုပေါင်း (ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်) (၂၂) ဦးတို့သည် တစ်ယောက်ပြီး တစ်ယောက် အောက်ပါအစီအစဉ်အတိုင်း လက်မှတ်ထိုးလိုက်ကြတော့သည်။

၁။ ဗိုလ်ချုပ်အောင်ဆန်း (ဗမာပြည်မခေါင်းဆောင်)၊

၂။ စ၀်ခွန်ပန်ဆိုင်း (တောင်ပိုင်းစော်ဘွား)၊

၃။ စ၀်ရွှေသိုက် (ညောင်ရွှေစော်ဘွား)၊

၎။ စ၀်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)၊

၅။ စ၀်နန်း (လဲချားစော်ဘွား)၊

၆။ စ၀်ထွန်းအေး (သာမခမ်းစော်ဘွား)၊

၇။ ဦးခွန်ပန်း (လူထုကိုယ်စားလှယ်၊ မြောက်ပိုင်းသိန္နှီ)၊

၈။ ဦးတင်အေး (လူထုကိုယ်စားလှယ်၊ တောင်ကြီး)၊

၉။ ဦးကြာပု (လူထုကိုယ်စားလှယ်၊ သီပေါ)၊

၁၀။ စ၀်ယစ်ဖ (လူထုကိုယ်စားလှယ်၊ သီပေါ)၊

၁၁။ ဆမားဒူဝါဆင်ဝါးနောင် (ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား)၊

၁၂။ ဒူးဝါးဇော်ရစ် (ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား)၊

၁၃။ ဦးခွန်ထီး (လူထုကိုယ်စားလှယ်၊ ပင်လုံ)၊

၁၄။ ဦးထွန်းမြင့် (လူထုကိုယ်စားလှယ်၊ မောက်မယ်)၊

၁၅။ ဦးခွန်စော (လူထုကိုယ်စားလှယ်၊ ပင်းတယ)၊

၁၆။ ဦးဖြူ (ကျိုင်းတုံ စော်ဘွားကိုယ်စားလှယ်)၊

၁၇။ ဦးဒိန်ရတန် (ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား)၊

၁၈။ ဒူးဝါးဇော်လွန်း (ကချင်ကိုယ်စားလှယ်၊ ဗန်းမော်)၊

၁၉။ ဦးလဘန်ဂရောင်း (ကချင်ကိုယ်စားလှယ်၊ ဗန်းမော်)၊

၂၀။ ဦးလှူမှုန် (ချင်းကိုယ်စားလှယ်၊ ဖလန်း)၊

၂၁။ ဦးသောင်ဇာခုတ် (ချင်းကိုယ်စားလှယ်၊ တီးတိန်)၊

၂၂။ ဦးဝမ်ကိုဟော (ချင်းကိုယ်စားလှယ်၊ ဟားခါး)။

ကျွန်တော့်အနေဖြင့် စောစောက စိုးရိမ်မိခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံသို့ သွား၍ လွတ်လပ်ရေးအတွက် ဆွေးနွေးအရေးဆိုနေခိုက် ဗမာပြည်ရှိ တောင်တန်း ဒေသအုပ်ချုပ်ရေးဌာနမှ မျက်နှာဖြူအရာရှိများ၊ သာသနာပြုဆရာအယောင်ဆောင် ဗြိတိသျှနယ်ချဲ့လက်ပါးစေများက တိုင်းရင်သားလူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် စည်းရုံးကာ သွေးခွဲမှုကြောင့် ရှမ်းနှင့် ကချင်ခေါင်းဆောင်အချို့  တွေဝေနေသဖြင့် ပင်လုံစာချုပ် တကယ်လက်မှတ်ရေးထိုးကြမည့် (၁၂ - ၂ - ၁၉၄၇) နေ့တွင် လက်မှတ် မထိုးဘဲ နေကြမည်ကို စိုးရိမ်မိခြင်း ဖြစ်ပါသည်။
သို့ရာတွင် (၁၁ - ၂ - ၁၉၄၇) နေ့က ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရှင်းလင်းဆွေးနွေးချက်ကို အားလုံးသဘောပေါက် လက်ခံလိုက်ကြသဖြင့် ဗြိတိသျှတို့ မျှော်လင့်သလို မဖြစ်ဘဲ ပင်လုံစာချုပ်လက်မှတ်ရေးထိုးပွဲ ထမြောက် အောင်မြင်သွားခဲ့ပါသည်။
တစ်နည်းအားဖြင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များက ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို လက်ခံလျက် ပြည်ထောင်စုပုံစံဖြင့် လွတ်လပ်သော သမ္မတနိုင်ငံတော်သစ်ကို တည်ထောင်လိုက်ကြသည့် သဘောပင် ဖြစ်သည်။
နှစ်ပရိစ္ဆေဒအားဖြင့် ကြာသွားပြီဖြစ်သော်လည်း (၁၉၄၇) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က “ပင်လုံရှုခင်း” ကို ပြန်လည်သတိရမြင်ယောင်နေမိပါသတည်း။

(တက္ကသိုလ်နေ၀င်းရေးသားခဲ့သော “ပြည်ထောင်စုဗိသုကာ ဗိုလ်ချူပ်အောင်ဆန်း” စာအုပ်မှ ပြန်လည်ကောက်နှုတ်ဖေါ်ပြခြင်း ဖြစ်ပါသည်)။ http://www.niknayman-niknayman.co.cc/

0 comments:

Post a Comment